တစ်ယောက်စာလိမ္မော်သီးရေခဲမုန့် အလွယ်ပြုလုပ်နည်း

တစ်ယောက်ထဲပျင်းတဲ့အခါမှာ အပျင်းပြေမုန့်လုပ်စားလို့ရအောင် တစ်ယောက်စာ လိမ္မော်သီးရေခဲမုန့်ကို အလွယ်ကူဆုံးနည်းနဲ့ ဘယ်လိုပြုလုပ်ရမလဲဆိုတာလေးကို မျှဝေပေးလိုက်ပါတယ်။ အရမ်းကိုလွယ်ကူလွန်းလို့ လုပ်စားရတာ အဆင်ပြေစေမှာပါ။

ပထမဆုံးအနေနဲ့ ပန်းကန်ထဲကို မုန့်လုပ်ခရင်မ် - ခွက်ရဲ့ လေးပုံပုံ သုံးပုံစာထည့်ပြီး (၁၀) မိနစ်လောက် မွှေစက်နဲ့မွှေပါ။ ပြီးရင်တော့ သကြားမှုန့် - လက်ဖက်ရည်ဇွန်းတစ်ဇွန်းခွဲစာထည့်ပြီး ထပ်မွှေပါ။

နို့မှုန့်ကိုလည်း လက်ဖက်ရည်ဇွန်းတစ်ဇွန်းစာထည့်မွှေပါ။ ပြီးတာနဲ့ လတ်ဆတ်တဲ့ လိမ္မော်သီးအခွံကို လက်ဖက်ရည်ဇွန်းတစ်ဝက်စာလောက်ရအောင် ခြစ်ထည့်ပြီး မွှေပါ။

အားလုံးပြီးရင်တော့ လတ်ဆက်တဲ့ လိမ္မော်သီးနှစ်လုံးကို အလယ်ကနေခြမ်းပြီး အရည်ညှစ်ချပေးရပါမယ်။ ရလာတဲ့အရည်တွေကို ပန်းကန်ထဲရောထည့်ပြီး မွှေစက်နဲ့ထပ်မွှေပါ။

ပြီးရင်တော့ food color လိမ္မော်ရောင်အနည်းငယ်နဲ့ ဆားကိုနည်းနည်းလေးထည့်ကာ ထပ်မွှေပါ။

မွှေပြီးရင်တော့ ဘူးတစ်ခုထဲကိုပြောင်းထည့်ပြီး ရေခဲသေတ္တာထဲမှာ ၈ နာရီ (သို့) ၉ နာရီလောက် ထည့်ထားပေးရပါမယ်။

ရေခဲသေတ္တာထဲကထုတ်ရင်တော့ ပန်းကန်တစ်ခုထဲကို ဇွန်းလေးနဲ့ခပ်ထည့်ပြီး လိမ္မော်သီးလေးတွေနဲ့ အလှဆင်ကာ စားသုံးနိုင်ပါတယ်။

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။