ကျန်းမာရေးဝန်ထမ်းများမှ ပြည်ထောင်စုကိုယ်စားပြုကော်မတီကိုသာ အသိအမှတ်ပြု သစ္စာစောင့်သိခံမည်ဟု ကြေငြာ

ကျန်းမာရေးဝန်ထမ်းတွေအနေနဲ့ နိုင်ငံတော်သမ္မတကြီး ဦးဝင်းမြင့်ဦးဆောင်တဲ့ ပြည်သူ့အစိုးရနဲ့ ရွေးကောက်ခံကိုယ်စားလှယ်များနဲ့ ဖွဲ့စည်းထားတဲ့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြု ကော်မတီ (Committee Representing Pyidaungsu Hluttaw- CRPH) ကိုသာ အသိမှတ်ပြုပြီး တာဝန်ဝတ္တရားများကို ဆောင်ရွက်သွားမှာဖြစ်တယ်လို့ သတင်းထုတ်ပြန် ကြေငြာလိုက်တာပါ။ ပြည်သူ့အစိုးရထံ အာဏာပြန်လည်လွဲအပ်မယ့်အချိန်ထိ မိမိတို့ ဘဝနဲ့ အသက်များကို ပုံအပ်ပြီး CDM လှုပ်ရှားမှုကို အရှိန်မြှင့်တင်ပြီး တိုက်ပွဲဝင်သွားပါမယ်လို့ ကြေညာချက်မှာ ရေးသားဖော်ပြထားပါတယ်။

တပ်မတော်မှ အာဏာသိမ်းပြီးနောက် စစ်အာဏာရှင်စနစ်အား အလိုမရှိကြောင်း ဆန့်ကျင် ဆန္ဒထုတ်ဖော်တဲ့နေရာမှာ ကျန်းမာရေးဝန်ထမ်းများဟာ အစောဆုံးပူးပေါင်းပါဝင်လာခဲ့တာပဲ ဖြစ်ပါတယ်။ ဖေဖော်ဝါရီလ (၁၈)ရက်နေ့မှာတော့ အခုဖြစ်ပေါ်နေသော အခြေအနေများနဲ့ ပတ်သတ်ပြီး ကျန်းမာရေးဝန်ထမ်းများအနေနဲ့  ပြည်သူလူထုက ရွေးချယ်တင်မြှောက်ထားသော ပြည်သူ့အစိုးရရဲ့  ပြည်ထောင်စုကိုယ်စားပြုကော်မတီကိုသာ အသိအမှတ်ပြု သစ္စာစောင့်သိခံမယ်လို့ အခုလို ကြေညာလိုက်ပါတယ်။


ကြေညာချက်ထဲမှာတော့ နိုင်ငံတော်သမ္မတကြီး ဦးဝင်းမြင့်နှင့် နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ပြည်သူ့အစိုးရအဖွဲ့ဝင်များ၊ ရွေးကောက်ခံကိုယ်စားလှယ်များ၊ နိုင်ငံ့အရေးလှုပ်ရှားသူများ၊ လူမှုအဖွဲ့အစည်းခေါင်းဆောင်များအပြင် ပြည်သူတွေကို စစ်အာဏာရှင်တစ်စုက ၂၀၂၁ခုနှစ်၊ ဖေဖောဝါရီလ (၁)ရက်နေ့မှာ ဖမ်းဆီးပြီး နိုင်ငံတော်အာဏာကို အဓ္ဓမသိမ်းယူခဲ့ပါတယ်လို့ ပြောဆိုထားပါတယ်။

ကျန်းမာရေးဝန်ထမ်းများဟာ ပြည်သူ့အကျိုးကို ရှေးရှုပြီး ကျန်းမာရေးစောက်ရှောက်မှုလုပ်ငန်းများ အထူးသဖြင့် Covid-19 ရောဂါကာကွယ်တိုက်ဖြတ်ရေးမှာ မိမိအသက်ကိုပင် ပဓာနမထားပဲ စွမ်းစွမ်းတမံဆောင်ရွက်ခဲ့တာကို ပြည်သူများ သိရှိပြီး ဖြစ်ပါတယ်။ နိုင်ငံတော်အနေနဲ့ Covid-19 ကမ္ဘာ့ကပ်ရောဂါ အပါအဝင် ကျန်းမာရေးပြဿနာများကို ဦးစားပေးဖြေရှင်းနေရချိန်မှာ အခုလို အမြော်အမြင်မဲ့စွာ နိုင်ငံအာဏာသိမ်းလိုက်ခြင်းအပေါ် ဆန့်ကျင်တော်လှန်တဲ့အနေနဲ့ ကျန်းမာရေးဝန်ထမ်းများရဲ့ CDM လှုပ်ရှားမှုကို ယနေ့ အထိ ဆောင်ရွက်လျှက်ရှိပါတယ်။


စစ်အာဏာရှင်တစ်စုဟာ ဥပဒေပုဒ်မများကို ၎င်းတို့အလိုကျ ပြင်ဆင်ရေးဆွဲပြီး ကျန်းမာရေးဝန်ထမ်းတွေတင်မကပဲ ပြည်သူ့ဝန်ထမ်းများနဲ့ ပြည်သူတွေကို ဖမ်းဆီးခြင်း၊ ခြိမ်းခြောက်အကျပ်ကိုင်ခြင်းအပြင် ချော့မြှူသွေးဆောင်ခြင်း လုပ်ရပ်များကို ဆောင်ရွက်လျက်ရှိတာကြောင့်  ကျန်းမာရေးဝန်ထမ်းများအနေနဲ့ ၎င်းတို့ထုတ်ပြန်သော မတရားတဲ့ အမိန့်အာဏာဟူသမျှကို ပြင်ထန်းစွာကန့်ကွက် ရှုံ့ချကြောင်း သတိပေး ပြောဆိုလိုက်တာ ဖြစ်ပါတယ်။

Psyche (We Media)

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။