၀က်သား ချဉ်စပ် ဟင်းရည်လုပ်စားမယ်

ဒီတစ်ခေါက်မှာတော့ ဝက်သားကို ဟင်းချက်စားရမှာ အီတဲ့ သူတွေ အတွက် အရည်သောက် ချဉ်စပ် ဟင်းလေးချက်နည်းလေးကို ပြောပြပေးပါ့မယ်နော်။ ချက်ရတာကလည်း လွယ်လွယ်လေးပါနော်။ ထိုင်းပုံသံ ချက်မယ့်အတွက် ချဉ်ချဉ်စပ်စပ် လေးတွေကို အသားပေးပြီး ချက်သွားမှာနော်။ ဒီတော့ ပါဝင်ပစ္စည်းလေးတွေနဲ့ လုပ်နည်းလေးတွေကို ပြောပြပေးမယ်နော်။


ပါဝင်ပစ္စည်းလေးတွေကတော့
၁. ဝက်သား ( မိမိနှစ်သက်သလောက် )
၂. ခရမ်းချဉ်သီး ( အလုံးသေး ၁၀ လုံး ကို နှစ်ခြမ်းစီ လှီးပါ )
၃. ကြက်သွန်ဖြူ ( ၅ မြွှာ )
၄. ရှောက်ရွက် ( အနည်းငယ် )
၅. ဂျင်း ( အနည်းငယ် )
၆. စပါးလင် ( နှစ်ပင် )
၇. ငရုပ်သီးအကျက်မှုန့် ( စားပွဲတင်ဇွန်း ၁ ဇွန်း )
၈. ဆား ( အနည်းငယ် )
၉. ငံပြာရည် ( အနည်းငယ် )
၁၀. မန်ကျည်းရည် ( အနည်းငယ် )
၁၁. ရေ ( မိမိစားမယ့် ပမာဏ )


ပြုလုပ်ပုံ အဆင့်ဆင့်
၁. အရင်ဦးဆုံး ရေကို ဆူပွက်နေအောင် တည်ထားပါ။ ထို့နောက် ကြက်သွန်ဖြူ၊ ဂျင်း၊ စပါးလင် ဓားပြားရိုက်ထားတာတွေကို ထည့်ပါ။
၂. အနံ့မွှေးလာပြီဆိုရင် ဝက်သား နဲ့ ခရမ်းချဉ်သီးကို ထည့်ပါ။
၃. ပြီးသွားရင်တော့ ငံပြာရည်၊ ဆား၊ မန်ကျည်းရည် တို့ကို ထည့်ပါ။ အဖုံး ဖုံးထားပြီး ဝက်သားနူးသည်အထိ ပြုတ်ပါ။
၄. ဝက်သားတွေ နူးလာပြီဆိုရင် ငရုပ်သီးအကျက်မှုန့် ထည့်ပါ။ ပြီးရင်တော့ မိမိနှစ်သက်ရာ အရသာ ရပြီဆိုရင် စားလို့ရပါပြီနော်။ ထိုင်းပုံစံချက်တဲ့ အတွက် ဆီမပါဘူးနော်။ ဟင်းရည်အရောင်က အရည်ကြည်လေးကိုမှ ငရုပ်သီးမှုန့် ရဲရဲ နဲ့ ချဉ်စပ်လေးဆိုတော့ သောက်လို့ကောင်းမှာပါနော်။

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။