အနားမှာ မမြင်ရတဲ့ဧည့်သည်တစ်ယောက်ရှိနေပြီဆိုရင်

တစ်ခါတစ်လေ အိမ်မှာနေရင်း၊ လမ်းသွားရင်း၊ အလုပ်ခွင်ထဲမှာနေရင်း …၊ ကြက်သီးတွေဖြန်းကနဲထသွားတာမျိုး၊ ရုတ်တရက် ကိုယ့်ရဲ့ခေါင်းတစ်ခုလုံး အကြီးကြီးဖြစ်လာသလိုမျိုး၊ အေးစက်နေတဲ့အရာတစ်ခုခုကိုယ့်အရေပြားပေါ်မှာ ထိတွေ့သွားသလိုမျိုးတွေ ခံစားဖူးကြမှာပေါ့။

ပုံမှန်ဆိုရင်တော့ ခန္ဓာကိုယ်ရဲ့ ပြောင်းလွယ်ပြင်လွယ်ဖြစ်နိုင်မှုသဘောတရား ( Flexibility ) အရ မတူညီတဲ့အပူချိန်တွေအပေါ်လိုက်ပြီး ခန္ဓာကိုယ်ကို မျှတအောင်လုပ်ဆောင်ပေးတဲ့သဘောပဲ။ ဒါပေမယ့်တစ်ခါတစ်လေကျတော့လည်း တစ်ချို့ တစ်ချို့သော အရာတွေက သိပ္ပံနည်းကျကျ လေ့လာဆန်းစစ်ပြီး အဖြေထုတ်ဖို့အတွက် ခက်ခဲလွန်းနေတယ်။

ကောင်းပြီ..  အခုန အပေါ်ကပြောခဲ့တဲ့ အချက်တွေကိုကြည့်ပြီး အီးပါချင်လို့ သေးပေါက်ချင်လို့ဖြစ်တာလို့တော့လာမပြောနဲ့ဗျ .. ။

အနံ႕

နိုင်ငံခြားအယူအဆနဲ့ ကျွန်တော်တို့အယူအဆနဲ့ တော်တော်တူပါတယ်။ တကယ်လို့များ မဖိတ်ခေါ်ထားတဲ့ဧည့်သည်တွေအနေနဲ့ သူတို့ရဲ့တည်ရှိမှုကိုအသိပေးဖို့အတွက် အနံ့တွေကိုသုံးပါတယ်။

ဒါပေမဲ့ အဲဒီအနံ့ဟာ ကျွန်တော်တို့မျှော်လင့်ထားသလို ပုပ်အဲ့အဲ့အနံ့ကြီးတွေ၊ အော်ဂလီဆန်စရာအနံ့တွေ ဟုတ်ချင်မှလည်းဟုတ်မယ်။ ခပ်အီအီရေမွှေးနံ့လေးတွေ၊ နောက်ပြီး ဆေးပြင်းလိပ်အနံ့တွေ၊ body mist အနံ့တွေ မျိုးစုံဖြစ်နိုင်တယ်။ ဒါပေမဲ့ သူတို့တွေရဲ့  စိတ်နေစိတ်ထားပေါ်မူတည်ပြီး အနံ့တွေက အမျိုးမျိုးပြောင်းနိုင်သေးသပ။

စိတ်ဆိုးဒေါသထွက်၊ သင့်ကိုအညှိုးအတေးကြီးနေတဲ့ဧည့်သည်တစ်ယောက်က ဆွတ်ပျံ့ကြည်နူးဖွယ်ရနံ့တွေတော့ဘယ်သုံးလိမ့်မလဲ ။

အရာဝတ္ထုတွေ လှုပ်ရှားနေတာ 

အဲဒီလိုအနေအထားမှာ နှစ်မျိုးရှိတယ်။

တစ်မျိုးက အရာဝတ္ထုသေးသေးလေးတွေက လှုပ်လှုပ်ရှားရှားဖြစ်နေတာ ၊ ဟိုကနေဒီကိုရွေ့လျားနေတာ၊ ဥပမာ စာအုပ်စင်ပေါ်ကစာအုပ်လေးတွေ ဘယ်ညာအထက်အောက်ရွေ့တာမျိုး၊ မီးအိမ်လေးဖွင့်လိုက်ပိတ်လိုက်ဖြစ်တာမျိုး၊ တီဗွီချန်နယ်တွေအမျိုးမျိုးပြောင်းနေတာမျိုး၊ ခဲတံတွေ ခဲဖျက်တွေ လေထဲမှာရွေ့လျားနေတာမျိုးပေါ့။ အဲဒါကတော့ သင့်အနားက ဧည့်သည်က ခပ်ကဲကဲလေး သင့်ကို စချင်နောက်ချင်တဲ့ သဘောမျိုးပါ။

