Black Pink က 2NE1 ရဲ့အောင်မြင်မှုကို မှီနိုင်မလား?

အခုနောက်ပိုင်း K Pop ဆိုရင် ပျော့ပျော့လေးတွေ၊ အနုအရွလေးတွေပါလို့ ထင်နေကြတဲ့သူတွေအများကြီးပါ…။ ဒါပေမယ့် သီချင်းပုံစံချင်းမတူတဲ့အတွက် သူ့အကြိုက်နဲ့သူပေါ့…။ အကြမ်းစားတွေ နားထောင်ချင်ရင်တော့ အခု မိန်းကလေး (၄) ယောက်နဲ့ဖွဲ့စည်းထားတဲ့ Black Pink ဆိုတဲ့အဖွဲ့အကြောင်း ပြောပြပေးပါမယ်…။ မြန်မာပရိသတ်အများအပြား အားပေးကြတဲ့ Big Bang နဲ့ 2NE1 တို့ကို မွေးထုတ်ပေးခဲ့တဲ့ YG Entertainment ရဲ့ 2NE1 နောက်ပိုင်း ၇ နှစ်ကြာပြီးမှ ပထမဆုံးထွက်တဲ့ အမျိုးသမီးအဖွဲ့ဖြစ်ပါတယ်…။ Jennie, Lisa, Jisoo နဲ့ Rose တို့ပါဝင်ပြီး ၂၀၁၆ ခုနှစ် သြဂုတ် ၈ ရက်နေ့မှာ Square One Single Album နဲ့ ပွဲဦးထွက် လာခဲ့တာဖြစ်ပါတယ်…။

ထူးထူးခြားခြားအနေနဲ့ အဖွဲ့ဝင် Lisa ကတော့ YG ရဲ့ ကိုရီးယားလူမျိုးမဟုတ်တဲ့ပထမဆုံး အဆိုတော်ပါ…။ အမည်ရင်းက Lalisa Monoban ဖြစ်ပြီးတော့ ၁၉၉၇ ခုနှစ်ဖွား ထိုင်းနိုင်ငံသူတစ်ဦးဖြစ်ပါတယ်…။ သူမက ၂၀၁၀ ခုနှစ် ထိုင်းနိုင်ငံမှာပြုလုပ်တဲ့ YG Audition ကနေတစ်ဆင့် YG ကိုဝင်ရောက်ခွင့်ရရှိခဲ့တာပါ…။ Rose ကတော့ နယူးဇီလန်နိုင်ငံဖွား ကိုရီးယားလူမျိုးတစ်ယောက်ဖြစ်ကာ သြစတြေးလျနိုင်ငံမှာ ကြီးပြင်းလာခဲ့ပြီးတော့ YG ကို ၂၀၁၂ မေလမှာရောက်ရှိခဲ့တာဖြစ်ပါတယ်…။


K Pop နားမထောင်တဲ့သူတွေတောင် မြန်မာနိုင်ငံရဲ့ခပ်မြူးမြူးပွဲတော်တော်များများမှာ သူတို့သီချင်းတွေ ကြားဖူးကြမှာဖြစ်ပြီးတော့ Black Pink မှန်းတော့ သိချင်မှသိမှာပါ…။ ထွက်ရှိခဲ့တဲ့ သီချင်းတွေအားလုံးက အမြူးတွေချည်းပဲမို့ လုံးဝအလန်းစားကြိုက်သူတွေ နားထောင်ကြည့်ပါလို့ အကြံပေးချင်ပါတယ်…။ ပထမဆုံး Whistle နဲ့ Boombayah သီချင်းနှစ်ပုဒ်နဲ့ ပွဲထွက်လာခဲ့တယ်…။ ထွက်ထွက်ချင်းမှာပဲ Billboard World Digital Songs Chart မှာ နံပါတ် ၁ နဲ့ ၂ နေရာကို ရယူနိုင်ခဲ့တယ်..။ ကိုရီးယားအနုပညာရှင်တွေထဲမှာ PSY နဲ့ Big Bang ပြီးရင် အချိန်တိုအတွင်းနဲ့ အောင်မြင်မှုရယူနိုင်ခဲ့တဲ့ စံနှုန်းဖြစ်ပါတယ်…။

သူတို့ရဲ့နောက်ထပ်သီချင်းတွေဖြစ်တဲ့ Playing with Fire နဲ့ Stay တို့ကလည်း တကယ်ကောင်းမွန်ပြီး သူတို့အဖွဲ့ကို ပိုအောင်မြင်စေခဲ့တာဖြစ်ပါတယ်….။ နောက်ဆုံးထွက်ရှိထားတဲ့ As If It’s Your Last ကတော့ အချိန်တိုအတွင်းမှာ လူကြည့်အများဆုံး Music Video တစ်ပုဒ်ဖြစ်ခဲ့ပြီး K Pop Group တွေတင်ထားတဲ့ စံချိန်အားလုံးကို ချိုးနိုင်ခဲ့ပါတယ်... အောက်ဆုံးမှာ Video ထည့်ပေးထားတယ်နော်…။

နောက်ကြောင်းပြန်ပြောရမယ်ဆိုရင် Debut လုပ်ပြီး ၁၃ ရက်အကြာ SBS ကပြုလုပ်တဲ့ Music Show တစ်ခုမှာ ပထမဆုံးအကြိမ် အနိုင်ရရှိခဲ့အတွက် အချိန်တိုအတွင်း ဆုရယူနိုင်တဲ့ ပထမဦးဆုံး အမျိုးသမီးဂီတအဖွဲ့ဆိုလည်းမမှားပါဘူး…။ သူတို့အဖွဲ့ရဲ့ အောင်မြင်မှုကတော့ အံ့မခမ်းပါပဲ…။ တကယ်လည်း အရည်အချင်းကိုယ်စီ ရှိကြပြီးတော့ ပညာသားပါပါ ဖျော်ဖြေတင်ဆက်မှုပုံစံတွေကို သူတို့ဆီမှာတွေ့နိုင်ပါတယ်…။ YG အနေနဲ့ အချိန်အကြာကြီး လေ့ကျင့်ပြီးမှ ပွဲထုတ်ခဲ့ရကျိုးနပ်ခဲ့ပါတယ်…။ အခုအခြေအနေထက်ပိုပြီး ဆက်လက်အောင်မြင်ဦးမလား၊ သူတို့ရဲ့ စီနီယာအဖွဲ့ဖြစ်တဲ့ 2NE1 ရဲ့အောင်မြင်မှုကိုရော မှီနိုင်မှာလားဆိုတာကတော့ စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်….။ လောလောဆယ် ပြိုင်ဖက်အဖွဲ့တွေထဲမှာတော့ Black Pink က တကယ်အရည်အချင်းရှိရှိနဲ့ ထိပ်ဆုံးနေရာရဖို့ကြိုးစားနေတဲ့ အမျိုးသမီးဂီတအဖွဲ့တစ်ခုဖြစ်ပါတယ်….။