အသက်အန္တရာယ်ကိုမမူဘဲ မြန်မာနိုင်ငံတစ်ဝှမ်း ဆန္ဒထုတ်ဖော်ပြသနေကြသည်ဟု CNN သတင်းဌာနမှ ရေးသားထား

ယနေ့ ဖေဖော်ဝါရီလ (၂၂)ရက်နေ့မှာ မြန်မာနိုင်ငံ အမြို့မြို့အနယ်နယ်မှ တစ်နိုင်ငံလုံးအတိုင်းအတာအနေနဲ့ အသက်အန္တရာယ်ကိုမမူဘဲ စစ်အာဏာရှင်ဆန့်ကျင်ရေးကို ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်လို့ အမေရိကန်အခြေစိုက် CNN သတင်းဌာနမှ ရေးသားထားပါတယ်။ 



ဆန္ဒထုတ်ဖော်မှုများဟာ ဖေဖော်ဝါရီလ (၁)ရက်နေ့က စစ်အာဏာသိမ်းမှုဖြစ်စဉ်ကြောင့်  စတင်ပေါ်ပေါက်လာခဲ့တာဖြစ်ပြီး ယခင်နေ့က မန္တလေးမြို့တွင် သေနတ်ပစ်အကြမ်းဖက်မှုများကြောင့် အနည်းဆုံး လူ (၂) ဦးသေဆုံးခဲ့တဲ့အတွက် နိုင်ငံ့အရေးတက်ကြွလှုပ်ရှားသူများဟာ “22222” အထွေထွေသပိတ်ကို ဦးဆောင်ခဲ့ခြင်းဖြစ််ကြောင်း ဖော်ပြထားပါတယ်။ 


ယနေ့အထွေထွေသပိတ်မှာ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်တွင်သာမက ထားဝယ်၊ တောင်ကြီး၊ ပုသိမ်၊ မြစ်ကြီးနား အစရှိသော မြန်မာနိုင်ငံအနှံ့မှ မြို့များတွင် လူပေါင်း သိန်းသောင်းနဲ့ချီပြီး ဆန္ဒထုတ်ဖော်ခဲ့ကြကြောင်း သတင်းဓာတ်ပုံများ ရရှိပါတယ်လို့ ဆိုပါတယ်။ 


ယမန်နေ့ ညနေခင်းသတင်းအစီအစဉ်မှာ ဆန္ဒပြဆူပူမှုများကို ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူမည်ဟု မြန်မာနိုင်ငံပိုင်သတင်းဌာန MRTV မှ ကြေငြာထုတ်ပြန်ခဲ့ပါသော်လည်း အသက်အန္တရာယ်ကိုမမူဘဲ အထွေထွေသပိတ်မှာ ပါဝင်ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ National League for Democracy (NLD) ရဲ့အလံကို လွှင့်ထူတာကိုလည်း တွေ့မြင်ရပါတယ်။ တနင်္ဂနွေနေ့ညက ဆန္ဒထုတ်ဖော်သူများ အသွားများသော နိုင်ငံခြားသံရုံးများရှေ့ လမ်းပိတ်ဆို့နေသော ဗီဒီယိုတွင် စစ်ကားများနှင့် ရဲများကို တွေ့ရှိရပါတယ်။ 


နိုင်ငံရေးတက်ကြွလှုပ်ရှားသူများနှင့် ဆန္ဒထုတ်ဖော်ကြသူများဟာ "22.2.2021” ကို သမိုင်းဝင်နေ့အဖြစ်သတ်မှတ်ပြီး နိုင်ငံသားတိုင်း “၂” ငါးလုံးအရေးတော်ပုံ (သို့) 22222 အထွေထွေသပိတ်မှာ ပါဝင်ဖို့ တိုက်တွန်းလှုံ့ဆော်ခဲ့ကြပါတယ်။ ထိုနေ့မတိုင်မှီ တစ်ရက်အလိုမှာ “Keep watching us and pray for us, friends," လို့ Civil Disobedience Movement ဆိုတဲ့ အဖွဲ့က Twitter မှာရေးသားထားတာကိုလည်း ဖတ်ရကြောင်း CNN ကပြောပါတယ်။ 


ထို့အပြင် ၂ ပတ်ကျော်ကြာခဲ့ပြီဖြစ်သော ဆန္ဒထုတ်ဖော်မှုများတွင် နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ ဖမ်းဆီးခံထားရသူများကို လွတ်ပေးရန် မြန်မာနိုင်ငံ ပြည်လုံးကျွတ်နီးပါး အကြမ်းမဖက်ဆန္ဒပြကြောင်း ၊ စစ်အာဏာရှင်စနစ်ကျဆုံးစေရေးအတွက် Civil Disobedience Movement (CDM) ကို အစဉ်တစိုက်လုပ်ဆောင်နေကြောင်း ရေးသားဖော်ပြထားပါတယ်။ 


