စားကောင်းလွန်းလို့ တစ်ခါစားပြီးတိုင်းထပ်စားချင်နေမယ့် Chocolate Peanut Butter Lava Cake ပြုလုပ်နည်း

အစားတလိုင်းလေးတွေအတွက် အီစိမ့်ပြီးစားကောင်းလွန်းလို့ တစ်ခါစားပြီးတိုင်း ထပ်ကာထပ်ကာစားချင်နေမယ့် Chocolate Peanut Butter Lava Cake ပြုလုပ်နည်းလေးကို မျှဝေပေးလိုက်ပါတယ်။ သူက မထင်ထားလောက်အောင်ကို လုပ်ရတာအရမ်းလွယ်ကူပါတယ်။ ပါဝင်ပစ္စည်လေးတွေကလည်း ရှာရခက်တာတွေမပါတဲ့အတွက် အရမ်းအဆင်ပြေစေတယ်လေ...။ Lava Cake တိုင်းကစားလို့ကောင်းတဲ့အတွက် ဒီ Lava Cake လေးကကော ဘယ်လောက်တောင် စားကောင်းနေမလဲဆိုတာကို သိရအောင်လို့ လုပ်ပုံလုပ်နည်းလေးတွေကိုကြည့်ပြီး လုပ်စားကြည့်လိုက်တော့နော်...။

ပထမဆုံးအနေနဲ့ ပန်းကန်လုံးထဲကို ချောကလက် - (၄) အောင်စနဲ့ ထောပတ် - စားပွဲတင်ဇွန်း (၈) ဇွန်းစာထည့်ပြီး အရည်ပျော်အောင် microwave ထဲမှာ (၁၅) စက္ကန့်လောက် ထည့်ထားလိုက်ပါ။

နောက်ထပ်ပန်းကန်လုံးထဲကိုတော့ ကြက်ဥ - (၃) လုံးဖောက်ထည့်ပြီး သကြား - ခွက်ရဲ့သုံးပုံပုံ တစ်ပုံစာနဲ့ vanilla - လက်ဖက်ရည်ဇွန်း (၁) ဇွန်းထည့်ပြီး သမအောင်မွှေပေးပါ။

ပြီးရင်တော့ ခုနကအရည်ပျော်အောင်လုပ်ထားတဲ့ ချောကလက်တွေနဲ့ ရောထည့်ပြီး သမအောင်မွှေလိုက်ပါ။ ပြီးတာနဲ့ အပူဒဏ်ခံနိုင်တဲ့ ပန်းကန်လုံးအသေးလေးတွေကိုယူပြီး ဘေးဘက်တွေမှာ ထောပတ်သုတ်ပေးပါ။ ချောကလက်အမှုန့် - စားပွဲတင်ဇွန်းတစ်ဇွန်းကို ဇကာနဲ့စစ်ပြီး ပုံမှာပြထားတဲ့အတိုင်း ပန်းကန်ထဲကိုစစ်ချပေးပါ။

ပြီးရင်တော့ မွှေထားတာတွေကို နည်းနည်းထည့်ပြီး အပေါ်ကနေ peanut butter တစ်ဇွန်းထည့်ပါ။ အပေါ်ကနေမှ မွှေထားတာတွေကို ထပ်ထည့်ပေးပါ။ ပြီးတာနဲ့ မုန့်ဖုတ်စက်ထဲမှာ (၄၂၅) ဒီဂရီဖာရင်ဟိုက်နဲ့ (၁၀) မိနစ်လောက်ထည့်ထားလိုက်ပါ။

မုန့်ဖုတ်စက်ထဲကထုတ်တာနဲ့ ပန်းကန်ထဲကိုမှောက်ချပြီး အပေါ်ကနေ ရေခဲမုန့်တစ်ဇွန်းတင်ပေးလိုက်ပါ။ ဒါဆိုရင်တော့ အီစိမ့်ပြီး စားလို့အရမ်းကောင်းတဲ့ Chocolate Peanut Butter Lava Cake လေးကို ရရှိသွားပါပြီ။

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။