စိတ်ဝင်စားစရာကောင်းတဲ့ ဒေါက်တာဆာဆာ အကြောင်း

ဒေါက်တာဆာဆာကို မိုးရွာတဲ့နေ့တစ်နေ့ရဲ့ မနက်ခင်းမှာ မွေးတယ်။ မွေးနံ မွေးရက် မွေးသက္ကရာဇ် ဘာမှ မသိဘူး။ သူ့အမေက စာတစ်လုံးမှ မတတ်ဘူး။ သူ့အဖေကတော့ ပထမတန်းကို ဒစ်စတင့် အက်ကျူကေးရှင်းနှင့် အောင်တယ်တဲ့။   

သားဖွားဆရာမလည်း မရှိဘူး။ စာသင်ကျောင်းလည်း မရှိဘူး။ ဒါကြောင့် ဒေါက်တာဆာဆာရဲ့ မွေးသက္ကရာဇ်အတိအကျကို ဘယ်သူမှ မသိဘူးတဲ့။ မိုးရွာနေတဲ့ မနက်ခင်းဟာ ဒေါက်တာဆာဆာရဲ့ မွေးနေ့ပဲ။ အေးတာပဲ။

(မီးဖိုချောင်ထဲမှာ သူအမေကိုယ်တိုင်မွေးရတယ်တဲ့.. အဲ့ဒါကြောင့် ဆေးကျောင်းတက်လို့ ကိုယ်ရေးရာဇာဝင်ဖြည့်တဲ့အချိန်မှာ ကျောင်းက သူ့ကို အယုံအကြည်မရှိဘူး)


အသက် ၁၃နှစ်အရွယ် သူ့ရွာမှာ စာဆက်သင်ဖို့ကျောင်းမရှိတော့တာရော၊ လက်နက်ကိုင်တွေကသောင်းကျန်း၊ စာဆက်သင်ဦးမယ်ဆိုပြီး လိုင်လင်းပီရွာကနေ ရန်ကုန်ကို စွန့်စွန့်စားစား တက်လာတယ်။ အဝတ်တထည် ကိုယ်တစ်ခု။ ရန်ကုန်ရွှေမြို့တော်ကြီးကို ပညာသင်သွားတော့မှာ ဆိုတော့ ရွာကလူတွေက ကြက်တွေ လက်ဆောင်ပေးကြတယ်။ ကြက်တွဲကြီးကို ဝါးလုံးနှင့် လျှိုထမ်းပြီး ရန်ကုန်တက်လာတယ်။ ခြေလျင်။ လမ်းမှာ ရက်ပေါင်းနှစ်ဆယ်ကြာတယ်။ ကျောင်းစရိတ်အတွက် ကြက်တစ်အုပ်လည်း လမ်းခရီးမှာတင် ကုန်ပြီ။ အေးတာပဲ။

တစ်နှစ်မှ တစ်ခါသာ ရေချိုးဖူးသူ။ ဆံပင်ကလည်း အရှည်ကြီး။ ခေါင်းမှာလည်း သန်းတွေချည်း။ မြန်မာစကားကလည်း တစ်လုံးမှ မတတ်။ ရန်ကုန်ရောက်တော့ လိုင်းကားသမားက သူခိုးကြမ်းပိုးထင်ပြီး ကန်ချထားခဲ့တယ်။ အေးတာပဲ။

ကြုံရာကျပန်း အလုပ်မျိုးစုံလုပ်ရင်းနဲ့ပဲ ၁၉၉၇ခုနှစ်မှာ ဆယ်တန်းအောင်တယ်။ ဘွဲ့လေးတစ်ခုတော့ ယူလိုက်မယ် စိတ်ကူးပေမယ့် အဲဒီအချိန်မှာ တက္ကသိုလ်တွေက ပိတ်ထားတဲ့အချိန်နဲ့တိုက်ဆိုင်နေလို့ လိုင်းလင်းပီရွာကို ပြန်တယ်။ 