စစ်အစိုးရအနေနဲ့ ဆန္ဒထုတ်ဖော်မှုများရပ်တန့်သွားစေရန် လူငါးဦးထက်ပိုမစုရန် ၊ ည ၈ နာရီမှ မနက် ၄ နာရီအထိ အသွားအလာကန့်သတ်ရန် ၊ အင်တာနက်ဖြတ်ရန် အမိန့်များ ချမှတ်ခဲ့သည့်အပြင် မြို့ကြီးများတွင် အကြမ်းဖက်မှုဖြင့် လူသိများသောစစ်တပ်များအား နေရာချထားတာကို တွေ့ရှိရပါတယ်။ 


မြန်မာနိုင်ငံ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPPB) ရဲ့ မှတ်တမ်းအရ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ယနေ့အချိန်ထိ စုစုပေါင်း ဖမ်းဆီး ၊ တရားစွဲဆို ၊ပြစ်ဒဏ်ချမှတ်ခြင်းခံထားရသူ (၆၄၀) ဦးထိရှိခဲ့ပြီဖြစ်သော်လည်း ဆန္ဒထုတ်ဖော်သူများဟာ မရပ်တန့်ခဲ့ပါဘူး။ မန္တလေးမှ အကြမ်းဖက်ဖြစ်ရပ်များအပြီးမှာ ဆန္ဒထုတ်ဖော်သူများ အင်အားတိုးချဲ့လာခဲ့ပါတယ်။ 


ရန်ကုန်တွင် အမေရိကန်သံရုံးရှေ့တွင် "Help Myanmar” စသော ဆိုင်းဘုတ်များဖြင့် ဆန္ဒထုတ်​ဖော်ကြပြီး မြစ်ကြီးနားတွင် အလံများလွှင့်ထူကာ ဆိုင်ကယ်များဖြင့် ဆန္ဒထုတ်ဖော်ကြပါတယ်။ နေပြည်တော်တွင် ဆန္ဒပြရင်း ဦးခေါင်းကို သေနတ်ထိမှန်ပြီး သေဆုံးသွားသော အမျိုးသမီးငယ်၏ နာရေးကို လူပေါင်းများစွာတက်ရောက်ကြပြီး လက်သုံးချောင်းသင်္ကေတဖြင့် ဆန္ဒထုတ်ဖော်ကြပါတယ်။ 


မြန်မာနိုင်ငံ၏ နိုင်ငံခြားရေးဝန်ကြီးဌာနက ဆန္ဒပြမှုများကို ပြည်တွင်းဥပဒေများနှင့် နိုင်ငံတကာ လုပ်ထုံးလုပ်နည်းများနှင့်အညီ အနည်းဆုံးအင်အားသုံး၍ ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်လျက်ရှိကြောင်း ၊ ရန်ကုန်မြို့အခြေစိုက် နိုင်ငံခြားသံရုံးအချို့နှင့် ပြည်ပနိုင်ငံများက ထုတ်ပြန်ခဲ့သည့် ကြေညာချက်နှင့် ‌ဖော်ပြချက်အချို့တို့သည် မြန်မာနိုင်ငံ၏ ပြည်တွင်းရေးကိစ္စရပ်များကို ပြောင်ပြောင်တင်းတင်း ဝင်ရောက်စွက်ဖက် ခြင်းဟု ရှုမြင်ကြောင်း ထုတ်ပြန်ထားပါတယ်။ 


Ministry of Foreign Affairs Myanmar Facebook post တွင် သံတမန်များအား နိုင်ငံ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ခြင်း မပြုဘဲ ဥပဒေနှင့် စည်းမျဉ်းစည်းကမ်းများကို လေးစားစေလိုကြောင်းနှင့် နိုင်ငံတော်၏ အရေးပေါ်ကာလဆိုင်ရာ အခြေအနေအရပ်ရပ်ကို တာဝန်ယူဆောင်ရွက်ပြီးလျှင် လွတ်လပ်၍ တရားမျှတသော  အထွေထွေရွေးကောက်ပွဲအား ကျင်းပပေးသွားမည်ဖြစ်ပြီး အနိုင်ရနိုင်ငံရေးပါတီအား နိုင်ငံတော်တာဝန်ကို လွှဲပြောင်းပေးအပ်မည် ဖြစ်ကြောင်း ရေးသားထားပါတယ်။ 


