တရုတ်သံအမတ်က ဖမ်းဆီးထားသူများကို ပြန်လွှတ်ပေးရန် တိုက်တွန်း

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Mr. Chen Hai က လတ်တလော မြန်မာမှာ အခုလိုအခြေအနေ ဖြစ်ပေါ်လာတာကို တရုတ်နိုင်ငံက လုံးဝ မမြင်တွေ့လိုတဲ့အကြောင်း၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့်တို့  ဖမ်းဆီးခံရခြင်းအပေါ် များစွာဂရုပြုကြောင်း၊ ဖမ်းဆီးထားသူအားလုံးကို ချက်ချင်းလွှတ်ပေးရန် တိုက်တွန်းကြောင်း၊ မြန်မာနိုင်ငံ ပြည်သူများရဲ့ဆန္ဒနဲ့ အကျိုးစီးပွားနဲ့အညီ ညှိနှိုင်းဆွေးနွေးခြင်းနှင့် ပြန်လည်သင့်မြတ်ရေးကို အားပေးကြောင်း၊ လက်ရှိ မြန်မာနိုင်ငံ ပြည်တွင်းရဲ့အခြေအနေဟာ အရမ်းပြင်းထန်နေပြီး အတိုက်အခံပဋိပက္ခ အခြေအနေဟာလည်း ပိုပြီးပြင်းထန်လာနိုင်တဲ့အတွက် ဘက်အသီးသီးမှ စိတ်အေးအေးထားပြီး မိမိကိုယ်ကို ထိန်းချုပ်ပြီး ပဋိပက္ခကို ပြင်းထန်စေသော၊ အခြေအနေကို ပိုမိုပြင်းထန်စေသော ကိစ္စရပ်များကိုရှောင်ရှားဖို့ တရုတ်ဘက်မှ မျှော်လင့်ထားပြီး အကြမ်းမဖက်သင့်တဲ့အပြင် မြန်မာ ပြည်သူလူထုရဲ့ အခြေခံအခွင့်အရေးကို ထိန်းသိမ်းကာကွယ်ပေးရပါမယ်လို့ ပြောကြားသွားပါတယ်။

Photo Credit - cn.ecd.org

တရုတ်သံအမတ် ပြောထားတဲ့ အဖြေအပြည့်အစုံ

ဖေဖော်ဝါရီလ ၁၅ ရက်နေ့တွင် မြန်မာနိုင်ငံဆိုင်ရာတရုတ်သံအမတ်ကြီး Mr.Chen Hai က လက်ရှိမြန်မာနိုင်ငံအခြေအနေနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံမီဒီယာတို့၏ စာအားဖြင့်တွေ့ဆုံမေးမြန်းမှုကိုဖြေကြားခဲ့ပါသည်။ တွေ့ဆုံမေးမြန်းဖြေကြားမှု အပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

မေးခွန်း (၁) - လက်ရှိမြန်မာနိုင်ငံအခြေအနေကို တရုတ်နိုင်ငံက ဘယ်လိုရှုမြင်ပါသလဲ။

မြန်မာနိုင်ငံရဲ့ချစ်ကြည်ရင်းနှီးတဲ့ အိမ်နီးချင်းနိုင်ငံအနေနဲ့ တရုတ်နိုင်ငံက မြန်မာနိုင်ငံ လတ်တလောဖြစ်ပွားတဲ့ အခြေအနေကို များစွာဂရုပြုနေပါတယ်။ အချိန်ကာလတစ်ခုအတွင်းမှာ မြန်မာနိုင်ငံပြည်တွင်းမှာ ရွေးကောက်ပွဲဆိုင်ရာကိစ္စရပ်နဲ့ စပ်လျဉ်းပြီး အငြင်းပွားမှုတွေရှိတာကို ကျွန်တော်တို့ သတိထားမိပါတယ်။ ဒါပေမဲ့ ယခုအကြိမ် မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအခြေအနေ ပြောင်းလဲမှုဖြစ်ပေါ်တာနဲ့စပ်လျဉ်းပြီး ကျွန်တော်တို့ ကြိုတင်သိရှိထားခြင်း မရှိပါဘူး။