ရန်ကုန်ပြန် ခေတ်ပညာတတ်ကြီးဆိုတော့ ရွာကလူတွေက စာသင်ခိုင်းတယ်။ လိုင်းလင်းပီမှာ လုပ်အားပေးဆရာအဖြစ် နှစ်နှစ် စာသင်ပေးတယ်။ ရွာမှာနေထိုင်ရင်း ဘာတွေ့ရလဲဆိုတော့ ရွာကလူတွေ အကြောင်းအမျိုးမျိုးနဲ့ အလွယ်တကူ သေဆုံးနေကြရတာကို သူသတိထားမိလာတယ်.. ။ သူ စာသင်ပေးနေတဲ့ ကလေးငယ် သုံးယောက် ဝမ်းလျှော၊ ဝမ်းပျက်ရောဂါနဲ့ သေဆုံးသွားခဲ့တော့ သူနာကျဉ်းတက်လာတယ်.. သူဆွေမျိုးတစ်ယောက် ကိုယ်ဝန်ဆောင်ရင်း သေဆုံးရတဲ့နောက်မှာတော့... ဒီဒေသမှာ ဆရာဝန်လိုအပ်နေပြီဆိုတာကို သူသဘောပေါက်လာတယ်... အစိုးရရဲ့ ကျန်းမာရေးစောင့်ရှောက်မှုမရှိတာ၊ ရွာသူရွာသားတွေ ကျန်းမာရေးဗဟုသုတမရှိတာကို စဉ်းစားမိပြီး ကိုယ်တိုင်ပဲဆေးပညာကိုလေ့လာသင်ယူဖြန့်ဝေမယ်ဆိုတဲ့ဆုံးဖြတ်ချက်ချလိုက်တယ်..

၁၉၉၉မှာ ရွာကသူတွေက စုပေါင်းပြီး အိန္ဒိယကို အောက်လမ်းက ပို့လိုက်ကြတယ်။ ရွာကပေးလိုက်တဲ့ ကြက်မတစ်အုပ်ကြီး ထမ်းပြီး အိန္ဒိယထဲ ကူးသွားတယ်။ ရဲတွေက ကြက်သူခိုးဆိုပြီး ကြက်တွေကို ရိုက်သတ်ချက်စားပြီး လူကိုတော့ အချုပ်ထဲ ထည့်လိုက်တယ်။ အေးတာပဲ။

နောက်ဆုံး ဒေလီကို ရောက်လာတယ်။ ကောလိပ်တက်ဖို့ သွားလျှောက်တယ်။ အနောက်တိုင်းဝတ်စုံနှင့်မှ ကျောင်းထဲ ဝင်ခွင့်ပြုမယ်ဆိုလို့ ဘောင်းဘီတစ်ထည်ပြေးဝယ်တယ်။ ပိုက်ဆံမတက်နိုင်တော့ ဈေးအပေါဆုံးဘောင်းဘီဝယ်လာတယ်... အင်္ကျီကသူငယ်ချင်းဆီကယူဝတ်တာ မတော်တော့ နည်းနည်းကျပ်နေတယ်..။ ဝယ်လာတဲ့ဘောင်းဘီကမီန်းကလေးတွေဝတ်တာဖြစ်ပြီး ကျပ်ထုတ်နေတဲ့အင်္ကျီနဲ့ဆိုတော့  ကျောင်းအုပ်က မိန်းမလျှာထင်ပြီး ငြင်းလွှတ်လိုက်သတဲ့။ ကျားကျားယားယား ဥပဓိကောင်းတဲ့ ချင်းကြီးဆာဆာရဲ့အဖြစ်က..အဲ့လို

ကောလိပ်ကျောင်းပေါင်း ၃၃ ကျောင်းကို လျှောက်ပေမယ့် မရခဲ့ဘူး။ နောက်ဆုံးတော့ ကောလိပ်တစ်ခုမှာ ဝင်ခွင့်ရခဲ့ပြီး။ ပြီးဆုံးတော့ ဆေးကျောင်းလျှောက်ဖို့ အမှတ်မှီခဲ့တယ်.. နောက်တော့ Prospect Burma ကျောင်းနဲ့  သူဆက်သွယ်မိတယ်။

Prospect Burma ကျောင်းဆိုတာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ငြိမ်းချမ်းရေး နိုဘယ်ဆုရံပုံငွေ တစ်စိတ်တစ်ဒေသနဲ့ ဖွင့်လှစ်ထားတဲ့ အိနိယနိုင်ငံနယူးဒေလီမြို့မှာရှိတဲ့ကျောင်းပါ။ မြန်မာပြည်ကရောက်လာကြတဲ့ ဒုကသည်အမျိုးမျိုးကို အင်္ဂလိပ်စာ၊ ကွန်ပျူတာ စတဲ့လိုအပ်တာတွေ အခမဲ့သင်ကြားပေးပါတယ်။ လမ်းစရိတ်နဲ့ စာအုပ်စာတမ်း၊ စာရေးကိရိယာတွေ နဲ့ သင်တန်းအမျိုးမျိုးအတွက် schorship တွေလဲ ပေးပါတယ်။ 


အင်္ဂလိပ်စကား သိပ်မကျွမ်းသေးတဲ့ ဆာဆာက သူသိသမျှ တတ်သမျှ အင်္ဂလိပ်စကားပြောနဲ့ ဆရာဝန်ဖြစ်ချင်တဲ့အကြောင်းကို ထပ်ခါထပ်ခါရှင်းပြပြောရတာပေါ့...

