ထူးဆန်းတဲ့ အိပ်မက်တွေကနေပြောပြနေတဲ့ အမှန်တကယ်ဖြစ်ရပ် ( ၁၃ ) ခု

ညဘက် ထူးထူးဆန်းဆန်း၊ ဒါမှမဟုတ် ကြောက်စရာကောင်းတဲ့အိပ်မက်တစ်ခုခုမက်ပြီး သန်းခေါင်ယံမှာ ကြောက်လန့်တကြားလန့်နိုးတတ်ကြဖူးမှာပါ။
တကယ်တော့အိပ်မက်ဟာ အိပ်မက်ပဲ၊ လက်တွေ့ဘဝနဲ့မနီးစပ်ဘူးဆိုပေမယ့် တစ်ချို့အိပ်မက်တွေကတော့ ကျွန်တော်တို့ အပြင်မှာကြုံနေ၊ဖြစ်နေတဲ့ ပြသနာတွေကို တိုက်ရိုက်ဖော်ပြနေတဲ့အဖြစ်အပျက်တွေလည်းဖြစ်နေနိုင်ပါတယ်။

( ၁ ) ရှုရှူး

အိပ်ယာထဲသေးပေါက်ချတဲ့အိပ်မက်တွေကို ကျွန်တော်တို့အားလုံးငယ်ငယ်ကမက်ဖူးကြလိမ့်မယ်။ အိမ်သာကြွေခွက်ရှေ့မတ်တပ်ရပ်ပြီး တင်းထားသမျှအားရပါးရလျှော့ချလိုက်တဲ့အိပ်မက်မျိုးပေါ့။ ပြီးရင်အပြင်မှာ တကယ်ရှူးပေါက်ချမိတာမျိုးဖြစ်နေတတ်တယ်။ အဲဒါကတော့ ငယ်ငယ်ကကြုံခဲ့ရတဲ့ဆီးမထိန်းနိုင်တဲ့အခြေအနေနဲ့တိုက်ရိုက်သက်ဆိုင်နေတာဖြစ်တယ်။

( ၂ ) အသားကုန်ပြေးရတာ

နောက်ကနေဘာမှန်းမသိတဲ့ကောင်တွေ၊ သတ္တဝါကြီးတွေ၊ မကောင်းဆိုးဝါးပေါင်း သောင်းခြောက်ထောင်လောက်ညာသံပေးပြီးလိုက်လာလို့ ထွက်ပြေးရတဲ့အိပ်မက်မျိုးတွေလူတိုင်းမက်ဖူးကြလိမ့်မယ်။ အဲဒါဟာ သင့်ရဲ့မအိပ်ခင်အချိန်အထိ တစ်နေ့တာလုံးအဆင်မပြေမှု၊ စိတ်ဖိစီးမှု နဲ့ သောကတွေကြောင့် ဖြစ်ရတဲ့အိပ်မက်တစ်ခုပါ။ ကြောက်စရာမရှိပါဘူး။

( ၃ ) ချောက်နက်ကြီးထဲပြုတ်ကျသွားတာ

အဆုံးမရှိတော့သလိုနက်ရှိုင်းလှတဲ့ချောက်ကြီးတစ်ခုထဲပြုတ်ကျသွားသလို၊ ရင်ထဲ အသည်းထဲအေးကနဲဖြစ်သွားတဲ့အိပ်မက်မျိုးတွေလည်းမက်ဖူးကြတယ်ဟုတ်။ အဲဒီအိပ်မက်မက်ပြီဆိုရင်တော့ သင်ဟာ ရှေ့ဆက်ရမယ့် လမ်းတွေ၊ အစီအစဉ်တွေ ၊ အလုပ်တွေ နဲ့ပတ်သက်လို့ စိုးရိမ်ပူပန်မှုတွေများနေတယ်ဆိုတာပါပဲ။ စိတ်ဖိစီးမှုလျော့ကျအောင်တရားထိုင်တာ၊ ဘာသာရေးလမ်းစဉ်တွေလိုက်နာကျင့်ကြံတာတွေလုပ်ပြီး စိတ်ကိုအနားပေးဖို့လိုပါတယ်။