တရုတ်နိုင်ငံက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ၊ တပ်မတော် နဲ့ ချစ်ကြည်ရင်းနှီးတဲ့ ဆက်ဆံရေးရှိပါတယ်။ အခုလိုအခြေအနေ ဖြစ်ပေါ်လာတာကိုလည်း တရုတ်နိုင်ငံက လုံးဝ မမြင်တွေ့လိုပါဘူး။ မြန်မာနိုင်ငံ ဘက်အသီးသီးက ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ တရားဥပဒေမူဘောင်အတွင်းကနေ သဘောထား ကွဲလွဲမှုတွေကို ကောင်းမွန်စွာ ဖြေရှင်းပြီး နိုင်ငံရေးနဲ့ လူနေမှုအဖွဲ့အစည်းတည်ငြိမ်မှုကို ထိန်းသိမ်းဖို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်။

လတ်တလောမှာ ကုလသမဂ္ဂလုံခြုံရေးကောင်စီက ဆွေးနွေးမှု အကြောင်းထုတ်ပြန်ပြီး မြန်မာနိုင်ငံ အရေးပေါ်အခြေအနေ ကြေညာမှုနဲ့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့်တို့  ဖမ်းဆီးခံရခြင်းအပေါ် များစွာဂရုပြုကြောင်း၊ ဖမ်းဆီးထားသူအားလုံးကို ချက်ချင်းလွှတ်ပေးရန် တိုက်တွန်းကြောင်း၊ မြန်မာနိုင်ငံ ပြည်သူများရဲ့ဆန္ဒနဲ့ အကျိုးစီးပွားနဲ့အညီ ညှိနှိုင်းဆွေးနွေးခြင်းနှင့် ပြန်လည်သင့်မြတ်ရေးကို အားပေးကြောင်း ပြောကြားခဲ့ပါတယ်။ တရုတ်နိုင်ငံက လုံခြုံရေးကောင်စီ အဖွဲ့ဝင်နိုင်ငံအနေနဲ့ သက်ဆိုင်ရာဆွေးနွေးမှုမှာ ပါဝင်ခဲ့ပြီး မြန်မာနိုင်ငံ ဘက်အသီးသီးကလည်း အထက်ပါအခြေအနေကို သိရှိပြီးဖြစ်မယ်လို့ ယုံကြည်ပါတယ်။

တရုတ်-မြန်မာနှစ်နိုင်ငံက ပြောင်းရွှေ့လို့မရတဲ့ အိမ်နီးချင်းနိုင်ငံတွေပါ။ အိမ်နီးချင်းတွေက အချင်းချင်းကောင်းမွန်ဖို့ မျှော်လင့်ပါတယ်။ မြန်မာနိုင်ငံရဲ့ ကိစ္စအရပ်ရပ်အားလုံး ကောင်းမွန်ဖို့ မျှော်လင့်ပြီး မြန်မာနိုင်ငံမှာ မတည်ငြိမ်မှုနဲ့ ရှုပ်ထွေးတဲ့အခြေအနေ ပေါ်ထွက်လာဖို့ မမျှော်လင့်ပါဘူး။ အသွင်ကူးပြောင်းဆဲနိုင်ငံအချို့ဟာ မိမိကိုယ်ပိုင်ကြိုးပမ်းမှုနဲ့ အခက်အခဲနဲ့ စိန်ခေါ်မှုတွေကို ကျော်ဖြတ်ကာ မိမိနိုင်ငံအခြေအနေနဲ့ကိုက်ညီတဲ့ ဖွံ့ဖြိုးတိုးတက်မှုလမ်းကြောင်းကို ရှာဖွေကြပါတယ်။ မြန်မာနိုင်ငံဘက်အသီးသီးက ဆွေးနွေးမှုနဲ့ ညှိနှိုင်းမှုကတစ်ဆင့် လက်ရှိအရေးကို ကောင်းမွန်စွာ ဖြေရှင်းပြီး နိုင်ငံရဲ့နိုင်ငံရေး အမြန်ဆုံး ပုံမှန်လမ်းကြောင်းအပေါ် ပြန်လည် ရောက်ရှိလာစေဖို့ ကျွန်တော်တို့မျှော်လင့်ပါတယ်။

