ဒဏ်ရာရပြီးပြုတ်ကျလာသော ဟိမဝန္တာလင်းတကြီးကို ထိန်းသိမ်းစောင့်ရှောက်ထား

ဒဏ်ရာရပြီးပြုတ်ကျလာသော ဟိမဝန္တာလင်းတကြီးကို ထိန်းသိမ်းစောင့်ရှောက်ထား

ပဲခူးတိုင်းဒေသကြီး(အရှေ့ခြမ်း) ညောင်လေးပင်မြို့နယ်၊ ပိန်းဇလုပ်မြို့ မြို့မ (၁) ရပ်ကွက် ရန်ကုန်-မန္တလေး ကားလမ်းဘေး အနီးရှိ ဒေသခံပြည်သူတစ်ဦး၏ နေအိမ်ခြံဝင်းအတွင်းသို့ ဇန်နဝါရီ (၁၁) ရက်၊ နံနက် (၁၀) နာရီခွဲခန့်က လင်းတငှက်ကြီးတစ်ကောင် ဒဏ်ရာရပြီး မပျံနိုင်တော့ဘဲ ပြုတ်ကျလာသည့်အတွက် ထိန်းသိမ်း စောင့်ရှောက်ထားကြောင်းသိရသည်။


photo-mirrordaily

အဆိုပါ လင်းတငှက်မှာ မြန်မာနိုင်ငံအတွင်း နေထိုင်သည့် ဌာနေ ငှက်မျိုး မဟုတ်ကြောင်း၊ ဆောင်းရာသီတွင် ဒေသပြောင်းရွှေ့ ကျက်စားသော ငှက်မျိုးစိတ်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံသို့ အိန္ဒိယမြောက်ဘက်မှ လာကြကြောင်း၊ ဟိမဝန္တာလင်းတ Himalayan Griffon အသားစားငှက် အမျိုးအစားဖြစ်ကြောင်း
သိရသည်။

လင်းတငှက်များသည် စွန့်ပစ်အသေကောင်သတ္တဝါများကို စားသုံးသည့်အတွက် ပတ်ဝန်းကျင်ကို သန့်ရှင်းပေးသကဲ့သို့ ယင်းအသေကောင်များမှ ဗိုင်းရပ်စ်များပျံ့နှံ့မှုကိုလည်း တားဆီးပေးရာ ရောက်ကြောင်း၊ ယင်းကြောင့် လင်းတငှက်များကို စည်ပင်သာယာ ငှက်ဟုပင် တင်စားခေါ်ဝေါ်ကြကြောင်း သိရသည်။

ထိုကဲ့သို့ ဆောင်းခိုငှက်များ လာရောက်ကျက်စားချိန်တွင် ငှက်များ ဘေးမဲ့ပေးရန်၊ ပစ်ခတ်ဖမ်းဆီးခြင်း၊ နှောင့်ယှက်ခြင်းမပြုကြရန်၊ ငှက်များတွင် တစ်စုံတစ်ခုသော အကြောင်းကြောင့် ဒဏ်ရာ အနာတရဖြစ်ပြီး မပျံသန်း၍ ပြုတ်ကျလာခြင်း၊ တွေ့ရှိဖမ်းဆီး ရမိခြင်းတို့ရှိပါက နီးစပ်ရာ သစ်တောဦးစီးဌာနများသို့ လည်းကောင်း၊ နေပြည်တော် သဘာဝဝန်းကျင်နှင့် သားငှက်တိရစ္ဆာန်ထိန်းသိမ်းရေး ဌာနခွဲသို့ ဆက်သွယ်သတင်းပေးပို့ကြပါရန် သစ်တောဦးစီးဌာနက အသိပေးကြေညာထားကြောင်း သိရသည်။ 

source-MRTV
Gabriel
WE Media

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။