အသည်းကွဲပြီးနောက်ပိုင်း ကိုယ့်ကိုယ်ကို အရှုံးသမားတစ်ယောက်လို့ မသတ်မှတ်ပါနဲ့

လူတိုင်းဟာ အမှားနဲ့မကင်းကြပါဘူး။ ကောင်းတာလုပ်ရင် ကောင်းတာဖြစ်မယ်။ ဆိုးတာ လုပ်ရင် ဆိုးတာလေးတွေ ရင်ဆိုင်ရမယ်။ အကောင်းဖြစ်ဖြစ် အဆိုးဖြစ်ဖြစ် သင်ခန်းစာကိုယ်စီရှိပါတယ်။ အဓိကကတော့ ကိုယ်ယူတတ်ဖို့သာ လိုအပ်တာပါ။ ခုဆိုရင် သင်သာ အသည်းကွဲခဲ့ရင် ကိုယ့်ကိုယ်ကို အရှုံးသမားတစ်ယောက်လို့မသတ်မှတ်ထားပါနဲ့။
တခါတလေ အပယ်ခံ ဘဝဟာ ရှေ့အနာဂတ်အတွက် အဆင်သင့်မဖြစ်သေးလို့ ပြင်ဆင်ချိန်ပေးတယ်ဆိုတဲ့သဘောမျိုးပါ။ အဲလိုအခြေအနေမျိုးမှာ ကြုံခဲ့ရင် မခံစားပါနဲ့လို့တော့မတားပါဘူး။ လူတိုင်းက ခံစားတတ်တဲ့ နှလုံးသားရှိတဲ့သူတွေကြီးပါပဲလေနော့်။ ခံစားပါ။ တစ်ခုတော့ ရှိတာပေါ့။ ထိုခံစားမှုဒဏ်ကို စိတ်သက်သာအောင် ဘယ်လိုနေရမလဲဆိုတာ ကိုယ်ကိုယ်တိုင်လည်း ကြိုးစားပြီနေလို့ရပါတယ်။


ကျွန်တော်သာဆိုရင် ကျွန်တော်ဟာ အရမ်း Sensitive ဖြစ်တတ်တဲ့ လူစားမျိုးထဲမှာပါပါတယ်။ တခုခုဆို အရမ်းခံစားရတာလွယ်တယ်။ တခါတလေ ချစ်သူရည်းစားမဟုတ်တာတောင် ကိုယ့်သူငယ်ချင်း အပေါင်းအသင်းတွေက ကိုယ့်ကို အပြင်သွားလို့ မခေါ်တာမျိုး၊ တခုခုဆို မပြောပြတာမျိုးဆို အရမ်းခံစားရတယ်။ ဒါမယ့် စိတ်ဖြေရတာပေါ့။ ထိုအခြေအနေကို ကြုံလာတဲ့အခါတိုင်းမှာ ကျွန်တော်ဆို စိတ်ထဲမှာ “ကိုယ်သာ ကိုယ့်ကိုယ်အချစ်ဆုံးပါ။” ဆိုတဲ့ အတွေးမျိုး အမြဲတမ်းထည့်စဉ်းစားပေးတယ်။ ၁၀၀ % စိတ်သက်သာရာမရပေမယ့် စိတ်ခံစားရတဲ့ဒဏ် နည်းနည်း လျော့လာတယ်။