နောက်တစ်ခုကတော့ ဗီရိုတွေလှဲချတာ၊ ခုံတွေ စားပွဲတွေ လေပေါ်မြောက်ပြီး နံရံတွေနဲ့ဆောင့်တာ၊ ခေါင်မိုးပေါ်ကို ကျောက်ခဲတွေသလဲတွေ ဂလောက် ဂလောက် နဲ့ပစ်တင်တာ၊ ပြတင်းမှန်တွေကွဲကုန်တာ၊ နောက်ပြီး အသက်အန္တရာယ်စိုးရိမ်ရလောက်တဲ့အထိ ပြုမူလာတာမျိုးကတော့ Poltergeist ( ပုဏ္ဍကတိုက်ခြင်း ) ဖြစ်သွားပြီ။

ရုတ်တရက် မူးဝေသွားသလို အားနည်းသွားသလို ခံစားရတာ 

အကောင်းကြီးကနေရုတ်တရက် လောကကြီးတစ်ခုလုံးချာချာလည်သွားသလိုမျိုး၊ ကိုယ့်ခန္ဓာကိုယ်ထဲက အားအင်တွေမရှိတော့သလောက်ဖြစ်သွားသလိုခံစားရတာမျိုး၊ လမ်းလျှောက်နေရင်းကနေ ရုတ်တရက် ခြေပစ်လက်ပစ်ထိုင်ချရလောက်အောင်ဖြစ်သွားတာမျိုး၊ အဲဒါတွေဟာ မမြင်ရတဲ့သူတွေရဲ့ စွမ်းအင်တစ်မျိုးကြောင့်ပါ။

သူတို့ရဲ့ခန္ဓာကိုယ်ဖွဲ့စည်းပုံဟာ အလွန်နူးညံ့တဲ့ Nether တွေနဲ့ဖွဲ့စည်းထားတယ်။ မြန်မာလိုပြန်ရရင် ဟင်းလင်းပြင်ထဲကဒြပ်တစ်မျိုးပဲ။ ထိတွေ့မရနိုင်ဘူး ..။ ထိုးဖောက်မြင်ရလောက်အောင်ကြည်လင်တဲ့အသွင်ကိုဆောင်တယ်။ ဒါပေမဲ့ မမြင်ရတဲ့သူတွေရဲ့ ခန္ဓာကိုယ်ဖွဲ့စည်းပုံတွေက တစ်ယောက်နဲ့တစ်ယောက်မတူညီတတ်ကြဘူး ..။

Nether အားနည်းတဲ့သူတွေအနားကဖြတ်သွားရင် လေပြေလေးတစ်ချက်အဝှေ့လိုမျိုးသာခံစားရတယ်။ ဒါပေမဲ့ Nether စွမ်းအင်များတဲ့သူတွေကတော့ သူတို့သွားရာလမ်းတစ်လျှောက်က သက်ရှိစွမ်းအင်တွေ ကိုတစ်ချို့တစ်ဝက်စုပ်ယူနိုင်တဲ့အစွမ်းရှိကြတယ်။ သူတို့တွေအနေနဲ့ တမင်လုပ်ကြတာမဟုတ်ပဲ သဘာဝအတိုင်းဖြစ်နေတဲ့ အလိုအလျောက်စွမ်းအင်တွေသာဖြစ်တယ်။ နေမကောင်းတဲ့သူတွေ နာတာရှည်ရောဂါခံစားနေရတဲ့သူတွေဆို အသက်သေဆုံးတဲ့အထိပါဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ ခန္ဓာကိုယ်ဇီဝကမ္မဖြစ်စဉ်တစ်ချို့အရလည်း ဖြစ်တတ်တာမို့ အဲဒီအခြေအနေတိုင်းကို တစ္ဆေ သရဲတွေကြောင့်ဖြစ်ရတာလို့ လှေနံဓါးထစ်ယူဆလို့မရပေဘူး။

