ခြောက်သွေ့တဲ့ဆံသားတွေကို ပြန်လည်ကောင်းမွန်လာစေမယ့် အိမ်တွင်းဆံသားထိန်းသိမ်းနည်း (၃) ခု…

     ခြောက်သွေ့ပြီးပျက်စီးနေတဲ့ဆံသားတွေက ဘာလိုမျိုးပုံသွင်းမှုတွေပဲလုပ်လုပ် လှပနိုင်မှာမဟုတ်ပါဘူး…။ ဆံနွယ်လေးတွေဆိုတာက မိန်းကလေးတိုင်းတန်ဖိုးထားတဲ့အရာတစ်ခုဖြစ်သလို ယောက်ျားလေးတွေတန်ဖိုးအထားဆုံးကလည်း မိန်းကလေးတွေရဲ့ဆံနွယ်လေးတွေပဲပေါ့…။ ဒီလိုမျိုး တန်ဖိုးထားပြီး မြတ်နိုးရတဲ့ဆံနွယ်လေးတွေကို အမြဲတမ်းလှပနေစေဖို့ကလည်း တာဝန်တစ်ခုလိုပဲနော်…။ သင့်ဆံသားလေးတွေကို အမြဲတမ်းလှပနေစေဖို့အတွက်ဆိုရင်တော့ ဒီအချက်တွေကို လိုက်လုပ်ကြည့်သင့်ပါတယ်…။

၁. အုန်းဆီလေးနဲ့ပြုပြင်မယ်…

အုန်းဆီမှာပါဝင်တဲ့ ဗီတာမင်ဘီ ဗီတာမင်စီနဲ့ သံဓာတ်တွေက ခြောက်သွေ့နေတဲ့ဆံသားတွေကို ပြန်လည်ကောင်းမွန်အောင် ဖြေရှင်းပေးနိုင်တာကြောင့် အုန်းဆီကိုသင့်ဆံသားမှာ နှံ့စပ်အောင်လိမ်းပေးပြီး ၁၅ မိနစ်လောက်ထားထားပေးပြီး ခေါင်းလျှော်ရည်နဲ့ သေချာပြောင်စင်အောင် လျှော်ပေးမယ်ဆိုရင်လည်း သင့်ဆံသားတွေကို ပြန်လည်ကောင်းမွန်ပြီး ကျန်းမာလာစေမှာပဲဖြစ်ပါတယ်…။

၂. ပျားရည်နဲ့သံလွင်ဆီအရော…

ပျားရည်နဲ့သံလွင်ဆီကို ရောပြီးသင့်ဆံသားတွေမှာလိမ်းပေးမယ်ဆိုရင်လည်း သင့်ဆံသားခြောက်သွေ့ ပျက်စီးတာတွေကို ပြန်လည်ကောင်းမွန်လာစေနိုင်ပါတယ်…။ သံလွင်ဆီစားပွဲတင်ဇွန်း ၆ ဇွန်းနဲ့ ပျားရည်စားပွဲတင်ဇွန်း ၄ ဇွန်းတို့ကိုရောပြီး ဆံသားအနှံ့လိမ်းပေးပြီး နာရီဝက်လောက်ထားထားပေးရမှာပဲဖြစ်ပါတယ်…။ ဆံသားတွေကို ခေါင်းပေါင်းလေးပေါင်းထားပေးဖို့တော့ မမေ့နဲ့နော်…။

၃. စတော်ဘယ်ရီသီးနဲ့ ပေါင်းတင်မယ်…

အခုက စတော်ဘယ်ရီသီးတွေ ပေါတဲ့ရာသီရောက်လာပြီဆိုတော့ စတော်ဘယ်ရီနဲ့ဆံသားတွေကို ပြန်လည်ကောင်းမွန်အောင် လုပ်လို့ရမယ့်နည်းလမ်းလေးကို ဖော်ပြပေးလိုက်ပါတယ်နော်…။ စတော်ဘယ်ရီသီးတွေကို ကြေညက်အောင်ချေပြီး ကြက်ဥအနှစ်နဲ့ သံလွင်ဆီစားပွဲတင်ဇွန်း ၃      ဇွန်းတို့ကိုရောမွှေပေးပြီး သင့်ဆံသားအနှံ့သုတ်လိမ်းပေးလိုက်ပါ…။ အချိန်အနေနဲ့မိနစ် ၂၀ လောက်ထားထားလိုက်ပြီးမှ ခေါင်းလျှော်လိုက်မယ်ဆိုရင်တော့ သင့်ဆံသားတွေကို ရေဓာတ်ပြန်လည်ဖြည့်တင်းပေးနိုင်ပြီး လှပတဲ့ဆံသားတွေကို ရရှိမှာပဲဖြစ်ပါတယ်…။

      ဒီလိုမျိုး သင့်ဆံသားတွေကို ပြန်လည်ကောင်းမွန်လာစေမယ့်နည်းလမ်းလေးကို သင့်ရဲ့ပိတ်ရက်တွေမှာ လုပ်ပေးမယ်ဆိုရင်တော့ အချိန်လည်းအများကြီးပေးစရာမလိုပဲ ပါဝင်ပစ္စည်းနည်းနည်းလေးတွေနဲ့ ပြုလုပ်နိုင်မယ့်နည်းလမ်းကောင်းလေးတွေပါနော်…။

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။