ကလေးငယ်လေးတွေကို စပြီးကျွေးသင့်တဲ့ အသီးအနှံလေးများ

     မွေးခါစ ကလေးငယ်လေးတွေကို မိခင်နို့တစ်မျိုးထဲကိုပဲ တိုက်ကျွေးသင့်ပါတယ်…။ မိခင်နို့ပြီးရင်ကလေးကို အာဟာရပိုပြည့်စုံအောင် အသီးအနှံတွေကိုလည်း စမ်းပြီးကျွေးသင့်ပါတယ်…။ အသီးအနှံတွေကိုကျွေးတဲ့အခါမှာလည်း ကလေးအတွက်ကောင်းစေမယ့်အသီးအနှံမျိုးကိုကျွေးတာက အကောင်းဆုံးပါပဲ…။ ဘယ်အသီးအနှံတွေကနေစပြီးကျွေးရမလဲဆိုတာကို ဖော်ပြပေးလိုက်ပါတယ်…။

ကန်စွန်းဥ
     ကလေးငယ်ကိုပထမဦးဆုံး စမ်းပြီးကျွေးသင့်တဲ့ အသီးအနှံထဲမှာ ကန်စွန်းဥကတော့ အကောင်းဆုံးပါပဲ…။  ကန်စွန်းဥက ကလေးငယ်လေးတွေအတွက် နူးညံ့ပြီး ဝါးစားရလွယ်ကူစေပြီး အရသာကချိုတဲ့အတွက် ကလေးတွေကြိုက်နှစ်သက်တဲ့ အသီးအနှံမျိုးဖြစ်လို့ကျွေးရတာလည်းလွယ်ကူစေပါတယ်…။

မုန်လာဥနီ
     မုန်လာဥနီကလည်း ကလေးငယ်တွေကြိုက်နှစ်သက်စေမယ့် အသီးအနှံတစ်မျိုးပဲဖြစ်ပါတယ်…။ မုန်လာဥနီမှာလည်းချိုတဲ့ အရသာရှိတဲ့အတွက်ကြောင့် ကလေးငယ်တွေအတွက် အကြိုက်တွေ့စေမှာပါ…။မုန်လာဥနီမှာပါဝင်တဲ့ ဗီတာမင်အေ၊ ဘီ၊ စီ၊ ပိုတတ်စီယမ် နဲ့ ကယ်ဆီယမ်ဓာတ်တွေက ကလေးငယ်တွေရဲ့အရိုးများကို သန်မာစေဖို့အထောက်အကူပြုပါတယ်…။ ကလေးငယ်တွေ နာမကျန်းဖြစ်ခြင်းမှလည်းကာကွယ်ပေးနိုင်ပါသေးတယ်နော်…။ မုန်လာဥနီကို ကလေးငယ်လေးစားလို့ရလောက်တဲ့အထိ နူးညံ့အောင်ချက်ပြုတ်ပြီးမှကျွေးတာက ပိုသင့်တော်ပါတယ်…။ ချက်ပြုတ်ရာမှာလဲ အရသာပါဝင်အောင် ဆား၊ ထောပတ်၊ သကြားတွေပါဝင်အောင်မချက်သင့်ဘူးနော်…။ မုန်လာဥနီမှာ အချိုဓာတ်ကအစထဲကပါဝင်ပြီးသားဖြစ်တာကြောင့် ကလေးငယ်ကိုကျွေးဖို့ အခြားအရသာတွေထပ်မထည့်ပါနဲ့တော့…။

ပဲသီးစိမ်း
     သင့်ကလေးငယ်က အစိမ်းရောင်အသီးအနှံများကိုစစားဖို့ အဆင်သင့်ဖြစ်လောက်ပြီလို့သင်ထင်ရင်တော့ ပဲသီးစိမ်းကိုစကျွေးနိုင်ပါတယ်…။ ပဲသီးစိမ်းကိုကျက်အောင်ချက်ပြုတ်ပြီး ကျွေးတာကပိုကောင်းပါတယ်…။ ပဲသီးစိမ်းမှာပါဝင်တဲ့ ဗီတာမင်အေ နဲ့ ဗီတာမင်ကေက သင့်ကလေးငယ်ကို ဖျားနာခြင်းမှလည်း ကာကွယ်ပေးနိုင်ပါတယ်…။ ပဲသီးစိမ်းက ကလေးငယ်လေးတွေအတွက် နောက်ထပ်အစိမ်းအသီးအနှံများကို စားချင်စိတ်ဖြစ်သွားစေမယ့် အသီးပဲဖြစ်ပါတယ်…။

ရွှေဖရုံသီး
     ရွှေဖရုံသီးမှာ ကယ်ဆီယမ်၊ ဗီတာမင်နဲ့ အမျှင်ဓာတ်တွေများစွာပါဝင်တာကြောင့် အသက်၄လကနေ ၆လကြားကလေးငယ်လေးတွေကိုကျွေးဖို့ အသင့်တော်ဆုံးပါပဲ…။ ချိုတဲ့အရသာရှိပြီး နူးညံ့လို့ကလေးငယ်တွေအတွက် မျိုချရလွယ်ကူစေပါပြီး သင့်ကလေးကိုအာဟာရပြည့်ဝစေပါတယ်…။

ပန်းဂေါ်ဖီစိမ်း
     ပန်းဂေါ်ဖီစိမ်းကိုတော့ အသက် ၈ လ ကနေ ၁ဝ လ ကလေးငယ်တွေကိုစတင်ကျွေးပေးသင့်ပါတယ်…။ပန်းဂေါ်ဖီစိမ်းက အရသာပါဝင်မှုနှုန်းပိုများတာကြောင့် နည်းနည်းကြီးတဲ့ ကလေးတွေပိုအကြိုက်တွေ့စေပါတယ်…။ ပန်းဂေါ်ဖီစိမ်းမှာ ဗီတာမင်ဓာတ်နဲ့ အမျှင်ဓာတ်ကြွယ်ဝစွာပါဝင်တာကြောင့် သင့်ကလေးငယ်ကို အာဟာရကြွယ်ဝစွာရရှိစေပါတယ်…။ နောက်တစ်ခုက ကလေးကိုစိတ်ဝင်စားပြီးစားချင်စိတ်ဖြစ်လာအောင် ပန်းဂေါ်ဖီစိမ်းက သစ်ပင်နဲ့တူကြောင်းပြပြီးကျွေးနိုင်ပါတယ်…။