Photo Credit - mm.china.embassy

မေးခွန်း (၂) - နိုင်ငံတကာအသိုင်းအဝိုင်းက မြန်မာ့တပ်မတော်ကို ဒေါ်အောင်ဆန်းစုကြည် စတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်တွေ ချက်ချင်းပြန်လွှတ်ပေးဖို့ တောင်းဆိုတာနဲ့ စပ်လျဉ်းပြီး တရုတ်နိုင်ငံက ဘယ်လိုအခန်းကဏ္ဍကနေ ပါဝင်ပါသလဲ။

ဒေါ်အောင်ဆန်းစုကြည် ဥက္ကဌအဖြစ်ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) က တရုတ်နိုင်ငံနဲ့  ကောင်းမွန်တဲ့ ဆက်ဆံမှုရှိပါတယ်။ တရုတ်-မြန်မာအေးအတူပူအမျှအသိုက်အဝန်း တည်ဆောက်ရေးကို ဖော်ဆောင်ပြီး တရုတ်-မြန်မာ စီးပွားရေးစင်္ကြံစတဲ့ လက်တွေ့ကျပူးပေါင်းဆောင်ရွက်မှုတွေကို အတူတကွ တွန်းအားပေးနေပါတယ်။ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့အခြေအနေကို ကျွန်တော်တို့ ဂရုပြုပါတယ်။ ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ သက်ဆိုင်ရာဆွေးနွေးမှုအကြောင်းထုတ်ပြန်ချက်က တရုတ်နိုင်ငံအပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ တူညီသောရပ်တည်ချက်ကို ပေါ်လွင်စေပါတယ်။ 

အာဆီယံနဲ့ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်တို့ရဲ့ ကြားဝင်ဆောင်ရွက်ကြိုးပမ်းမှုကို တရုတ်နိုင်ငံက ထောက်ခံအားပေး ပါတယ်။ တရုတ်နိုင်ငံကလည်း အပြုသဘောဆောင်တဲ့ အခန်းကဏ္ဍကနေပါဝင်နေပြီး အဓိက ကတော့ ငြိမ်းချမ်းစွာဆွေးနွေးဖို့ တိုက်တွန်းတာပါပဲ။ တပ်မတော်ဖြစ်စေ နိုင်ငံရေးပါတီဖြစ်စေ အားလုံးဟာ မြန်မာနိုင်ငံရဲ့မိသားစုဝင်အဖွဲ့ဝင်တွေဖြစ်ပြီး နိုင်ငံတည်ငြိမ်အေးချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် သမိုင်းပေးတာဝန်ကို ထမ်းဆောင်သင့်ပါတယ်။ သင့်မြတ်ရမယ်။ အတိုက်အခံမဖြစ်သင့်ဘူး။ စည်းလုံးညီညွှတ်ရမယ်။ မပြိုကွဲသင့်ဘူး။ ဒါဟာ မြန်မာပြည်သူတွေရဲ့ ဆန္ဒဖြစ်မယ်လို့ ကျွန်တော်တို့ယုံကြည်ပါတယ်။ မြန်မာနိုင်ငံဘက်အသီးသီးက ဆွေးနွေးညှိနှိုင်းမှုက တစ်ဆင့် သဘောထားကွဲလွဲမှုကို ကောင်းမွန်စွာဖြေရှင်းဖို့ ကျွန်တော်တို့မျှော်လင့်ပါတယ်။ နိုင်ငံတကာအသိုင်းအဝိုင်းက ဖော်ဆောင်တဲ့လှုပ်ရှားမှုက မြန်မာ့နိုင်ငံရေးနဲ့ လူနေမှုအဖွဲ့အစည်း တည်ငြိမ်ရေးကို အထောက်အကူပြုသင့်ပြီး ပဋိပက္ခပြင်းထန်လာစေမှုကို ရှောင်ရှားသင့်ပါတယ်။

