မြန်မာ့နိုင်ငံရေးပဋိပက္ခများအား ပြည်တွင်းရေးကိစ္စဟု တရုတ်နိုင်ငံခြားရေး၀န်ကြီးက ပြော

ပြီးခဲ့သော သောကြာနေ့က တရုတ်နိုင်ငံတော် ကောင်စီဝင်ဖြစ်သော တရုတ်နိုင်ငံခြားရေး၀န်ကြီး Wang Yi ဟာ မြန်မာနိုင်ငံမှာ လက်ရှိကြုံတွေ့နေရသော နိုင်ငံရေးအဖြစ်အပျက်များဟာ ပြည်တွင်းရေးကိစ္စသာဖြစ်တယ်လို့ ပြောဆိုလိုက်ပါတယ်။ 


Wang Yi ဟာ အာဆီယံ၏ အလှည့်ကျဥက္ကဌဖြစ်သော ဘရူနိုင်းနိုင်ငံမှ ဒုတိယနိုင်ငံခြားရေးဝန်ကြီး Erywan bin Pehin Yusof နဲ့ တယ်လီဖုန်း ဆက်သွယ်စကားပြောဆိုစဉ် ယခုလိုမှတ်ချက်ချပြောဆိုခဲ့ကြောင်း တရုတ်နိုင်ငံပိုင် CNTG သတင်းဌာနမှ ထုတ်ပြန်ထားပါတယ်။


တရုတ်အနေနှင့် (၁) မြန်မာနိုင်ငံဟာ အိမ်နီးနားချင်းနိုင်ငံဖြစ်တဲ့အတွက် မြန်မာနိုင်ငံ တည်ငြိမ်ဖွံ့ဖြိုးတိုးတက်ရေးကို အမြဲလိုလားခဲ့ကြောင်း ၊ (၂) မြန်မာနိုင်ငံဟာ အာဆီယံအဖွဲ့ဝင်နိုင်ငံဖြစ်ပြီး မြန်မာ့ပြည်တွင်းရေးအခြေအနေများဟာ အာဆီယံအဖွဲ့အစည်းအပေါ် သက်ရောက်မှုများရှိကြောင်း ၊ (၃) မြန်မာ့နိုင်ငံရေးပြဿနာများကို ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီ တရားဥပဒေဘောင်အတွင်းကနေ ငြိမ်းချမ်းစွာ ဖြေရှင်းသင့်သလို ပြည်တွင်း ဒီမိုကရေစီအသွင်ကူးပြောင်းရေးလုပ်ငန်းစဉ်များကိုလည်း စနစ်တကျလုပ်ဆောင်ဖို့ အားပေးသင့်ကြောင်း ၊ (၄) တရုတ်ဟာ အာဆီယံ၏ "ASEAN Way" ဖြစ်သော အခြားအဖွဲ့ဝင်နိုင်ငံတွေရဲ့ ပြည်တွင်းရေးဝင်မစွက်ဖက်ရေးမူကို ထောက်ခံအားပေးကြောင်း ၊ (၅) တရုတ်အနေနှင့် ASEAN ဟာ ကောင်းမွန်သော ဒေသဆိုင်ရာ အဖွဲ့အစည်းဖြစ်ပြီး မြန်မာနိုင်ငံ၏ အခက်အခဲများကျော်လွှားနိုင်ရေးကို ဝင်ရောက်ကူညီဖြေရှင်းပေးနိုင်တဲ့ အခန်းကဏ္ဍမှာ ရှိသည်ဟု လက်ခံယုံကြည်ကြောင်း Wang Yi က ပြောပါတယ်။ 




ASEAN အနေနှင့် (၁) မြန်မာ့နိုင်ငံရေးအခြေအနေကို လွန်စွာစိုးရိမ်ပူပန်ကြောင်း ၊ (၂) ပြည်တွင်းရေးကိစ္စဖြစ်၍ နိုင်ငံရေးပဋိပက္ခများကို ရေရှည်အတွက် စဉ်းစားဖြေရှင်းဖို့ မြန်မာနိုင်ငံသားများအပေါ်တွင်သာ မူတည်နေကြောင်း ၊ (၃) ဘရူနိုင်းနိုင်ငံအနေနှင့် မြန်မာနိုင်ငံ ပြန်လည်တည်ငြိမ်ရေးကို မျှော်လင့်ကြောင်း ၊ (၄) ASEAN ဟာ မြန်မာနိုင်ငံသို့ ဆက်သွယ်ဆွေးနွေးညှိနှိုင်းဖို့ စီစဉ်နေကြောင်း ၊ (၅) မြန်မာနိုင်ငံအရေးနှင့် စပ်လျဉ်း၍ မြန်မာ့အိမ်နီးနားချင်းနိုင်ငံဖြစ်သော တရုတ်နိုင်ငံနှင့် အဆက်အသွယ်မပြတ်လိုကြောင်း Erywan က ပြောပါတယ်။ 


တစ်ရက်ထဲမှာပဲ Wang Yi ဟာ မြန်မာနိုင်ငံကိစ္စအတွက် အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး Retno Marsudi နှင့် တယ်လီဖုန်း ဆက်သွယ်စကားပြောဆိုခဲ့ပါတယ်။ (၁) မြန်မာ့နိုင်ငံရေးပဋိပက္ခများဟာ မြန်မာနိုင်ငံနှင့် နိုင်ငံသားများအတွက်သာမက ဒေသတွင်းအခြားနိုင်ငံတွေရဲ့ အကျိုးစီးပွါးတွေကိုပါ ထိခိုက်စေကြောင်း ၊ (၂) မြန်မာနိုင်ငံ၏ စစ်တပ်နှင့် နိုင်ငံရေးပါတီများဟာ တိုင်းပြည်တည်ငြိမ်ဖွံ့ဖြိုးရေးအတွက် အဓိကတာဝန်ရှိကြကြောင်း ၊ (၃) တိုင်းပြည်အကျိုးစီးပွါးအပေါ် အခြေခံပြီး ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီ တရားဥပဒေဘောင်အတွင်းကနေ ပြဿနာများကို ငြိမ်းချမ်းစွာ ဖြေရှင်းသင့်ကြောင်း ၊ (၄) ပြည်တွင်း ဒီမိုကရေစီအသွင်ကူးပြောင်းရေးလုပ်ငန်းစဉ်များကိုလည်း စနစ်တကျလုပ်ဆောင်သင့်ကြောင်း Wang Yi က ပြောပါတယ်။ 



အင်ဒိုနီးရှားနိုင်ငံအနေနှင့် (၁) မြန်မာနိုင်ငံကို အာဆီယံမှ ပြည်တွင်းရေးဝင်မစွက်ဖက်ရေးမူနှင့်အညီ အပြုသဘောဆောင်၍ ချဉ်းကပ်နိုင်ဖို့ အားပေးမည်ဖြစ်ကြောင်း ၊ (၂) အာဆီယံအပေါ် ယုံကြည်မှုရယူပြီး မြန်မာပြည်ဒီမိုကရေစီရေးဖြစ်စဉ်ကို ပံ့ပိုးကူညီမည်ဖြစ်ကြောင်း ၊ (၃) အင်ဒိုနီးရှားနိုင်ငံနှင့်အတူ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ နိုင်ငံခြားရေးဝန်ကြီးများဟာ အလွတ်သဘောအစည်းအဝေးများ ပြုလုပ်မယ့်ကိစ္စကို တရုတ်အနေနဲ့ ထောက်ခံအားပေးစေလိုကြောင်း Retno က ပြောပါတယ်။ 


We Media

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။