ဘေစင်နှင့် ရေချိုးခန်း ပိုးမွှားကင်းစင်စေဖို့

မီးဖိုချောင်၊ ဘေစင်၊ အိမ်သာခွက်ထဲမှာရှိတဲ့ ပိုမွှားတွေကြောင့် ဖျားနာမှုတွေ ရနိုင်တယ်ဆိုတာကို အားလုံးသိကြပါတယ်။ ဒါပေမယ့် အိမ်သာခွက်ထက် ဘေစင်မှာ ပိုးမွှားတွေ ပိုများတယ်ဆိုတာကိုတော့ မသိကြပါဘူး။ပန်းကန်ခွက်တွေထဲက အစာအစအနတွေ၊ ပန်းကန်ဆေးရင်းကနေ ကပ်ကျန်နေတဲ့ အစားအစာတွေဟာ နာမကျန်းမှုဖြစ်စေတဲ့ ဘက်တီးရီးယားတွေကို ရှင်သန်ပေါက်ဖွားစေပါတယ်။ ဒီလိုပိုးကောင်တွေဟာ လက်တွေ၊ အစားအစာတွေဆီကို ရောက်ရှိလာပါတယ်။


အိမ်သာကို ပိုးသတ်ဖို့ သတိရကြပေမယ့် ဘေစင်ကို သန့်ရှင်းရေးပုံမှန်လုပ်ပေးဖို့တော့ မေ့နေတတ်ပါတယ်။ သန့်ရှင်းရေးလုပ်တယ်ဆိုရင်လည်း ရေနဲ့ဆေးချတာကို သန့်ရှင်းသွားပြီလို့ ထင်တတ်ပါတယ်။ တကယ်တမ်း ဘက်တီးရီးယားတွေ
မပေါက်ဖွားစေချင်ရင်တော့ ချွတ်ဆေးရည်ကို အသုံးပြုသင့်ပါတယ်။ ဆေးများများနဲ့ ဆေးချပစ်ပြီး ပိတ်ဆို့နေတာတွေကို ဖယ်ရှားပေးရပါမယ်။ ပြီးရင် လက်ဆေးဖို့လည်း မမေ့သင့်ပါဘူး။


လူတွေကို သန့်ရှင်းစေတဲ့ ဒီရေချိုးခန်းကြီးဟာ သူကိုယ်တိုင်တော့ မသန့်ရှင်းပါဘူး။ ရေချိုးခန်းရဲ့ ပိုက်ဆက် နေရာတိုင်းမှာ ပိုးမွှားတွေ ခိုအောင်းနေတတ်ပါတယ်။ ရေစိမ်ကန်တွေဆိုရင် ပိုဆိုးပါတယ်။

မှိုတွေဟာ စွတ်စိုထိုင်းမှိုင်းမှုကို သဘောကျတာကြောင့် ၈၁ ရာခိုင်နှုန်းသော ရေချိုးခန်းတိုင်းဟာ မှိုစွဲနေပြီး ၃၄ ရာခိုင်နှုန်းကတော့ ဘက်တီးရီးယားတွေ ခိုအောင်းနေတတ်ပါတယ်။ ဒါကြောင့်အိမ်သာကို သန့်ရှင်းရေးလုပ်ဖို့ သတိရတိုင်း ရေချိုးခန်းကိုပါ ထည့်သွင်းစဉ်းစားပါ။ အထူးသဖြင့် ပိုက်ဆက်နေရာတွေကို သတိထားပြီး သန့်ရှင်းရေးလုပ်ပေးပါ။