ပန်းသီးကိုအရသာတစ်မျိုးနဲ့စားချင်သူများအတွက် အရသာရှိတဲ့ Cinnamon Apples ပြုလုပ်နည်း

ပန်းသီးကိုမှအရသာတစ်မျိုးထွင်ပြီး စားသုံးချင်တဲ့သူတွေအတွက် အရသာရှိပြီး လုပ်ရတာလည်း အဆင်ပြေစေမယ့် Cinnamon Apples ပြုလုပ်နည်းကို မျှဝေပေးလိုက်ပါတယ်။ ပန်းသီးကို Cinnamon အမှုန့်တွေနဲ့နယ်ကာ မုန့်ဖုတ်စက်ထဲထည့်ပြီး... ရလာတဲ့အခါမှာလည်း အပေါ်ကနေ ရေခဲမုန့်တွေ ပျားရည်တွေတင်ပြီး စားသုံးရမယ့် dessert တစ်မျိုးပါ..။ ဒီတော့ ထူးဆန်းတဲ့ဒီမုန့်လုပ်နည်းလေးကို လေ့လာကြည့်လိုက်ပါအုံး...။

ပထမဆုံးအနေနဲ့ ပန်းသီးတစ်လုံးကို ထိပ်ပိုင်းလှီးထုတ်ပြီး အထဲကအသားတွေကို ပုံမှာပြထားတဲ့အတိုင်း ဇွန်းလေးနဲ့ခြစ်ထုတ်ပြီး ပန်းကန်ထဲထည့်ပါ။ ပြီးတာနဲ့ ပန်းကန်ထဲကို သစ်ကြံပိုးခေါက်အမှုန့် - စားပွဲတင်ဇွန်းနှစ်ဇွန်းနဲ့ ပျားရည် - စားပွဲတင်ဇွန်းနှစ်ဇွန်းတို့ကို ထည့်ပြီး သမအောင်မွှေပေးပါ။ သစ်ကြံပိုးခေါက်အမှုန့်ကိုတော့ city mart တွေမှာလည်း ဝယ်ယူရရှိနိုင်ပါတယ်။

မွှေပြီးရင်တော့ ခွက်ပုံစံလေးဖြစ်သွားတဲ့ ခုနကပန်းသီးလေးထဲကို ပြန်ထည့်ပေးရပါမယ်။ ပန်းကန်ထဲမှာကျန်တာတွေ အားလုံးကုန်အောင်လုပ်မယ်ဆိုရင်တော့ နောက်ထပ် ခွက်ပုံစံလေးဖြစ်အောင်လုပ်ထားတဲ့ပန်းသီး သုံးလုံးလောက်ထပ်လိုပါတယ်။

ပြီးရင်တော့ pie crust dough လို့ခေါ်တဲ့ဂျုံပြား အပိုင်းအစလေးတွေကို အပေါ်ကနေ ပုံမှာပြထားတဲ့အတိုင်းလေး တင်ပေးရပါမယ်။ အားလုံးပြီးရင်တော့ အပူဒဏ်ခံနိုင်တဲ့ခွက် (သို့) အိုးထဲကိုထည့်ပေးပါ။ အပေါ်ကနေ ခလောက်ထားတဲ့ကြက်ဥအရည်တွေကို သုတ်ပေးရပါမယ်။ အပေါ်ကနေ cinnamon sugar လေးတွေကိုပါ ဖြူးပေးပါ။ ပြီးရင်တော့ မုန့်ဖုတ်စက်ထဲမှာ (၃၇၅) ဒီဂရီဖာရင်ဟိုက်နဲ့ ( ၂၅ - ၃၀) မိနစ် ထားပေးရပါမယ်။

မုန့်ဖုတ်စက်ထဲကထုတ်ရင်တော့ အပေါ်ကနေ ရေခဲမုန့်လေးတစ်ဇွန်းတင်... ပျားရည်လေးတွေဆမ်းပြီး စားသုံးနိုင်ပါပြီ...။

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။