နောက်ဆုံးတော့လည်း Prospect Burma က ဆာဆာကို ထောက်ပံ့ကြေးပေးမယ်ဆိုပြီး ဆုံးဖြတ်လိုက်ကြတယ်.. (Prospect Burma ကလည်း ကျောင်းစရိတ်ကြီးတဲ့ London မှာတော့ မထောက်ပံ့နိုင်ဘူးလေ... လူဦးရေ ၃ သန်းလောက်သာ ရှိတဲ့ အာမေးနီးယား နိုင်ငံလေးမှာ ဆေးပညာပထမနှစ် တက်ဖို့ ကျောင်းစရိတ်လောက်ပဲထောက်ပံ့ပေးနိုင်ရှာတယ်။ စားဖို့နေဖို့ အခြားစရိတ်တွေတော့ ကိုယ့်အားကိုယ်ကိုး ဖြေရှင်းပေါ့။ စားမေးပွဲကြရင်လည်း ထပ်မပေးဘူးပေါ့ဆိုတဲ့ ကတိတွေနဲ့ပဲ ကျောင်းတတ်ခဲ့ရတယ်..

အဲ့ဒါနဲ့ အာမေးနီးယားရောက်ရောပေါ့... စားဝတ်နေရေးအတွက်တော့ လမ်းဘေးဆိုင်မှာ အိုက်တိုးပဂေးဆံ လုပ်၊ ဟိုသွားဒီသွားဖို့က  ကိုးခြောက်ကိုးသုံး၊ စာအုပ်စာတမ်းအတွက် စာကြည့်တိုက်နဲ့ ဟိုငှားဒီငှား နဲ့ပဲ စားမေးပွဲမကျအောင် ကြိုးစားရတော့တာပေါ့..

သူ့ရဲ့ စိတ်ဓါတ်ကို စမ်းသပ်ခဲ့တာတွေလည်း ရှိတယ်...  သူ့အကြောင်းကို သိတဲ့ သူဌေးမကြီးတစ်ယောက်က သူ့ဆီကို လာလည်ရင်း ကားဝယ်စီးဖို့ဆိုပြီး ဒေါ်လာငါးထောင် ပေးခဲ့တယ်..

ဒေါ်လာငါးထောင်ပိုက်ပြီးပြန်လာတဲ့ စိတ်ကူးထဲက "ကားလေးတစ်စီးနဲ့အာမေးနီးယမ်းဆေးကျောင်းသူလေးတွေနဲ့ လျှောက်လည်မယ့်အကြံအစည်"ဟာ သူ့အခန်းကျဉ်းလေးထဲ ရောက်တော့ ချက်ခြင်းပဲ ပြောင်းလဲသွားပါတယ်...

ဘာ့ကြောင့်ဆို မနေ့ကမှ သူ့ရွာချင်းတောင်က ရောက်လာတဲ့ "ရွာမှာ ရေရှားနေပြီဖြစ်ကြောင်း၊ သောက်ရေသန့်ရဖို့ ဟိုးအဝေးကြီးကို တောင်တက်တောင်ဆင်းနဲ့ သက်စွန့်ဆံဖျား သွားခပ်ကြရကြောင်း" ရေးထားတဲ့စာကို စားပွဲပေါ်မှာတွေ့လိုက်ရတော့ သူ့လက်မှာ ပူပူနွေးနွေးကိုင်လာခဲ့တဲ့ ဒေါ်လာငါးထောင်ကိုလည်း သူ့ရွာနဲ့ ရွာနီးကပ်ရွာတွေအတွက် ရေလှောင်ကန်ရေပိုက်သွယ်ရာမှာသုံးဖို့ ပေးပို့ဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်။ သူ့ရွာကို မမေ့ဘူးပေါ့...