များသောအားဖြင့် တချို့ Nether ဒြပ်ဖွဲ့စည်းမှုအရမ်းများလွန်းတဲ့ သူတွေကျတော့ သက်ရှိစွမ်းအင်ယဲ့ယဲ့လေးတွေကို တမင်လိုက်ရှာကြတယ်။သူတို့တွေကို အများဆုံးတွေ့ရတာ ဆေးရုံတွေ၊ ရင်ခွဲရုံတွေ နဲ့ အဆောက်အဦးအပျက်တွေမှာ ဖြစ်ပါတယ်။ Nether ဖွဲ့စည်းမှုအနည်းအများက အဲဒီလူမသေဆုံးခင်အချိန် သူ့ရဲ့စိတ်နဲ့ပဲဆိုင်တယ်လို့သိရတယ် ..။

ခြေသံ

ဒါကလည်း ကိုယ့်ရဲ့စိတ်နဲ့ဆိုင်တယ်။ တစ်ခါတစ်လေတော့ တကယ့်လူအစစ်ခြေသံအတိုင်းပုံမှန်ကြားရတာမျိုး၊ တစ်ခါတစ်လေ မှောင်မှောင်မဲမဲလမ်းကြားထဲလျှောက်နေရင်း နောက်ကနေ ခြေသံရှပ်ရှပ်နဲ့ ကြားရတာမျိုး၊ လူခြေတိတ်ချိန် ကိုယ့်အိပ်ယာအနားတစ်ဝိုက် လှည့်ပတ်နေတဲ့ ခြေသံတိုးတိုးလေးတွေကြားရတတ်တာမျိုးပေါ့။

စိတ်မပူပါနဲ့ ..။ တစ်ခါတစ်လေ ကြောင်တွေ ကြွက်တွေလည်းဖြစ်နေနိုင်လို့ပါ …။

အိမ်မွေးတိရစ္ဆာန်တွေ ထူးထူးဆန်းဆန်းပြုမူတတ်တယ် 

အမှောင်ထဲကိုကြည့်ပြီး ခွေးတွေဟောင်နေတာ၊ အူနေတာမျိုး၊ ကြောင်တွေ ခွီးကနဲအော်ပြီး အမြီးတွေဖွားကနဲထသွားတာမျိုး၊ နောက်ပြီး တခြားတိရစ္ဆာန်တွေ ရဲ့ထူးထူးဆန်းဆန်းပြုမူမှုမျိုးတွေကနေ သူတို့ရှိနေပြီဆိုတာသိနိုင်ပါတယ်။

အတိအကျမဟုတ်တောင် ၇၀% ကတော့သေချာနေတတ်တယ် ။

တစ်စုံတစ်ယောက် စိုက်ကြည့်နေသလိုမျိုး 

အဲဒါက ဘယ်လိုလဲဆိုတာ ပြောလို့မရဘူး။ ဒါပေမဲ့ကျွန်တော်တို့အားလုံးကြုံဖူးတာပဲ။ အလုပ်ထဲက လူတွေအကုန်အိမ်ပြန်ကြပြီ ၊ ကိုယ်တစ်ယောက်တည်းကျန်ခဲ့တယ်။ ခါတိုင်းလဲဒီလိုမျိုးပါပဲ  ဒီနေ့ကျမှ ဘာဖြစ်လို့နောက်ကျောမလုံသလိုဖြစ်နေရတာလဲ ??

