ယူကေနိုင်ငံက မြန်မာစစ်ဗိုလ်ချုပ်များကို ဒဏ်ခတ်အရေးယူ

အာဏာသိမ်းစဉ်ကာလအတွင်း လူ့အခွင့်အရေးချိုးဖောက်မှုများတွင် ပါ၀င်ခဲ့ကြသော မြန်မာတပ်မတော်မှ အဖွဲ့၀င် သုံးဦး၏ ပိုင်ဆိုင်မှုများအား ချက်ချင်းရပ်တန့်ခြင်းနှင့် ခရီးသွားလာခွင့် ပိတ်ပင်ခြင်းများကို ယူကေအစိုးရက ချမှတ်မည်ဖြစ်သည်။ အဆိုပါကိစ္စနှင့် ပတ်သက်ပြီး စစ်အစိုးရကို အရေးယူရန် ကြေညာမည့် ကနေဒါနိုင်ငံနှင့်လည်း  လက်တွဲလုပ်ဆောင်လျက်ရှိသည်။

ပြည်သူလူထု၏ ဘ၀ရှင်သန်ခွင့်၊  လွတ်လပ်စွာစုရုံးပိုင်ခွင့်၊ မတရားဖမ်းဆီးခြင်း (သို့မဟုတ်) ဖမ်းဆီးချုပ်နှောင်ခြင်းနှင့် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်တို့အပါအ၀င် ပြင်းထန်သော လူ့အခွင့်အရေးချိုးဖောက်မှုများကို မြန်မာတပ်မတော်နှင့် ရဲတပ်ဖွဲ့တို့က ကျူးလွန်ခဲ့သည်။

ယူကေအစိုးရအနေဖြင့် အရေးယူဒဏ်ခတ်ပိတ်ဆို့မှုများကို -

·       မြန်မာတပ်မတော်၏ ပြင်းထန်သော လူ့အခွင့်အရေးချိုးဖောက်မှုများအတွက် တာ၀န်ရှိသူဖြစ်သည့် ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး အားလည်းကောင်း၊

·       မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ လူ့အခွင့်အရေးချိုးဖောက်မှုများအတွက် တာဝန်ရှိသူဖြစ်သည့် ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ် အားလည်းကောင်း၊

·       မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ လူ့အခွင့်အရေးချိုးဖောက်မှုများအတွက် တာဝန်ရှိသူဖြစ်သည့် ပြည်ထဲရေးဒုတိယ၀န်ကြီး ဒုတိယဗိုလ်ချုပ်ကြီး သန်းလှိုင်တို့အားလည်းကောင်း  ပစ်မှတ်ထား အရေးယူဒဏ်ခတ်မည် ဖြစ်သည်။

 ဤဒဏ်ခတ်ပိတ်ဆို့မှုများမှာ ယူကေအစိုးရက စာရင်းပြုစုထားသော လူပုဂ္ဂိုလ်တစ်ဦးချင်းစီကို  ပစ်မှတ်ထားအရေးယူပိတ်ဆို့မှု ပြုလုပ်ထားသည့် မြန်မာတပ်မတော်မှ (၁၆) ဦးအပြင် နောက်ထပ်အရေးယူဒဏ်ခတ်မှုဖြစ်ပြီး၊ ၄င်းတို့သည် လူ့အခွင့်အရေးချိုးဖောက်မှုများအတွက် တာ၀န်ရှိသူများဖြစ်သည်။

ယူကေ၏ စီးပွားရေးလုပ်ငန်းများ  မြန်မာတပ်မတော်နှင့် အလုပ်လုပ်ဆောင်ခြင်းအား ရပ်ဆိုင်းရန် လုပ်ဆောင်ချက်အသစ်ကို ယူကေအစိုးရက ကြေညာလိုက်သည်။

 အကူအညီထောက်ပံ့ပေးရေး အစီအစဥ်များအား ပြန်လည်သုံးသပ်မှုကို အဆုံးသတ် ပြုလုပ်ပြီးနောက် တပ်မတော်ဦးဆောင်သောအစိုးရအား ယူကေအစိုးရက သွယ်ဝိုက်ပံ့ပိုးမှုမရှိစေရေးကို တားဆီးရန် ထပ်ဆင့်ကာကွယ်မှုများကို ယနေ့ထုတ်ပြန်ကြေညာချက်နှင့်အတူ ခိုင်မာအောင်လုပ်ဆောင်ခဲ့ပြီးဖြစ်သည်။ စစ်အစိုးရနှင့် ဆောင်ရွက်ချက်များကို ဆိုင်းငံ့ထားချိန်တွင် မြန်မာနိုင်ငံရှိအဆင်းရဲဆုံးနှင့် အထိခိုက်အလွယ်ဆုံးပြည်သူများ UKaid ၏ အကူအညီရရှိရေးအတွက် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်သည်။