အမေ့မွေးနေ့မှာ ပေးသင့်တဲ့ပန်း(၅)မျိုးနဲ့အဓိပ္ပါယ်များ

ကိုယ့်အမေရဲ့မွေးနေ့မှာ လက်ဆောင်လေးတွေပေးချင်ပေမယ့် ဘာပေးရမလဲမသိဘူးဆိုရင်တော့ ပန်းစည်းလေးတွေပေးပါလို့ အကြံပြုချင်ပါတယ်…..။ ဘာလို့လဲဆိုတော့ ပန်းတွေမှာက အဓိပ္ပါယ်တွေအများကြီးရှိတယ်လေ.... ။ ပန်းပေးတယ်ဆိုတာ အမေကိုချစ်တဲ့ချစ်ခြင်းတရားနဲ့ ကျွန်မတို့ဘဝမှာ အမေကိုဘယ်လောက်တန်ဖိုးထားလဲ၊ ဘယ်လောက် ကျေးဇူးသိတတ်လဲဆိုတာကို ပြသနိုင်တဲ့အရာလည်းဖြစ်တယ်...။ ပန်းကလေးတွေဆိုတာ လူကိုပျော်ရွှင်စေတဲ့အတွက် ပန်းရတဲ့မေမေတွေလည်း ဝမ်းသာကြမှာပါ။

ဒီတော့ အမေ့မွေးနေ့မှာပေးသင့်တဲ့ ပန်းငါးမျိုးနဲ့ သူတို့ရဲ့အဓိပ္ပါယ်လေးကိုပြောပြပေးပါမယ်….

၁။ ဇော်မွှားပန်း

ဇော်မွှားပန်းဆိုတာက အမေများနေ့တွေ၊ အမေရဲ့မွေးနေ့တွေမှာ ပေးလေ့ရှိတဲ့ ပန်းတစ်မျိုးပေါ့။ ပန်းရောင်ဇော်မွှားပန်းက ကျေးဇူးတင်ရှိခြင်းနဲ့ ချစ်ခြင်းကိုကိုယ်စားပြုပြီး အနီရောင်ဇော်မွှားပန်းကတော့ လေးစားမှုကိုကိုယ်စားပြုတာပါ။ အဖြူရောင်ဇော်မွှားပန်းကတော့ တော်တော်များများပေးလေ့ရှိတဲ့ ပန်းလည်းဖြစ်တယ်။ သေဆုံးသွားတဲ့အမေကို သတိရအောက်မေ့တဲ့အနေနဲ့လည်း ပေးလေ့ရှိကြတယ်။
ဒီဇော်မွှားပန်းလေးတွေက  ဈေးမှာ တစ်စည်းကိုမှ ၂၀၀၀ ဘဲပေးရပါတယ်။

၂။ နှင်းဆီပန်း

နှင်းဆီပန်းဆိုတာကတော့ အရမ်းလူကြိုက်များတဲ့ပန်းပဲလေ။ နှင်းဆီတွေက အရောင်တွေအမျိုးမျိုးနဲ့ ကွဲပြားတဲ့အဓိပ္ပါယ်တွေရှိကြတယ်။ အဖြူရောင်နှင်းဆီက ကောင်းမွန်ခြင်း၊ စစ်မှန်ခြင်းနဲ့ ရိုသေလေးစားခြင်းကို ကိုယ်စားပြုတာဖြစ်ပြီး အဝါရောင်နှင်းဆီကတော့ ကြီးမားတဲ့သံယောဇဉ်နဲ့ အလေးထားမှု၊ ရိုသေကိုင်းရှိုင်းမှုကို ဖော်ပြရာရောက်ပါတယ်။ နောက်ပြီး ပန်းရောင် နှင်းဆီပန်းကတော့ တင့်တယ်စေတဲ့အထိမ်းအမှတ် သင်္ကေတပါတဲ့။
နှင်းဆီလေးတွေကတော့ တစ်ပွင့်ကို ၁၀၀ တန်ကနေ အရောင်ပေါ်မူတည်ပြီး ဈေးကွာခြားပါတယ်။ လိမ္မော်ရောင် ပန်းဆီရောင်တို့ဆို တစ်ပွင့်ကို ၂၅၀ - ၃၀၀ အထိပေးရပါတယ်။

