စစ်တပ်နှင့် မြေယာ အငြင်းပွားမှုဖြစ်နေသည့် မြန်ပြည်သာရွာသားများအခြေအနေ

မြန်ပြည်သာ ကျေးရွာသည် မန္တလေးတိုင်း ပြင်ဦးလွင်မြို့နယ် ရဲရွာ-ကျောက်ချော (၁၆) မိုင် ကားလမ်းဘေးရှိ ရွာတစ်ရွာ ဖြစ်သည်။ အဆိုပါ ကျေးရွာရှိ ရွာသားအများစု လက်လုပ်၊လက်စား အခြေခံလူတန်းစားများဖြစ်ကြပြီး အများစုမှာ ပန်းရံ၊လက်သမား အလုပ်များကို လုပ်ကိုင် စားသောက်ကြသူများ ဖြစ်ကြပါသည်။


အဆိုပါ ကျေးရွာနေရာရှိရာ မြေဧက (၆၅) ဧကကို တောင်သူ ဦးလှအောင်ဆီမှ ဒေါ်အေးအေးခိုင်မှ စာရွက်စာတမ်းဖြင့် ဝယ်ယူခဲ့ပြီး ပေ (၃၀*၄၀)၊(၄၀*၆၀) ကို (၅) သိန်း (၇) သိန်းဖြင့်အကွက်ရိုက် ရောင်းချ ခဲ့ခြင်း ဖြစ်သည်။ ထို့နောက် အဆိုပါ နေရာကို ရွာအဖြစ် စတင်တည်ထောင်ကာ ကျေးရွာမြေ အဖြစ် ချထားပေးရန် (၂၀၁၅) ခုနှစ် ဒီဇင်ဘာလ အတွင်းက ပြည်ထဲရေး ဝန်ကြီဌာနအပါအဝင် သက်ဆိုင်ရာ ဝန်ကြီးဌာန အသီးသီးကိုလည်း စာတင်ထားကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရပါသည်။


ထိုကဲ့သို့ စာတင်ထားသော်လည်း (၂၀၁၆) ခုနှစ် ဇန်နဝါရီလအတွင်းတွင် အဆိုပါနေအိမ်များသည် နိုင်ငံတော်ပိုင် မြေများကို ခွင့်ပြုချက်မရှိ နေထိုင်သည့် အတွက်ကြောင့် အဆိုပါ နေရာရှိ နေအိမ် (၁၅၇) အိမ်အား ဇန်နဝါရီလ (၂၀) ရက်နေ့ နောက်ဆုံးထား ဖယ်ရှားရန် အကြောင်းကြားလာသော်လည်း ဖယ်ရှားပေးခြင်း မရှိခဲ့ပါ။ ထို့အတွက်ကြောင့် (၂၀၁၆) ခုနှစ် မတ်လ (၂၃) ရက်နေ့က စစ်တပ်အပါအဝင် လုံခြုံရေး အင်အား (၃၀၀) ခန့်က လက်နက်အင်အားများဖြင့် ရွာရှိ အိမ်ခြံစည်းရိုးများ ဘူဒိုဇာများဖြင့် ထိုးကာ ဖျက်ဆီးသွားခဲ့သေးသည်ဟု အဆိုပါ ကျေးရွာရှိ သုခမင်္ဂလာ ကျောင်းတိုက် ဆရာတော် ဦးဣဠသာရက မိန့်ပါသည်။


ထို့ကဲ့သို့ ပြဿနာများရှိနေသည့်ကြားကပင် ရွာသားများက ကျေးရွာမီးလင်းရေးအတွက် ကိုယ်ထူကိုယ် ထရန်စဖော်မာ ဝယ်ယူကာ လျှပ်စစ်မိးရရှိရန် မန္တလေးလျှပ်စစ် ဓာတ်အားပေးကော်ပရေးရှင်းသို့ လျှောက်ထားခဲ့ရာ (၂၀၁၈) ခုနှစ် ဇွန်လ(၅) ရက်နေ့တွင် ခွင့်ပြုကြောင်း စာကို ကျေးရွာမီးလင်းရေးကော်မတီသို့ လက်ခံရရှိခဲ့သည်။ သို့သော်လည်း (၂၀၁၈) ခုနှစ် စက်တင်ဘာလ (၈) ရက်နေ့တွင်မူ ၎င်း ဓါတ်အားလိုင်းများသွယ်တန်းခြင်း နှင့် ဓါတ်အားပေးခြင်း ကိစ္စသည် တရားမဝင်သည့်အတွက်ကြောင့် အဆိုပါ ဓါတ်ကြိုးများအား ဖြုတ်သိမ်းပေးရန် ပြင်ဦးလွင်မြို့ ခရိုင် လျှပ်စစ်မန်နေဂျာမှ ကျေးရွာ မီးလင်းရေး ကော်မတီ ဥက္ကဌသို့ အကြောင်းကြားစာပို့ခဲ့ပါသည်။


ထို့ကဲ့သို့ ပြသနာများအပြင်  မြန်ပြည်သာ ကျေးရွာအများစုသည် ပြဿနာများစွာ ရင်ဆိုင်ကြုံတွေ့နေရသည်။ ထို့ကဲ့သို့ ရင်ဆိုင်နေရသည့်အတွက်ကြောင့် ယခုနှစ် နိုဝင်ဘာလ (၂၆) ရက်နေ့ နံနက်ပိုင်းက မြန်ပြည်သာရွာဘေးရှိ ကျွဲနဖား ကြိုးဝိုင်းအတွင်းရှိ တောင်သူနေအိမ်များက နံနက် (၄) နာရီအချိန်ခန့်တွင် (၁၂၁) ထောက်ပံ့နှင့် ပို့ဆောင်ရေး တပ်ရင်း နို့စားနွား မွေးမြူရေး စီမံကိန်း ဧရိယာဆိုကာ ခြံစည်းရိုးခတ်ရာ အဆိုပါ နေအိမ်ရှိသူများ နှင့် စစ်တပ်အကြား ပဋိပက္ခဖြစ်ပွားခဲ့သည်။


ထိုသို့ ဖြစ်ပွားမှု အပြင် မြန်ပြည်သာ ကျေးရွာကိုပါ ဘူဒိုဇာနှင့် ထိုးကာ သိမ်းယူမည်ဟူသော ကောလဟာလ သတင်းများကြောင့် ရွာသားများသည် ရွာလုံခြုံရေးအတွက် စိုးရိမ်ကာ ယခုဆိုလျှင် အဆိုပါ ပဋိပက္ခဖြစ်ပွားသည့် နေရာ‌ဘေးတွင် ညအိပ်စောင့်နေသည်မှာ (၂)ညတိုင် ရှိနေပြီ ဖြစ်သည်။

Photo - Kaung Zaw Hein / MPA

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။