မေးခွန်း (၃) - မြန်မာနိုင်ငံရဲ့အိမ်နီးချင်းနိုင်ငံအနေနဲ့ တရုတ်နိုင်ငံကလက်ရှိ ပြဿနာကို ဖြေရှင်းဖို့ အတွက် ဘယ်လိုအခန်းကဏ္ဍကနေ ပါဝင်ပါသလဲ။

မြန်မာနိုင်ငံ လူနေမှုအဖွဲ့အစည်း တည်ငြိမ်ပြီး နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့ တရုတ်နိုင်ငံက ရိုးသားစွာ မျှော်လင့်ပါတယ်။ လက်ရှိမြန်မာနိုင်ငံနဲ့ ပြည်သူတွေအတွက် အရေးပါဆုံးက တစ်စိတ်တစ်ဝမ်းတည်းနဲ့ ပြည်တွင်းနိုင်ငံရေးအကြပ်အတည်းကို ဖြေရှင်းရန် ထိရောက်တဲ့ နည်းလမ်း ရှာဖွေဖို့ ဖြစ်တယ်လို့ ကျွန်တော်တို့ယူဆပါတယ်။ အဓိကကတော့ ဆွေးနွေးချိတ်ဆက်ပြီး သဘောထားကွဲလွဲမှုကို ပြေလည်အောင် ဆောင်ရွက်ပေးကာ နိုင်ငံရဲ့ နိုင်ငံရေးကို ပုံမှန်လမ်းကြောင်းပေါ် ပြန်လည်ရောက်ရှိအောင် ဆောင်ရွက်ဖို့ပါပဲ။ ဒီ့အတွက် မြန်မာ့တပ်မတော်၊ နိုင်ငံရေးပါတီနဲ့ လူမှုအဖွဲ့အစည်း နယ်ပယ်အသီးသီးက နိုင်ငံနဲ့ အမျိုးသား အခြေခံရေရှည် အကျိုးအမြတ်ကို ဦးတည်ပြီး နိုင်ငံရေးဉာဏ်ပညာဖြင့် နိုင်ငံရေးဆွေးနွေးပွဲဖော်ဆောင်ကာ နိုင်ငံရေးအရဖြေရှင်းတဲ့နည်းလမ်းကို ရှာဖွေ၍ နိုင်ငံရေးနဲ့ လူနေမှုအဖွဲ့အစည်း တည်ငြိမ်ရေးကို ထိန်းသိမ်းဖို့ လိုအပ်ပါတယ်။ တရုတ်နိုင်ငံကလည်း ဒီအတွက် အပြုသဘောဆောင်တဲ့ အခန်းကဏ္ဍကနေ ပါဝင်နေပြီး ဆက်လက်ပါဝင်သွားမှာဖြစ်ပါတယ်။

မေးခွန်း (၄) - လတ်တလောကာလ မြန်မာနိုင်ငံမှာ CDM လှုပ်ရှားမှုတွေ လုပ်ဆောင်နေကြပါတယ်။ မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးရှေ့မှာ လူအင်အားအများအပြား ရက်ဆက်တိုက် စုဝေးနေကြတာကို တွေ့ရပါတယ်။ ယင်းအပေါ် သံရုံးက ဘယ်လိုယူဆပါသလဲ။