၃။ ကျူးလစ်

ကျူးလစ်ပန်းစည်းတစ်စည်းဟာ အမေရဲ့မွေးနေ့ကိုပိုပြီးတောက်ပစေတဲ့ လှပစေတဲ့ လက်ဆောင်တစ်ခု ဖြစ်လာနိုင်ပါတယ်။ ကျူးလစ်ဟာဆိုရင် ချစ်ခြင်းတရားကိုဖော်ပြတာပါ။ ပိုသေချာအောင်ပြောရမယ်ဆိုရင်တော့ ပန်းရောင်ကျူးလစ်က ဂရုစိုက်မှုကိုဖော်ပြတာဖြစ်ပြီး အနီရောင်ကျူးလစ်ကတော့ စစ်မှန်တဲ့ချစ်ခြင်းကိုဖော်ကျူးတာပါ။ အဝါရောင်ကျူးလစ်ကတော့ ပျော်ရွှင်ကြည်နူးတဲ့စိတ်ကို ဆောင်ကျဉ်းပေးပါတယ်။ ကျူးလစ်ကတော့ ဝယ်ရတာ နည်းနည်းခက်ပါတယ်။ ဈေးလည်း ကြီးလို့ လိုချင်ရင် Floral service တွေမှာရှာကြည့်နိုင်ပါတယ်။

၄။ သစ်ခွ

သူတို့က အရောင်အသွေးစုံစုံလင်လင်နဲ့ နှစ်လိုဖွယ်ကောင်းပြီး ခန့်ညားမှု၊ တည်ငြိမ်မှုတို့နဲ့အတူ ရောက်ရှိလာတဲ့ ပန်းအမျိုးအစားပေါ့။ သစ်ခွတွေက ချစ်ခြင်း၊ ယဉ်ကျေးသိမ်မွေ့ခြင်းနဲ့ လှပခြင်းတို့ရဲ့ သင်္ကေတလည်းဖြစ်တယ်။ တရုတ်တွေအတွက်တော့ သစ်ခွဆိုတာ “Many Children” ဆိုတဲ့သင်္ကေတပါ။ သစ်ခွလေးတွေကတော့ တစ်စည်းကို ၁၅၀၀- ၂၀၀၀ ပေးရပါတယ်။ အများအားဖြင့် ခရမ်းရောင်နဲ့ ပန်းရောင်သစ်ခွတွေ ရှိတာ များပါတယ်။ဒီလို သစ်ခွပန်း ၂စည်းလောက်ကိုဝယ်ပြီး အောက်ခြေနားကနေ ဖဲကြိုးလေးစည်းလိုက်ရုံနဲ့တင် မေမေ့အတွက် လှပတဲ့ပန်းစည်းလေးရနေပါပြီ။

၅။ လီလီ

မိခင်တွေတော်တော်များများ ချစ်ခင်နှစ်သက်တဲ့ပန်းပါပဲ... လီလီပန်းတွေက အမျိုးအစားကွဲပြားစွာလာကြတယ်။ အဖြူရောင်လီလီပန်းက စစ်မှန်မှုနဲ့ ခန်ညားမှု၊ သိက္ခာရှိမှုကိုဖော်ဆောင်ပါတယ်။ လီလီပန်းက မိခင်တွေအတွက်တော့ အထိမ်းအမှတ်ဖြစ်စေတဲ့ တရုတ်သင်္ကေတဖြစ်ပြီး Calla Lili တွေကတော့ လှပခြင်းအတွက် တည်ရှိနေတာပါ။

we စာဖတ်ပရိတ်သတ်တို့ရေ....လီလီပန်းလေးကလွဲလို့ ကျန်တဲ့ပန်းတွေဟာ မြန်မာနိုင်ငံမှာ လွယ်လွယ်ကူကူ ဈေးသက်သက်သာသာနဲ့ ရတဲ့ပန်းလေးတွေဖြစ်ပါတယ်။  ဒီပန်းလေးတွေကို Floral Ser vice မှာဝယ်တာထက် မိမိဘာသာဈေးမှာဝယ်ပြီး ပါကင်ထုတ်ပိုးတဲ့စာရွက်လှလှလေးတွေနဲ့ ထုတ်ပိုးပြီး မေမေတွေကို ပေးလိုက်ကြပါစို့နော်...။

ပျော်ရွှင်ဖွယ် မေမေ့မွေးနေ့လေးဖြစ်ကြပါစေ။