
ကိုရီးယားစာချစ်သူတို့အကြိုက် ကင်ချီခေါက်ဆွဲကြော်
ကိုရီးယားကားလေးကြည့်ရင်း ကိုရီးယားစာ စားရတဲ့အချိန်တွေက ပြည့်စုံတဲ့ ခံစားမှုတွေကို ပေးစွမ်းနိုင်တယ်နော်။ အခုလည်း ကိုရီးယားစာချစ်သူတို့အကြိုက် ကင်ချီခေါက်ဆွဲကြော်နည်းလေးကို We Food ကနေ တင်ဆက်ပေးသွားမှာပါ။ ကင်ချီကို ထမင်းကြော်ချည်းပဲ ကြော်စားရတာရိုးလာရင်တော့ အခုလိုလေး ကြော်စားကြည့်ဖို့ အကြံပြုလိုက်ပါတယ်...
Photo Credit - oliver's market
ပါဝင်ပစ္စည်း
ခေါက်ဆွဲ - ၁ ပန်းကန်
ကင်ချီ - ထမင်းစားဇွန်း ၃ ဇွန်း
နှစ်သက်ရာအသား - ၁၅ ကျပ်သား
ကင်ချီအရည် - ထမင်းစားဇွန်း ၁ ဇွန်း
ကြက်သွန်မြိတ် - ၂ ပင်
ကြက်သွန်နီ - ၁ လုံး
နှမ်း - အနည်းငယ်
ကိုရီးယား ငရုတ်သီးမှုန့် (သို့) ငရုတ်သီးအစိမ်းမှုန့် - ထမင်းစားဇွန်း ၁ ဇွန်း
ကိုရီးယားငရုတ်သီးအနှစ် - ထမင်းစားဇွန်း ၁ ဇွန်း
Soy Sauce - ထမင်းစားဇွန်း ၁ ဇွန်း
နှမ်းဆီ - လက်ဖက်စားဇွန်း ၁ ဇွန်း
အရသာမှုန့် - အနည်းငယ်
ကြက်ဥ - ၁ လုံး
Photo Credit - reddit
ပြုလုပ်နည်းအဆင့်ဆင့်
- အရင်ဦးဆုံး အသားလေးတွေကို ဆား၊ ငရုတ်ကောင်းမှုန့် အနည်းငယ်နဲ့ နယ်ထားပေးပါ။
- ဂင်ချီလေးတွေကို ကတ်ကြေးလေးနဲ့ အနေတော်လေးတွေ ညှပ်ထားပေးနော်။
Photo Credit - seonkyoung longest
- ကြက်သွန်မြိတ်နဲ့ ကြက်သွန်နီလေးတွေကို ခပ်ကြီးကြီးလှီးထားပေးပါ။
- ကြက်ဥလေးကို Half-fried လေးကြော်ပြီး ဆယ်ကာ ဆီစစ်ထားပေးပါနော်။
- ဒယ်အိုးထဲမှာ ဆီအနည်းငယ်ထည့်ပြီး ကြက်သွန်နီထည့် ဆီသတ်ပေးပါ။
Photo Credit - ramen regret rater
- အသား၊ ကင်ချီ၊ ကင်ချီအရည်၊ ငရုတ်သီးအနှစ်၊ ငရုတ်သီးမှုန့်နဲ့ အရသာအတွက် အရသာမှုန့်၊ Soy Sauce တို့ထည့်ပြီး မွှေကာ ကြော်ပေးပါ။
- အသားလေးတွေ ကျက်လာပြီဆိုရင်တော့ ခေါက်ဆွဲလေးထည့်ကြော်ပေးပါနော်။
- အရည်လေးလည်းခမ်း အနံ့လေးလည်း မွှေးလာပြီဆိုရင်တော့ နောက်ဆုံးမှာ နှမ်းဆီလေးစမ်း၊ ကြက်သွန်မြိတ်နဲ့ နှမ်းလေးဖြူးပြီး မိနစ်အနည်းငယ်ကြာရင် အိုးကချလို့ရပါပြီ။
Photo Credit - blogger
- ပြီးရင်တော့ အရသာရှိတဲ့ ကင်ချီခေါက်ဆွဲကြော်လေးကို ကြက်ဥကြော်လေးနဲ့ အရသာရှိရှိ သုံးဆောင်နိုင်ပါပြီ။
(ရေညှိလေးပါဖြူးစားရင် ပိုကောင်းပါတယ်နော်)
Psyche (We Media)
Ref; Seonkyoung Longest's youtube
we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။