 ဒီရက်ပိုင်းမှာ မြန်မာပြည်သူတွေ လမ်းပေါ်ထွက် ဆန္ဒပြကြတာ၊ ပြည်သူအချို့က တရုတ်သံရုံးအပါအဝင် မြန်မာနိုင်ငံအခြေစိုက် နိုင်ငံခြားသံရုံးနဲ့ မြန်မာနိုင်ငံအခြေစိုက် နိုင်ငံတကာအဖွဲ့အစည်းများရှေ့ကို သွားရောက်ပြီး စီတန်းလှည့်လည် ဆန္ဒထုတ်ဖော်ကြတာကို ကျွန်တော်တို့ သတိပြုမိပါတယ်။ သူတို့ရဲ့အသံကို ကျွန်တော်တို့ နားလည်သိရှိရပါတယ်။ ကျွန်တော်တို့ ဆောင်ရွက်တဲ့ ငြိမ်းချမ်းစွာ ဆွေးနွေးဖို့ တိုက်တွန်းခြင်းလုပ်ငန်းဟာလည်း သူတို့ရဲ့ ကျိုးကြောင်းဆီလျော်စွာ တောင်းဆိုမှုများကို ထင်ဟပ်နေပါတယ်။ လက်ရှိမှာ မြန်မာနိုင်ငံ ပြည်တွင်းရဲ့အခြေအနေဟာ အရမ်းပြင်းထန်နေပြီး အတိုက်အခံပဋိပက္ခ အခြေအနေဟာလည်း ပိုပြီးပြင်းထန်လာနိုင်ပါတယ်။ ဘက်အသီးသီးမှ စိတ်အေးအေးထား၍ မိမိကိုယ်ကို ထိန်းချုပ်ပြီး ပဋိပက္ခကို ပြင်းထန်စေသော၊ အခြေအနေကို ပိုမိုပြင်းထန်စေသော ကိစ္စရပ်များကိုရှောင်ရှားဖို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်။ လက်ရှိအခြေအနေမှာ အထူးသဖြင့် အကြမ်းမဖက်သင့်ပါဘူး။ ပြည်သူလူထုရဲ့ အခြေခံအခွင့်အရေးကို ထိန်းသိမ်းကာကွယ်ပေးရပါမယ်။

Photo Credit - cn.ecd.org

မေးခွန်း (၅) -  လက်ရှိ တရုတ်-မြန်မာဆက်ဆံရေး အပေါ် ဘယ်လိုထင်မြင်ပါသလဲ။ 

 မြန်မာနိုင်ငံရဲ့ အခြေအနေပြောင်းလဲမှုဟာ မြန်မာနိုင်ငံရဲ့ ပြည်တွင်းရေးဖြစ်သော်လည်း မြန်မာနိုင်ငံနဲ့ အိမ်နီးချင်းနိုင်ငံအကြား ဆက်ဆံရေးအပေါ်လည်း အကျိုးသက်ရောက်မှုရှိတာကို တွေ့နိုင်ပါတယ်။ ချစ်ကြည်ရင်းနှီးသောအိမ်နီးချင်းအနေနဲ့ ကျွန်တော်တို့ဟာ နှစ်နိုင်ငံပြည်သူတွေရဲ့ အကျိုးစီးပွားကို ဦးထိပ်ထားပြီး တည်ငြိမ်ကောင်းမွန်စွာ ဖြေရှင်းလျက်ရှိပါတယ်။ ဥပမာ - လတ်တလောမှာ တရုတ်-မြန်မာနှစ်နိုင်ငံအကြား နယ်စပ်ကုန်သွယ်ရေးအပါအဝင် နှစ်ဦးနှစ်ဖက် ပူးပေါင်းဆောင်ရွက်မှုများကို အတိုင်းအတာတစ်ခုအထိ အကျိုးသက်ရောက်မှုရှိခဲ့ပါတယ်။ ဒါဟာ မြန်မာနိုင်ငံ ထောင်သောင်းမကသောအိမ်ထောင်စုတို့ရဲ့ အသက်မွေးဝမ်းကျောင်းနဲ့လည်း ဆက်စပ်နေပါတယ်။ တရုတ်နိုင်ငံ သက်ဆိုင်ရာဌာနများနဲ့ ဒေသအဆင့်ဌာနများဟာ အခက်အခဲများကို ရင်ဆိုင်ကျော်လွှားပြီး နယ်စပ်ကုန်သွယ်ရေး စတဲ့ပူးပေါင်းဆောင်ရွက်မှုများ တည်ငြိမ်မှုရှိစေရန်၊ မြန်မာနိုင်ငံ ပြည်သူလူထုဘဝ တည်ငြိမ်ရေးကို အထောက်အကူပြုနိုင်ရန် များစွာကြိုးပမ်းအားထုတ်နေပါတယ်။ နောက်ထပ်ဥပမာတစ်ခုကတော့  တရုတ်မြန်မာနှစ်ဦး နှစ်ဖက်သည် ထိရောက်မှုရှိသော COVID-19 ကာကွယ်ထိန်းချုပ်ရေး ပူးပေါင်းဆောင်ရွက်မှုကို လုပ်ဆောင်ပြီး မြန်မာပြည်သူပြည်သားများ၏ အသက်ကျန်းမာရေးဘေးကင်းမှုနဲ့ သက်ဆိုင်သော COVID-19 ကာကွယ်ဆေး ၀ယ်ယူရေးကိစ္စကို ချိတ်ဆက်ဆောင်ရွက်လျက်ရှိပါ တယ်။