( ၄ ) လှောင်ပိတ်မိတာမျိုး

ကားထိုင်ခုံထဲမှာ ထိုင်နေရင်း ထိုင်ခုံခါးပတ်ဖြုတ်မရတာ၊ မှောင်မိုက်နေတဲ့တစ်ကိုယ်စာအခန်း ( အခေါင်း ) တစ်ခုထဲမှာ လှောင်ပိတ်ခံရသလိုမျိုး မြင်မက်တယ်ဆိုရင်တော့ သင့်ရဲ့ မိတ်ဆွေအသိုင်းအဝိုင်း၊ သူငယ်ချင်းတွေ နဲ့ လုပ်ဖော်ကိုင်ဖက်တွေထဲမှာ သင့်ကိုချောက်ချမယ့်သူရှိနေပြီလို့ရည်ညွှန်းတာဖြစ်တယ်။ သတိထားဖို့လိုပါတယ်။

( ၅ ) လူသတ်မိတာ

အိပ်မက်ထဲမှာ တစ်ယောက်ယောက်ကို သတ်မိတာမျိုး၊ ဒါမှမဟုတ် လက်သီးနဲ့တရစပ်ထိုးနေမိတာမျိုးဆိုရင်တော့ သင့်ရဲ့ရင်ထဲမှာ ဒေါသတွေ၊ အမုန်းတွေနဲ့ပြည့်နေတာကိုရည်ညွှန်းတာပါ။ တကယ်လို့ အဲဒီလူဟာ သင်မုန်းတီးတဲ့သူဖြစ်နေမယ်ဆိုရင် သင့်အနေနဲ့ အဲဒီလူအပေါ်ဘယ်လောက်ထိ မကျေနပ်ချက်တွေများနေတယ်ဆိုတာကို ပြောပြနေတာဖြစ်ပါတယ်။ စိတ်လျှော့ပါ။

( ၆ ) အမှောင်ထုနဲ့အရိပ်တွေ

ဘာရယ်လို့ပြောမရတဲ့ အရိပ်တွေ၊ ထူးထူးဆန်းဆန်းနဲ့ကြောက်စရာအသွင်သဏ္ဍာန်တွေပြည့်နေတဲ့နေရာတစ်ခုကို မြင်မက်တယ်ဆိုရင် နှစ်ခုပြောလို့ရတယ်။ တစ်ခုကတော့ သင့်အနေနဲ့ သည်းထိတ်ရင်ဖိုတစ်စုံတစ်ခုကို စိတ်စွဲနေတာမျိုးပါ။ နောက်တစ်ခုကတော့ သင့်ရဲ့ဝိဉာဉ်ကိုယ်တိုင်က အဲဒီမကောင်းတဲ့နေရာကို လမ်းမှားပြီးရောက်သွားတာလို့ဆိုလိုပါတယ်။ ဘာသာရေးလုပ်ဖို့လိုအပ်နေတယ်လို့ဆိုလိုတာဖြစ်တယ်။

( ၇ ) အလုပ်ပိနေတာ

အိပ်မက်ထဲမှာတောင် လက်မှတ်တွေထိုး၊ customer ဆီဖုန်းတွေတဂွမ်ဂွမ်ဆက်၊ အစည်းအဝေးတွေလုပ်၊ စာရွက်စာတမ်းတွေတစ်ထပ်ကြီးဖြစ်နေတာမျိုးဆိုရင်တော့ သင့်ရဲ့ lifestyle ကိုပြန်ပြီးဆန်းစစ်ဖို့လိုနေပါပြီ။ သင်ဟာ အပြင်မှာလည်းတကယ်ကိုအလုပ်ပိနေတာဖြစ်တဲ့အတွက် အိပ်မက်ထဲမှာလည်းအလုပ်နဲ့ပိတ်သက်တဲ့အကြောင်းအရာတွေကိုစိတ်စွဲနေတာဖြစ်ပါတယ်။ ခရီးတိုလေးတွေသွားတာ၊ အပန်းဖြေတာမျိုးတွေလုပ်ပေးသင့်ပါတယ်။

( ၈ ) လမ်းတွေ နဲ့ ကောင်းကင်ကြီး

ပြာလွင်နေတဲ့ကောင်းကင်ကြီးအောက်က ဖြောင့်တန်းနေတဲ့လမ်းကြီး၊ ဘေးတစ်ဖက်တစ်ချက်မှာ အုန်းပင်တွေတန်းစီပြီးပေါက်နေတဲ့လမ်းမကြီးပေါ်မှာ ကားမောင်းနေရတာမျိုး၊ ဒါမှမဟုတ် ကောင်းကင်ပေါ်မှာ လွတ်လွတ်လပ်လပ်ပျံသန်းနေရတာမျိုးကို မက်တယ်ဆိုရင်တော့ ကောင်းတဲ့အလားအလာပါ။ သင်ဟာ လက်ရှိမှာပျော်ရွှင်နေပြီး အချစ်ကိုခံစားမိနေတာ၊ သင့်ရဲ့မိတ်ဆွေနဲ့အပေါင်းအသင်းတွေနဲ့အစေးကပ်နေတာ၊ အလုပ်အကိုင်တွေအဆင်ပြေနေတာလို့ရည်ညွှန်းပါတယ်။