ကမ္ဘာ့နိုင်ငံများဟာ စစ်တပ်အာဏာသိမ်းခြင်းနှင့်ဆန္ဒထုတ်ဖော်သူများကို အကြမ်းနည်းသုံးနှိမ်နင်းခြင်းကို ဆန့်ကျင်ကြပါတယ်။ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် မြန်မာနိုင်ငံ၌ အများဆုံးရင်းနှီးမြုပ်နှံခဲ့သောနိုင်ငံ Singapore အနေနှင့် လက်ရှိအခြေအနေအတိုင်း ဆက်သွားပါက ပြင်းထန်ဆိုးရွားသော အကျိုးဆက်များ ဖြစ်လာနိုင်ကြောင်း ၊ လက်နက်မဲ့ပြည်သူများအား လက်နက်အင်အားသုံးပြီး နှိမ်နင်းခြင်းကို လက်မခံနိုင်ကြောင်း ပြောပါတယ်။ European Union ၏ နိုင်ငံတကာ နိုင်ငံခြားရေးရာ အကြီးအကဲ Josep Borrell က ငြိမ်းချမ်းစွာ ဆန္ဒပြနေသူတွေကို အကြမ်းဖက်နှိမ်နင်းနေတဲ့အပေါ် ပြစ်တင်ရှုတ်ချပြီး မြန်မာနိုင်ငံတွင်း အရပ်သားတွေအပေါ် အကြမ်းဖက်နေတာတွေကို ချက်ချင်းရပ်တန့်ဖို့ မြန်မာစစ်တပ်နဲ့ လုံခြုံရေးတပ်ဖွဲ့တွေကို တိုက်တွန်းခဲ့ပါတယ်။


မန္တလေးမြို့၌ တနင်္ဂနွေနေ့က ဖြစ်ပျက်ခဲ့သော အကြမ်းဖက်ဖြိုခွင်းမှုတွင် လူ အနည်းဆုံး (၂) ဦး သေဆုံးခဲ့ပြီး လူဦးရေအယောက် (၂၀) နှင့် (၃၀) ကြား ဒဏ်ရာရခဲ့ကြောင်း သတင်းရရှိပါတယ်။ စစ်အစိုးရက ထိုအကြမ်းဖက်လုပ်ရပ်များကို လူစုကွဲစေလို၍ ဆောင်ရွက်ခဲ့ခြင်းသာဖြစ်ပြီး ရဲတပ်ဖွဲ့ကို ကျောက်တုံးများဖြင့် ကိုယ်ထိလက်ရောက် တိုက်ခိုက်ကြသောသူများအား အပြစ်တင်သင့်ကြောင်း ပြောဆိုခဲ့ပါတယ်။


မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေးစောင့်ကြည့်ရေး အထူးကိုယ်စားလှယ် Tom Andrews က တပ်မတော်၏ အကြမ်းဖက်ဖြိုခွင်းမှုများကြောင့် အသက်များဆုံးရှုံးနေရသည်ကို ထိတ်လန့်ကြောင်း Twitter တွင် ရေးသားထားပါတယ်။ ရေကားများ၊ ရော်ဘာကျည်များ၊ မျက်ရည်ယိုဗုံးများ သာမက ယခု စစ်လက်နက်များ အသုံးပြုကာ ငြိမ်းချမ်းစွာဆန္ဒပြနေသူများအား အကြမ်းဖက်ခြင်းကို ရပ်တန့်သင့်ပြီလို့ ဆိုပါတယ်။ 


ထိုသို့အကြမ်းဖက်မှုများကြောင့် တပ်မတော်ပိုင် သတင်းမှန်ပြန်ကြားရေးဌာန ဟူသော သတင်းစာမျက်နှာကို Facebook မှလည်း ဖယ်ရှားလိုက်ပါတယ်။ အကြမ်းဖက်မှုအားပေးကာ ကျင့်ဝတ်များချိုးဖောက်သောကြောင့် ဖေ့ဘုတ်ပေါ်လစီနှင့်အညီ ဖယ်ရှားရခြင်းဖြစ်ကြောင်း Facebook မှ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ဆိုပါတယ်။ 


Source - https://edition.cnn.com/2021/02/21/asia/myanmar-general-strike-military-warning-intl-hnk/index.html?utm_medium=social&utm_source=fbCNNi&utm_content=2021-02-22T08%3A31%3A06&utm_term=link 


We Media



we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။