အထိုင်များတဲ့အလုပ်မျိုး လုပ်ရတဲ့သူတွေ သိထားသင့်တဲ့နည်းလမ်းကောင်းများ

အထိုင်များတဲ့အလုပ်မျိုးလုပ်ရတဲ့သူတွေက ဗိုက်မှာအဆီစုတာမျိုး၊ ညောင်းညာကိုက်ခဲတာမျိုးတွေ ဖြစ်တတ်ပါတယ်။ အဓိကကတော့ ကွန်ပျူတာသမားတွေပေါ့..။ ဒါကြောင့် ဘယ်လိုလုပ်ရင် ဗိုက်မှာအဆီစုတာတွေ လျော့ကျလာမလဲ၊ ညောင်းညာကိုက်ခဲတာတွေ သက်သာစေမလဲ ဆိုတာလေးတွေကို ပြောပြပေးပါမယ်...။

အလုပ်လုပ်နေရင်းနဲ့ အဆီအစိမ့်များတဲ့အစားအစာမျိုးတွေကို မစားမိပါစေနဲ့။ ဒီလိုအဆီတက်စေမယ့် အရာတွေကိုစားမယ့်အစား သစ်သီးလေးတွေစားပေးတာပိုကောင်းပါတယ်။

နောက်ပြီး ထမင်းစားပြီးရင် ခဏလောက်လမ်းလျှောက်ပါ၊ လှုပ်လှုပ်ရှားရှားလေးနေပေးပါ..။
ဘာလို့လဲဆိုတော့ တစ်ချိန်လုံးလည်း ထိုင်ပြီးအလုပ်လုပ်နေရတယ်၊ ဗိုက်တင်းအောင်အစာစားပြီးလည်း ထိုင်နေမယ်ဆိုရင် ဗိုက်အဆီကတော့ တက်လာမှာအသေအချာပါပဲ။ အထိုင်များရင် ဗိုက်လည်းပူလာတတ်ပါတယ်နော်။ ဒါကြောင့် ဆင်ခြင်ပေးဖို့လိုပါတယ်...။

ရေခဏခဏသောက်ပေးပါ..။ ဒါမှမဟုတ်လည်း ရေကို တစ်နာရီမှာ ဖန်ခွက်တစ်ခွက်ကုန်အောင် သောက်ပေးပါ။ ဒီလိုသောက်ပေးခြင်းက ရေဓာတ်ကောင်းစွာရရှိလို့ အစာချေစနစ်ကို ကောင်းမွန်စေပါတယ်...။

တစ်ခါတစ်လေ ထမင်းစားမယ့်အစား ဟင်းသီးဟင်းရွက်နဲ့အသားကို စားပေးပါ။ ဒါမှမဟုတ် အသီးအနှံ၊ သစ်သီးနဲ့ ဟင်းရွက်သုတ်တွေကို စားပေးတာလည်း အရမ်းကောင်းပါတယ်နော်...။

တစ်နာရီတစ်ခါလောက် အကြောဆန့်ပေးပါ၊ လမ်းထလျှောက်ပေးပါ။ ထိုင်နေရင်းနဲ့လည်း ခြေထောက်ကိုဆန့်ထုတ်တဲ့ လေ့ကျင့်ခန်းမျိုးလုပ်ပေးပါ။ ဒီလိုလုပ်ပေးခြင်းက ဝမ်းဗိုက်အောက်ပိုင်းကို လှုပ်ရှားစေလို့ ကယ်လိုရီတွေကိုလောင်ကျွမ်းစေတယ်။ တစ်နာရီ တစ်ခါ၊ နှစ်နာရီ တစ်ခါလောက် ဒီလိုလုပ်ပေးရင် ကယ်လိုရီတွေ လောင်ကျွမ်းသွားစေပါတယ်။ ညောင်းညာမှုတွေကိုလည်း သက်သာစေပါတယ်နော်...။

အိမ်ပြန်ရောက်ရင်လည်း ခဏလောက် လေ့ကျင့်ခန်း လုပ်ပေးသင့်ပါတယ်။ နောက်ကျောနဲ့ ခါး ညောင်းညာတာသက်သာဖို့ ဘောလုံးနဲ့လုပ်တဲ့ လေ့ကျင့်ခန်းမျိုးလုပ်ပေးသင့်ပါတယ်။

နောက်ပြီး လက်မောင်းလေ့ကျင့်ခန်းလည်းလုပ်ပေးပါ။ ဒီလိုတွေလုပ်ပေးခြင်းက ညောင်းညာမှုတွေကိုလည်း သက်သာစေတယ်။ အဆီမတက်အောင်လည်းထိန်းပေးတယ်။ နောက်ပြီး ညဘက်ဆိုလည်း နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်စေပါတယ်...။

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။