နောက်ထပ်ဥပမာအနေနဲ့ ယခုရက်ပိုင်းမှာ မြန်မာနိုင်ငံ လူမှုကွန်ရက်မီဒီယာတွေမှာ မြန်မာနိုင်ငံနဲ့ တရုတ်-မြန်မာပူးပေါင်းဆောင်ရွက်မှုစီမံကိန်းများကို ဦးတည်တဲ့ ပြောဆိုမှုအချို့ ထွက်ပေါ်လာပါတယ်။ ဖြစ်စဉ်မှန်နဲ့ လုံးဝကိုက်ညီမှုမရှိတဲ့ မဟုတ်မမှန်တဲ့ အကြောင်းအရာအချို့လည်း ထွက်ပေါ်လာပါတယ်။ ဒါတွေကို ကျွန်တော်တို့ အချိန်မီ ပြန်လည်ဖြေရှင်းပြီး ပြည်သူလူထုကို အခြေအနေမှန်သိရှိနိုင်အောင် အတတ်နိုင်ဆုံး ဆောင်ရွက်ပါတယ်။ ရည်ရွယ်ချက်ကတော့ နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုကို ထိန်းသိမ်းစောင့်ရှောက်ဖို့ ပါပဲ။ မြန်မာနိုင်ငံ ပြည်တွင်းကိစ္စရပ်များကို အကြောင်းပြုပြီး တရုတ်-မြန်မာ ချစ်ကြည်ရင်းနှီးတဲ့ ပူးပေါင်းဆောင်ရွက်မှုကို ဖျက်ဆီးခြင်းကို ကျွန်တော်တို့ ကန့်ကွက်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒါဟာ နောက်ဆုံးမှာ မြန်မာနိုင်ငံရဲ့ အကျိုးစီးပွားကို ထိခိုက်စေနိုင်လို့ပဲ ဖြစ်ပါတယ်။

မေးခွန်း (၆) - ယခုရက်ပိုင်းမှာ တရုတ်လေယာဉ်ဖြင့် နည်းပညာသမားတွေ မြန်မာနိုင်ငံကို ပို့ဆောင်တဲ့သတင်းတွေ လူမှုကွန်ရက်မီဒီယာမှာ ပြန့်နှံ့နေပြီး တရုတ်နိုင်ငံက မြန်မာနိုင်ငံ တပ်မတော်ကို ကူညီပြီး “Firewall” တည်ဆောက်ပေးနေတယ်လို့ ဆိုကြပါတယ်။ ဖြစ်စဉ်မှန်က ဘယ်လိုလဲဆိုတာ သိပါရစေ။

တရုတ်လေယာဉ်ဖြင့် နည်းပညာသမားတွေ မြန်မာနိုင်ငံကို ပို့ဆောင်တဲ့အကြောင်း၊ တရုတ်နိုင်ငံက မြန်မာနိုင်ငံကို ကူညီပြီး Firewall တည်ဆောက်တဲ့အကြောင်း၊ တရုတ်စစ်သားတွေ မြန်မာနိုင်ငံ လမ်းမပေါ်တွေမှာ တွေ့ရတဲ့အကြောင်း စတဲ့သတင်းပြန့်နှံ့မှုတွေကို ကျွန်တော်တို့ သတိပြုမိပါတယ်။ ဒီပြောဆိုချက်တွေဟာ လုံးဝအခြေအမြစ်မရှိပါဘူး၊ အရမ်းရယ်စရာ ကောင်းတယ်လို့ ကျွန်တော်ရှင်းလင်းတိကျစွာပြောလိုပါတယ်။ ဒီလေယာဉ်တွေဟာ တရုတ်-မြန်မာအကြား ပုံမှန် ကုန်တင်လေယာဉ်ခရီးစဉ် ဖြစ်ပါတယ်။

