ဆန်ဆေးရည်တစ်ခွက်ရှိရုံနဲ့ ဖြူစင်ဝင်းပတဲ့မျက်နှာလေးကို ပိုင်ဆိုင်နိုင်ပြီ

    ပျိုမေတို့ထမင်းချက်တဲ့အခါမှာ သွန်သွန်ပစ်နေတဲ့ ဆန်ဆေးရေက ပျိုမေတို့ရဲ့ မျက်နှာအသားအရေကို ကောင်းကျိုးတွေအများကြီးရှိစေတယ်ဆိုတာရော သတိထားမိရဲ့လား…။ ထမင်းချက်ဖို့ ဆန်ဆေးတဲ့အခါမှာရလာတဲ့ ဆန်ဆေးရေက မျက်နှာအသားအရေကို ကောင်းမွန်စေဖို့ အများကြီး အထောက်အကူပြုနေပါတယ်…။

     မျက်နှာအသားအရေ ကောင်းမွန်စေဖို့အတွက် ဆန်ဆေးရေကို အသုံးပြုကြတယ်ဆိုတာလည်း ဂျပန်အမျိုးသမီးတွေရဲ့ အလှအပ လျှို့ဝှက်နည်းတစ်ခုလည်း ဖြစ်ပါတယ်…။ ဂျပန်ကမိန်းကလေးတွေ ကြည်လင်ပြီး တင်းတင်းရင်းရင်းလေးနဲ့လှပတဲ့ အသားအရေမျိုးကို ပိုင်ဆိုင်ထားရတယ်ဆိုတာကလည်း ဆန်ဆေးရေကြောင့်ပဲဖြစ်ပါတယ်…။ ဒါကြောင့် ပျိုမေတို့လည်း ဆန်ဆေးရေကိုအသုံးပြုမယ်ဆိုရင်တော့ သိသာတဲ့အကျိုးရလဒ်တွေကို ရရှိလာမှာပဲဖြစ်ပါတယ်…။

- မျက်နှာအသားအရေကို တင်းရင်းစေပါတယ်…

     ဆန်ဆေးရေကိုတိုနာအနေနဲ့ အသုံးပြုမယ်ဆိုရင် မျက်နှာအသားအရေကိုတင်းရင်းပြီး ကြည်လင်လှပနေစေမှာပဲဖြစ်ပါတယ်…။ ပုံမှန်တိုနာအသုံးပြုနေကြအတိုင်းပဲ ဆန်ဆေးရေကို ပုံမှန်တိုင်းသုံးပေးမယ်ဆိုရင်တော့ သိသိသာသာနဲ့အချိန်တိုအတွင်းမှာ အသားအရေတွေကြည်လင်ပြီး လှပလာမှာပဲဖြစ်ပါတယ်…။

- ချွေးပေါက်တွေကိုလည်း ကျဉ်းစေပါတယ်…

     ဆန်ဆေးရေက ချွေးပေါက်တွေကိုလည်း ကျဉ်းစေနိုင်ပါတယ်…။ သင့်မျက်နှာမှာ ချွေးပေါက်တွေကျယ်နေတာက တော်တော်လေးကိုကြည့်ရဆိုးစေပြီး ဝက်ခြံတွေကိုလည်း ဖြစ်စေနိုင်ပါတယ်…။ ဒီလိုမျိုး ချွေးပေါက်တွေကျယ်နေပြီဆိုရင်တော့ ဆန်ဆေးရေက တကယ်ကိုအသုံးဝင်လာပါပြီ…။ ညဘက်အိပ်ခါနီးအချိန်မှာ မျက်နှာမှာရှိတဲ့မိတ်ကပ်တွေကို သေချာပြောင်စင်အောင် ဖျက်ပေးရပါမယ်…။ ဆန်ဆေးရေစွပ်ထားတဲ့ ဂွမ်းစလေးနဲ့ မျက်နှာအသားအရေပေါ်မှာ ပွတ်လိမ်းပေးပြီး ညအိပ်လိုက်ရုံပါပဲ…။ နေ့တိုင်းပြုလုပ်ပေးမယ်ဆိုရင်တော့ မျက်နှာပေါ်မှာရှိနေတဲ့ ချွေးပေါက်တွေကိုကျဉ်းသွားစေပြီး ကောင်းမွန်တဲ့အသားအရေမျိုးကို ရရှိမှာပဲဖြစ်ပါတယ်…။

- မျက်နှာအသားအရေကို ဖြူစင်လာစေပါတယ်…

     မျက်နှာအသားအရေကို ဖြူစင်ပြီး ကြည်လင်လာစေဖို့အတွက်ဆိုရင်တော့ ဆန်ဆေးရေကို ရေနေရာမှာအစားထိုးပြီး ပုံမှန်မျက်နှာသစ်ပေးတဲ့အတိုင်းပဲ သစ်ပေးလိုက်မယ်ဆိုရင်တော့ ဖြူစင်ပြီး ကြည်လင်တဲ့အသားအရေမျိုးကို ရရှိမှာပဲဖြစ်ပါတယ်…။

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။