( ၉ ) ကိုယ့်ကိုလိမ်နေတာ၊ ထားခဲ့တာ

ကိုယ့်ချစ်သူက နောက်တစ်ယောက်နဲ့ဖောက်ပြန်နေတာ၊ သူနဲ့အတူထွက်သွားပြီး ကိုယ့်ကိုထားခဲ့တာမျိုး ဆိုရင်တော့ သေချာပါတယ်။ အဲ့ဒါနိမိတ်တစ်ခုပါပဲ။ သင့်ချစ်သူဟာ စိတ်တွေထွေပြားနေတယ်၊ ဒါမှမဟုတ် သင်တို့ရဲ့ Relationship ကိုစိတ်ကုန်နေတယ်လို့ဆိုပါတယ်။ သတိထားပါ။ စောင့်ကြည့်ပါ။

( ၁၀ ) ကလေးလေးတွေကိုအိပ်မက်မက်တာ

အိပ်ပျော်နေတဲ့ကလေးလေး၊ ဒါမှမဟုတ် ကလေးလေးတွေဆော့ကစားနေတာ၊ ကိုယ်က ကလေးလေးတွေကို ချီနေရတာမျိုးကိုမက်တယ်ဆိုရင်တော့ သင့်အနေနဲ့ကလေးလေးတစ်ယောက်ကို အပြင်မှာတကယ်ပိုင်ဆိုင်တော့မယ့် နိမိတ်ဖြစ်တယ်လို့ဆိုတယ်။

( ၁၁ ) သွေးစုပ်ကောင်တွေ

သင့်ရဲ့ အသိုင်းအဝိုင်းထဲက တစ်စုံတစ်ယောက် ( သူငယ်ချင်း၊ လုပ်ဖော်ကိုင်ဖက်၊ မိတ်ဆွေ ) ဟာ သွေးစုပ်ဖုတ်ကောင်လို၊ မိစ္ဆာလိုလို ဖြစ်နေတယ်လို့ မက်ရင်သိပ်မကောင်းပါဘူး ..။ အဲဒီလူဟာ သင့်ကိုမထင်မှတ်ပဲဒုက္ခပေးမယ့်လူမျိုးဖြစ်တယ်လို့ဆိုပါတယ်။

( ၁၂ ) ချစ်နေကြတာ

အိပ်မက်ထဲမှာ တစ်စုံတစ်ယောက်နဲ့ ချစ်နေတယ် ( အိပ်ယာပေါ်မှာ ) လို့မက်ရင် သင်ဟာအပြင်မှာလည်း ချစ်ချင်နေတာ၊ ဒါမှမဟုတ် အချစ်ခံချင်နေတာဖြစ်တယ်လို့ဆိုပါတယ်။

( ၁၃ ) အရိပ်မမြင်ရတာ ( ဒါမှမဟုတ် ) ခေါင်းမပါဘူးလို့မက်တာ

အိပ်မက်ထဲမှာ မှန်တစ်ချပ်ကိုကြည့်နေရတယ်ဆိုပါစို့။ မှန်ထဲမှာသင့်ရဲ့ ပုံရိပ်ကိုမမြင်ရဘူး။ ဒါမှမဟုတ် မှန်ထဲကသင့်ပုံရိပ်မှာ ဦးခေါင်းမပါဘူးဆိုရင်တော့ အဲဒါဟာကောင်းတဲ့နိမိတ်တစ်ခုမဟုတ်ပါဘူး။ သင့်အနေနဲ့ အဲဒီလိုအိပ်မက်မျိုးမက်ခဲ့တယ်ဆိုတာမှန်ရင်တော့ အထူးသတိထားဖို့လိုနေပါပြီ။ သင့်အတွက် အသက်အန္တရာယ်ပေးနိုင်တဲ့အဖြစ်ဆိုးတစ်ခုခုနဲ့ ကြုံရတော့မယ်လို့ဆိုလိုတာဖြစ်တယ်။

Gabriel

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။