ဆံပင်အရောင်မဆိုးခင် သိရမယ့် အချက် (၅) ချက်


ဓာတ်မတည့်ခြင်းကြောင့် ယားယံလာမယ်

 
သင့်ဆံပင်အရောင်ဆိုးပြီးတဲ့အခါ အကြောင်းအမျိုးမျိုးကြောင့် ယားယံမှုတွေဖြစ်ဖြစ်လာတတ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီဆံပင်အရောင်ဆိုးဆေးတွေထဲမှာ ဓာတုဓာတ်တွေများစွာပါဝင်နေတဲ့အပြင် အဆိပ်အတောက်တွေလည်းပါဝင်နေတဲ့အတွက်ကြောင့် ဆံပင်ရော ဆိုးပေးတဲ့လူကိုပါ ထိခိုက်စေနိုင်ပါတယ်။ အများစုဖြစ်တတ်တာကတော့ ဦးရေပြားတွေ ရောင်လာမယ်။ ယားလာမယ်။ နီလာမယ် စသဖြင့်ပေါ့။ ဒါကြောင့်မို့လို သင့်အရေပြားကို ဆိုးရွားစွာ မထိခိုက်မိအောင် ဆံပင်အရောင်မဆိုးခင် သေချာဂရုစိုက်ဖို့လိုအပ်ပါတယ်။
 
ဆံပင်ပျက်စီးလာမယ်
 
များလွန်းတဲ့ဓာတုပစ္စည်းတွေရဲ့ ဓာတ်တွေကြောင့် သင့်ရဲ့ ဆံကေသာတွေ ပျက်စီးလာမယ်။ ကြမ်းတမ်းလာမယ်။ ခြောက်သွေ့ပြီး ကျွတ်လာတတ်တယ်။ သေချာတာတစ်ခုကတော့ သင့်ဆံပင်လုံးဝကိုပျက်စီးသွားနိုင်ပါတယ်။ ဒါကြောင့် ကိုယ်သုံးတဲ့ ဆိုးဆေးဟာ ဓာတုဓာတ်အရမ်းမပြင်းဖို့လိုပါတယ်။

ပန်းနာရင်ကျပ်ရောဂါ
 
ဆံပင်အရောင်ဆိုးခြင်းဟာ ပန်းနာရင်ကျပ်ရောဂါကိုဖြစ်စေနိုင်တယ်ဆိုတာ သင်ယုံကြည်ပါသလား။ အရေပြားရောဂါ အထူးကု ဆရာဝန်ရဲ့ ပြောကြားချက်အရ ပိုလျှံလွန်းတဲ့ Chemical ပစ္စည်းတွေဟာ သင့်အရေပြားကို ယားစေနိုင်ပြီး ပန်းနာရင်ကျပ်ရောဂါကို ဖြစ်စေနိုင်ပါတယ်။ ဆံပင်ဆိုးဆေးထဲမှာပါဝင်တဲ့ PPD ကြောင့် ဖြစ်စေနိုင်တယ်လို့သိရပါတယ်။ ဘာဖြစ်လို့လဲဆိုရင်တော့ များပြားလွန်းတဲ့ Chemical ဓာတ်တွေဟာ လေဝင်လေထွက် လမ်းကြောင်းကို ပိတ်ဆို့ထားတတ်ခြင်းကြောင့် အသက်ရှုတဲ့အခါမှာ အခက်အခဲဖြစ်စေတတ်ပါတယ်။

အဖုအပိမ့်များ
 
ဒါဟာ ဆံပင်ဆိုးတဲ့လူတော်တော်များများဖြစ်တတ်တဲ့ ပြဿနာတစ်ခုပါ။ ဘာဖြစ်လို့လဲဆိုတော့ ဆိုးဆေးထဲမှာပါဝင်နေတဲ့ ပါဝင်ပစ္စည်းတွေဟာ သင့်ဆံသားနဲ့ ဓာတ်မတည့်ခြင်းကြောင့်ဖြစ်လာတတ်ပါတယ်။ ဒါကြောင့်မို့လို့ သင်ဆိုးတဲ့ဆေးအရောင် နဲ့ သင့်ဆံပင် ကိုက်ညီမှုရှိဖို့လည်း လိုအပ်ပါတယ်။ 


မျက်လုံးမှာ သွေးကြောအနီအစင်းကြောတွေပေါ်လာမယ်

 

ဒါဟာ သင်ဂရုစိုက်စွာ အသုံးပြုမယ်ဆိုရင်တော့ မဖြစ်နိုင်ပါဘူး။ ဆံပင်ဆိုးဆေးအသုံးမပြုခင်မှာ ဘူးမှာဖြစ်ဖြစ်၊ စာရွက်ထဲမှာဖြစ်ဖြစ် ပါဝင်တဲ့အညွှန်းတွေကို သေချာဖတ်ပြီးမှသုံးပါ။ သတိပေးတားမြစ်ချက်တွေကို သင်မလိုက်နာဘူးဆိုရင်တော့ သင့်မျက်လုံးကိုလည်း အန္တရာယ်ဖြစ်စေနိုင်ပါတယ်။ ဆံပင်ဆိုးနေစဉ် မျက်လုံးထဲကို ဝင်သွားပါက ရေဖြင့်ချက်ချင်းဆေးကြောသင့်ပါတယ်။ လိုအပ်ပါက မျက်စိဆရာဝန်ဆီ အချိန်မှီသွားရောက်ပြသသင့်တယ်။ အဲ့ဒီလိုမှမဟုတ်ရင် အမြင်အာရုံထိခိုက်တဲ့အထိ ဆိုးကျိုးဖြစ်စေပါတယ်။ 

ဆံပင်အရောင်ဆိုးခြင်းဟာ သင့်ရဲ့ အလှတရားကို ပြောင်းလဲစေနိုင်တယ်ဆိုပေမယ့် ကောင်းကျိုးဆိုးကျိုးလေးတွေ သေချာစွာဖတ်စေချင်ပါတယ်။ အသုံးပြုသည့်အခါမှာလည်း ဆေးမှာပါတဲ့ အညွှန်းစာအတိုင်း လိုက်နာဆောင်ရွက်ဖို့ လိုအပ်ပါတယ်။