အကြိမ်ရေကတော့ ကပ်ရောဂါမဖြစ်ပွားမီက နေ့စဉ် ၁၅ ခေါက် - ၁၈ ခေါက်ကနေ ယခု နေ့စဉ် ၅ ခေါက်ဝန်းကျင်အထိ လျော့ကျလာပါတယ်။ သယ်ယူပို့ဆောင်တဲ့ပစ္စည်းကတော့ မြန်မာနိုင်ငံက တရုတ်နိုင်ငံကို တင်ပို့တဲ့ ပင်လယ်စာ စတဲ့ကုန်ပစ္စည်းတွေ ဖြစ်ပါတယ်။ တရုတ်နိုင်ငံဟာ မြန်မာ့ လယ်ယာထွက်ကုန်နှင့် ရေထွက်ကုန်ရဲ့ အဓိကပို့ကုန်စျေးကွက်အဖြစ် တောက်လျှောက် ရပ်တည်နေပါတယ်။ အွန်လိုင်းက ကောလာဟလတွေက အစပိုင်းမှာတော့ လေယာဉ်နဲ့ တင်ဆောင်လာတာတွေက နည်းပညာသမားတွေ ဖြစ်တယ်လို့  ဆိုကြပြီး တွဲဖက်ပုံမှာ “ကုန်တင်ခရီးစဉ်” ဆိုတဲ့စာလုံးကို တမင်သက်သက် ဖျက်ထားပါတယ်။ နောက်တော့ ဆက်လက်ပြီး လေယာဉ်မှာ တင်ဆောင်လာတာက “လက်နက်ပစ္စည်း” တွေလို့ ပြောဆိုဖြန့်ဝေကြပြန်တယ်။

နောက်ပြီး ပုံကို ပြုပြင်ကာ လေယာဉ်မှာ တင်ဆောင်လာတာက ဟင်းခတ်အမွှေးအကြိုင်လို့ ဆိုပြန်တယ်။ အကျိုးအကြောင်းရှေ့နောက်မညီညွတ်ဘဲ မကောင်းစိတ်နဲ့ အပြစ်ပုံချထားပါတယ်။ ဒီကောလာဟလတွေ ထပ်ပြီးမထွက်လာဖို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်။ ဒီလိုမျိုး ကောလာဟလတွေ မြန်မာနိုင်ငံမှာ ထပ်ပြီးထွက်လာနိုင်သေးတယ်ဆိုရင်တော့ သူ့နောက်ကွယ်မှာ တခြားအကြံအစည်ရှိတဲ့ အင်အားစုက ထိန်းချုပ်ပြီး ဖြန့်ဝေနေတယ်ဆိုတာကို ဖော်ပြနေတာပဲ ဖြစ်ပါတယ်။ တရုတ်ပြည်သူတွေကလည်း ဒီကိစ္စရပ်တွေကို များစွာဂရုပြုနေကြပြီး တော်တော်များများက မြန်မာပြည်တွင်းမှာ ထွက်ပေါ်နေတဲ့ ဒီဆန်းကြယ်လှတဲ့ပြောဆိုချက်တွေ အပေါ် သဘောမတွေ့ကြပါဘူး။ မြန်မာပြည်သူလူထုတွေ အမှန်အမှားကို ခွဲခြားသိရှိနိုင်ပြီး နိုင်ငံရေးအသုံးချမှု မခံရစေရန်၊ နှစ်နိုင်ငံပြည်သူလူထုအကြား ချစ်ခင်ရင်းနှီးသော သံယောဇဉ်ကို မထိခိုက်စေရန် မျှော်လင့်ပါတယ်။

We Media

Source; Chinese Embassy In Myanmar

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။