ငါးအရည်သောက် တောချက်ဟင်း ချဉ်ချဉ်ငန်ငန် စပ်စပ်လေး ချက်စားကြမယ်


ငါးဟင်းမကြိုက်တဲ့ အစားတလိုင်း ချစ်သူတွေ အတွက် ငါးအရည်သောက် တော်ချက်ဟင်း ချဉ်ချဉ်ငန်ငန် စပ်စပ်လေး ချက်နည်းလေးကို ပြောပြပေးမယ်နော်။ ဆီမပါပဲ အရည်သောက် ချက်မှာဆိုတော့ တကယ်ကို စားလို့ကောင်းပါတယ်။


ပါဝင်ပစ္စည်းလေးတွေကတော့
၁. ငပိရည် အစိမ်း ( စားပွဲတင်ဇွန်း ၃ ဇွန်း )
၂. ငါး ( ၁ ပိုင်း မိမိနှစ်သက်ရာ ငါးကို သုံးလို့ရပါတယ် )
၃. ငရုပ်သီးစိမ်း ( ၁၀ တောင့် ) အစပ်ကြိုက်ရင် များများ ထည့်လို့ရပါတယ်။
၄. မန်ကျည်းသီးရည် အနှစ် ( စားပွဲတင်ဇွန်း ၃ ဇွန်း )
၅. သံပုရာသီး ( ၁ လုံး )
၆. အချိုမှုန့် ( အနည်းငယ် )
၇. ငါးငံပြာရည် ( အနည်းငယ် )
၈. ရေ ( အနည်းငယ် )
၉. ကြက်သွန်ဖြူ ( ၁ လုံး )
၁၀. ဂျင်း ( အနည်းငယ် )
၁၁. စပါးလင် ( အနည်းငယ် )


ပြုလုပ်ပုံ အဆင့်ဆင့်
၁. အရင်ဦးဆုံး ချက်မယ့် အိုးထဲသို့ ရေ ထည့်ပြီး ရေဆူအောင် ထားပါ။
၂. ရေဆူလာရင် ငပိကို ဇကာလေးနဲ့ ထည့်ပြီး ရေနွှေးဆူတဲ့ အိုးထဲမှာ အရည်ဖျောပါ၊
၃. အရည်ဖျော်နေတဲ့ အချိန် ဇကာထဲက ငပိတွေကို ဇွန်းနဲ့ ချေပါ။ ဒါဆိုရင် ရေပွက်ပွက်ဆူတဲ့ အိုးထဲသို့ ငပိတွေ ဝင်သွားပါလိမ့်မယ်။  ဇကာထဲက ကျန်နေတဲပ ငပိအရိုးတွေကိုတော့ ဖယ်ထုတ်ပစ်ပါနော်။
၄. ပြီးရင် ငါးတုံးလေးတွေ ထည့်ပြီး ပြုတ်လိုက်ပါ။ ငါးကို မထည့်ခင် ငါးကို အရသာမှုန့်တွေနဲ့ အရင်နယ်ပါနော်။
၅. ဒါဆိုရင် ငါးငပိပြုတ်ရည်ကို ရရှိပါပြီနော်။ ငါးနူးတဲ့ အထိကို ဆူအောင်တည်ထားပါနော်။
၆. ငါးငပိပြုတ်ရည် တည်ထားတဲ့ အချိန်မှာ ဆုံထဲသို့ ကြက်သွန်ဖြူ၊ ဂျင်း၊ စပါးလင်၊ ငရုပ်သီးစိမ်းတွေကို ညက်အောင် ထောင်းပါနော်။
၇. ပြီးရင် ထောင်းထားတာတွေကို ငါးငပိပြုတ်ရည်ထဲသို့ ထည့်ပြီး မွှေလိုက်ပါ။
၈. ပြီးရင် မန်ကျည်းရည် အနှစ်၊ ငါးငံပြာရည်နဲ့အချိုမှုန့်တွေကို ထည့်ပြီး အရသာအပေါ့အငန်မြည်းကြည့်ပါ။ အရသာ အဆင်ပြေပြီဆိုရင် မီးချပြီး သုံးဆောင်လို့ရပါပြီနော်။

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။