အသည်းကွဲခဲ့တုန်းကလည်းအဲလိုပါပဲ။ ထင်ရာလျှောက်လုပ်ဖြစ်ပါတယ်။ တကယ်တမ်းပြန်စဉ်းစားကြည့်ရင် ဒါတွေအားလုံးဟာ Nonsense တွေပါ။ သူစိမ်းတစ်ယောက်ကို ကိုယ့်လက်တွဲဖော်တစ်ယောက်ဖြစ်လာအောင် ကြိုးစားရတဲ့ အခြေအနေက မလွယ်ကူလွန်းလှပါတယ်။ ဒါကြောင့် အသည်းကွဲရင်လည်း “အော် သူနဲ့ငါ အစကတည်းက သူစိမ်းတွေပဲ ဘာလို့ မနေနိုင်ရမှာလဲ။” ဆိုတဲ့ အတွေးမျိုးတွေးပြီး နေကြည့်။ ကိုယ့်ကိုယ်ကို နှစ်သိမ့်ပေးတဲ့ အနေနဲ့ အနားယူပါ။ အနားယူတယ်ဆိုတာ ရက်တို ရက်ရှည်ခရီးတွေ ထွက်လို့ရရင် ပိုအဆင်ပြေတာပေါ့။ ကိုယ်နဲ့ ခင်မင်ရင်းနှီးနဲ့ သူငယ်ချင်းတွေ စုပြီး ပျော်ပျော်ခရီးထွက်ရင်ခြင်းအားဖြင့် သင်ခံစားနေရတဲ့ အသည်းကွဲဒဏ်တွေ ပျောက်သွားပါလိမ့်မယ်။ သူသာရှိရင် ဆိုတဲ့ အတွေးမျိုးတော့ လုံးဝမတွေးမိစေနဲ့။

ခရီးတွေမထွက်ဖြစ်ဘူးရင်တော့ သူငယ်ချင်းတွေနဲ့ Gathering လုပ်ပြီး တော်ကီတွေ ဘာတွေ ပွားလို့ရတယ်။ ကိုယ့်ကိုယ်ကိုလည်း စိတ်မပျက်နဲ့။ ကိုယ်အသုံးမကျလို့ဖြစ်တာပဲ ဆိုတဲ့အတွေးမျိုးလည်းမတွေးနဲ့။ ကိုယ့်ကိုယ်ကို ဘယ်လိုလှအောင် ဘယ်လိုကောင်းအောင် ဘယ်လို တော်လာအောင် နေရမလဲပဲစဉ်းစားပါ။ တချို့လူတွေက အသည်းကွဲပြီးနောက်ပိုင် ပိုပိုလှလာကြတယ်။ အကြောင်းပြချက်ကဘာလဲသိလား။ သူတို့ကိုသူတို့ ဘယ်တော့မှ အရှုံးသမားတစ်ယောက်လို့ မသတ်မှတ်ထားတဲ့အပြင် ပူလောင်မှုတွေပေးတတ်တဲ့ ထို အဆိပ်အတောက် RS တွေအတွက်လည်း ခံစားဖို့ အချိန်မပေးခဲ့လို့ပါ။


မြန်မာပြည်ကို လာသွားတဲ့ Pope Francis ရဲ့ သိမ်မွေ့လှတဲ့ သတိပေးချက်တွေထဲကတစ်ခုကို ပြောပြရမယ်ဆိုရင် “ဘဝက တခဏနဲ့ ကုန်သွားမှာနော်။ လူတွေနဲ့ရန်မဖြစ်ပါနဲ့။ ကိုယ့်ခန္ဓာကိုယ်ကိုလည်း သိပ်မဝေဖန်ပါနဲ့။ သိပ်ပြီး မညည်းညူ ပါနဲ့။ ငွေတောင်းခံ ပြေစာ တွေအတွက်အိပ်ရေးပျက်မခံပါနဲ့။ သင့်ကို ပျော်ရွှင်စေတဲ့ ပုဂ္ဂိုလ် ကိုရှာပါ။ သင်အမှားလုပ်မိရင်တောင် မေ့လိုက်ပါ။ ပျော်ရွှင်စရာတွေ ဆက်ရှာပါ။” ဆိုတာပေါ့။ ဒါကြောင့် ပြောချင်တာက အသည်းကွဲပြီးနောက်ပိုင်း ကိုယ့်ကိုယ်ကို အရှုံးသမားတစ်ယောက်လို့ မသတ်မှတ်ပါနဲ့။ ဘယ်လို အချိန်တိုင်း ဘယ်လိုပျော်ပျော်နေရမလဲဆိုတာကိုပဲစဉ်းစားပါ။


we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။