သူဆဌမနှစ်ဆေးကျောင်းသားဘ၀ ၂၀၀၈ ခုနှစ်မှာ ဗြိတိသျှနန်းလျာ ချားလ်မင်းသားနဲ့ တွေ့ဆုံခဲ့ရတယ်။ နေရာက London မြို့ပေါ်က Abbey Gardens, Westminister ဆိုတဲ့ အဓိကနေရာကြီးမှာပေါ့.. တော်ဝင်မင်းသားနဲ့တွေ့တဲ့အခါ လိုက်နာရမယ့် နှုတ်ဆက်ပုံတွေကို မလုပ်တတ်လို့ တွေးပူနေတဲ့ ဆာဆာကံကောင်းချင်တော့ စံအိမ်တောင်အပေါ်ထပ်လှေကားပေါ်က ဆင်းလာတဲ့ ချားလ်မင်းသားက လှေခါးတစ်ဝက်ကနေပဲ ဟိုရောင်စုံဝတ်စုံနဲ့ ထောင်ထောင်မောင်းမောင်းလူငယ်က ဘယ်သူလဲဆိုပြီး ပြောဆိုပြီး သူနားရောက်လာပြီး သူ့လက်မောင်းကို လှမ်းကိုင်လိုက်တော့ အရိုအသေမပြုတတ်တဲ့ ဆာဆာလည်း ချောလဲရောထိုင်လုပ်ရတာပေါ့..

ဆာဆာရဲ့ ချင်းဝတ်စုံကို "colorful and beautiful" လို့ ၅ ကြိမ်လောက်ပြောတဲ့ ချားလ်မင်းသားကို ဆာဆာက ချင်းပြည်နယ်အဲ့နှစ်မှာကြုံတွေ့ နေရတဲ့ နှစ်၅၀မှတစ်ခါပွင့်တဲ့ ဝါသီးပွင့်ချိန်မှာမှ ကြွက်တွေကြောင့် အငတ်ဘေးရတဲ့အကြောင်းကို တင်ပြခွင့်ရခဲ့တယ်...

London ကအပြန်မှာတော့ ချင်းပြည်နယ် အငတ်ဘေးလူနာ ၃၇၅၇ အတွက် ဆေးပစည်းအကူအညီနဲ့အတူ  ဆန်အိတ် ၇၅၉ အိတ်ကို ချားလ်မင်းသားတို့ဆီကနေ အကူအညီ ရခဲ့တယ်..

၂၀၀၉ ခုနှစ်မှာ အာမေးနီးယားတကသိုလ်ကနေ ဆာဆာ တစ်ယောက် ဆရာဝန်ဘွဲ့ကို ဂုဏ်ထူးနဲ့ရခဲ့ပါတယ်။ Prospect Burma ရဲ့ အထောက်အပံ့နဲ့ ဆာဆာရဲ့ ကြိုးစားအားထုတ်မှုတွေကြောင့်ပေါ့..

ဆရာဝန်ဘွဲ့ရပြီး လန်ဒန်မှာ မွေးစားအမေလို့ ပြောနိုင်တဲ့ လွှတ်တော်အမတ်အဆက်အသွယ်နဲ့ လူရည်တက်တွေကြားမှာ တစ်နှစ်လောက် ကျင်လည်ပြီးနောက် ဒေါက်တာဆာဆာ သူ့ရွာလေးကို ပြန်ဖို့ပြင်ပါတယ်.. လန်ဒန်မှာရှိတဲ့ သူ့မိတ်ဆွေတွေကတော့ လန်ဒန်မှာပဲ နေလို့ရရဲ့သားနဲ့ ဘာလို့ တောကြိုအုံကြားကို ပြန်ရတာလည်းဆိုပြီး တားတာပေါ့..

သူ့ရပ်ရွာရဲ့ ကျန်းမာရေးကို မြှင့်တင်မှုကို လုပ်မယ်ဆိုတဲ့ စိတ်နဲ့ပဲ ဒေါက်တာဆာဆာ ကားလမ်းမရှိ၊ မီးမရှိ၊ ခေတ်မှီအသုံးအဆောင် ဘာမှမရှိတဲ့ သူ့တောင်ပေါ်ရွာလေးကို ပြန်လာခဲ့တော့တယ်..

သူ့ရွာပြန်ရောက်တာနဲ့ သူရွာနဲ့ ရွာနီးချုပ်စပ်က ရွာတွေက လူနာမျိုးစုံကို ကုတော့တာပေါ့...