အဲဒီလိုမျိုးခံစားမိတာ ကိုယ့်ရဲ့မသိစိတ်ထဲကလှုံ့ဆော်မှုတစ်ခုကြောင့်ပါ။ ကျွန်တော်တို့တွေမှာ သူတို့တွေရဲ့အကြည့်ကိုခံစားသိရှိနိုင်တဲ့ ဆက်နွယ်မှုတစ်ခုတော့ရှိနေကြတယ်။ ညဘက်နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေရာကနေ အိပ်မက်မမက်ပဲ ..၊ ဘာရယ်ကြောင့်မှမဟုတ်ပဲ ဖျတ်ကနဲလန့်နိုးတတ်ကြတယ်မဟုတ်လား။ အဲဒါသင့်ရဲ့အခန်းထောင့်တစ်နေရာ အမှောင်ထဲကနေ မမှိတ်မသုန်စိုက်ကြည့်နေတဲ့ တစ်စုံတစ်ယောက်ကြောင့်ဖြစ်ပါတယ်။

ဒါပေမဲ့ အဲဒါသာလူတစ်ယောက်ဆိုရင် သင်အဲဒီလိုခံစားရမှာမဟုတ်ပါဘူး ..။

လျှပ်စစ်ပစ္စည်းတွေ အလုပ်မလုပ်နိုင်တော့ 

အဲဒါကတော့ အဖြစ်နည်းတယ်ပြောရမယ် ..။ သတိပေးတာပေါ့လေ။ တကယ်လို့များအဲဒီလိုဖြစ်လာခဲ့ပြီဆိုရင်လည်း လက်ရှိနေရာကနေ ပြေးထွက်ဖို့သာပြင်ပေတော့။

ဘာဖြစ်လို့လဲဆိုတော့ နှစ်ပေါင်းများစွာ ပိတ်လှောင်ခံထားရတဲ့ မကောင်းဆိုးဝါးတစ်ချို့ဟာလွတ်မြောက်လာတဲ့အခါမှာ ဒေါသတွေ အငြိုးတွေ နဲ့ပြည့်နှက်နေတတ်တယ်။ သူတို့ရဲ့ခံစားမှုဟာပြင်းထန်လွန်းတာကြောင့် အနီးအနားက လမ်းမီးတိုင်တွေ၊ Transformer တွေ၊ မြေအောက်ပိုက်လိုင်းတွေနဲ့ လျှပ်စစ်ပစ္စည်းတွေမှာ ရှော့ခ်ဖြစ်တာ၊ အလုပ်မလုပ်တာ၊ ရုတ်တရက် ဘက်ထရီကုန်တာတွေ ဖြစ်တတ်တယ်။ ဓါတ်ငွေ့ပိုက်လိုင်းတွေ ဆီသိုလှောင်ကန်တွေ အလိုအလျောက်ပေါက်ကွဲပွင့်ထွက်တာမျိုးတွေပါရှိခဲ့ဖူးပါတယ်။

အဲဒီလိုအနေအထားမျိုးကတော့ အသက်အန္တရာယ်စိုးရိမ်ရတဲ့အခြေအနေပေါ့ ..။

 မြူမှုန်လိုအလုံးလေးတွေ 

အဲဒါကတော်တော်များများကြုံဖူးကြတယ်။

ဓာတ်ပုံရိုက်လိုက်ရင် ဓာတ်ပုံထဲမှာ မြူငွေ့လိုလို ၊ ဖုန်မှုန့်လိုလိုအလုံးလေးတွေ ပါလာတာမျိုး ။ သူတို့တွေရဲ့တည်ရှိမှုတွေဟာ မတူညီတတ်ဘူး။ လူတစ်ယောက်သဏ္ဍာန်ရှိတတ်သလို၊ တစ်ခါတစ်လေ ရေငွေ့လိုလို မြူခိုးလိုလိုရှိတတ်တယ် .. ။ဒါပေမဲ့ ဖုန်မှုန့်တွေ မီးခိုးငွေ့တွေ နဲ့ ခုနကပြောသလို အလုံးလေးတွေနဲ့က မတူဘူး။ တစ်ခါတစ်လေ မီးစုံးလို စိမ်းဖျော့ဖျော့ရှိတယ်။ တစ်ခါတစ်ခါကျရင်လဲ ဖြူဖွေးတောက်ပနေတဲ့အလုံးတစ်လုံး။နောက်တစ်မျိုးကျ နီရဲနေတဲ့ မီးလုံးကြီးတစ်လုံးလိုမြင်ရတတ်တယ်။

အဲဒါတွေကတော့ မျက်မြင်ထက်စာရင် ဓါတ်ပုံတွေ ကင်မရာမှန်ဘီလူးတွေထဲမှာ ပိုတွေ့ရပါတယ် ..။