တစ်ရက်ကို လူနာ လေးရာကျော် ကြည့်ရတဲ့  ဒေါက်တာဆာဆာလည်း နှစ်ပတ်လောက်နေတော့ အရမ်းပင်ပန်းပြီး သူကိုယ်တိုင် လူနာပြန်ဖြစ်မယ့် အခြေအနေ ဖြစ်လာတော့တယ်... ဒီလို ရေရှည်မဖြစ်သေးပါဘူးဆိုပြီး... ရွာတိုင်းမှာ အခြေခံကျန်းမာရေးအသိရှိသူတွေ မွေးထုတ်ပေးမှပါဆိုပြီး ... တစ်ရွာကို လူ၂ယောက်နှုန်းနဲ့ ရွာပေါင်း ၁၄၇ ရွာက အခြေခံကျန်းမာရေးလုပ်သားလုပ်မယ့်သူတွေကို သင်တန်းပေးတဲ့လုပ်ငန်း ကို ၂၀၀၉ နိုဝင်ဘာမှ စတင်နိုင်ခဲ့ပါတယ်။


သူ့သင်ရိုးက "Where there is no Doctor" (ဆရာဝန်မရှိတဲ့နေရာမှာ) ဆိုတဲ့ စာအုပ်ဖြစ်ပြီး သင်တန်းသားတွေကို သာမိုမီတာတစ်ချောင်းစီ၊ နားကြပ်တစ်ခုနဲ့ သွေးပေါင်ချိန်တိုင်းကိရိယာ တစ်ခုစီကိုပါ သင်တန်းပြီးတဲ့အခါ ထည့်ပေးလိုက်တယ်..။ Prospect Burma နဲ့ အလှူရှင်တွေရဲ့ အထောက်အပံ့နဲ့ပေါ့... အဲဒီ သင်တန်းကဆင်းတဲ့ အခြေခံလုပ်သား ၃၀၀ ကျော်က ချင်းပြည်နယ်ပြည်သူ တစ်သိန်းကျော်လောက်ရဲ့ ကျန်းမာရေးစောင့်ရှောက်မှုကို တစ်ဖက်တစ်လမ်းက ကာမိစေတာပေါ့..

နောက်ပိုင်း အဲဒီပရောဂျက် နာမည်ကို Health and Hope(ကျန်းမာခြင်းနဲ့မျှော်လင့်ခြင်း) နာမည်နဲ့ ဒေါက်တာဆာဆာက ဖောင်ဒေးရှင်းထောင်လိုက်တယ်... အဲ့ဒီဖောင်ဒေးရှင်းမှာ ချာလ်းမင်းသားက နာယကပေါ့.. 

အဲ့ဒီဖောင်ဒေးရှင်းကနေ ချင်းပြည်နယ်သားတစ်ရာကျော်ကို  နိုင်ငံခြားပညာတော်သင် လွှတ်ထားပါတယ်.. 

ရိုးသားကြိုးစား လူရည်ချွန်တွေအပေါ် ကံကြမာကလည်း မျက်နှာသာပေးပါတယ်..

သူ့ဒေသဝန်းကျင်မှာ လမ်းပန်းဆက်သွယ်ရေးကောင်းဖို့၊ ပညာရေးမြှင့်တင်ဖို့၊ ကျန်းမာရေး ကောင်းဖို့ တွေက သူ့ရည်မှန်းချက်ဖြစ်တာနဲ့အညီ အသေးစား လေယာဉ်ကွင်းကိုလည်း အထောက်အပံ့တွေနဲ့ ဆောက်နေပြီ.. ပြီးတော့မယ်

ကမာဘဏ်ဥက္ကဌကလည်း အာမေးနီယားလူမျိုးဖြစ်တဲ့အပြင် ဒေါက်တာဆာဆာနဲ့လည်းခင်တယ်..

ခေတ်အမှီဆုံးဆေးရုံလည်း ဆောက်ဖို့ကြိုးစားနေတယ်..ကောလိပ်ဖွင့်ဖို့လည်း ကြိုးစားနေတယ်..

မြန်မာတစ်ပြည်လုံးကိုလည်း တိုးတက်ဖို့ စဉ်းစားထားတာကို သူ့အင်တာဗျူးတွေမှာ တွေ့ရတယ်

ကိုယ့်လူမျိုး ကိုယ့်ပြည်နယ်ကို အဲ့လိုချစ်တတ်၊ အဲ့လိုတော်တဲ့ လူတွေလက်ထဲကို ထည့်ချင်တာကတော့ မြန်မာနိုင်ငံသားအားလုံးရဲ့ ဆန္ဒပဲ မဟုတ်ပါလားဗျာ..

အဲ့လိုမျိုးလူတွေလည်း ဒေသတိုင်းမှာပေါ်ပါစေလို့ ဆန္ဒပြုရင်း 

အောင်မိုးလွင်

၁၉၊ ၈၊ ၂၀၂၀

We Media

Crd; Aung Moe Lwin

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။