ပျိုမေတို့ရဲ့ သွေးအမျိုးအစားအလိုက် အချစ်ရေးနဲ့ပတ်သက်တဲ့ဟောကိန်းများ

ကိုယ့်ရဲ့သွေးအမျိုးအစားအလိုက် တွက်ချက်ပြီး ခန့်မှန်းထားတဲ့ဟောကိန်းလေးတွေအများကြီးရှိပါတယ်။ ကိုယ်တို့လည်းထောင့်စေ့နေအောင်ဖတ်ဖူးကြပါရဲ့ ..။ ဒါပေမယ့် ဒီတစ်ခါပြောချင်တာကတော့ အချစ်ရေးမှာ ကံခေလွန်းတဲ့သွေးအမျိုးအစားလေးတွေအကြောင်းပါ။

( ၁ ) A သွေးပိုင်ရှင်လေးများ


အချစ်ရေးနဲ့ပတ်သက်လာရင် ရေခဲတုံးတစ်တုံးလို၊ ခပ်အေးအေးနဲ့ တည်တည်ငြိမ်ငြိမ်ရှိတတ်တဲ့သူလေးတွေပေါ့။ အေ သွေးလေးတွေရဲ့ မူလစရိုက်ကိုက ခပ်အေးအေးနေတတ်ကြတဲ့အတွက် သူတို့တွေဟာ အချစ်ရေးမှာရော၊ တခြားကိစ္စတွေမှာပါ တည်ငြိမ်သူလေးတွေ၊ ထုံပေပေလေးတွေလို့အပြောခံရတတ်ပါတယ်။ သူတို့တွေဟာ ပြသနာကို ရှောင်ရှားနိုင်ကြတာ၊ ဖြစ်လာမယ့် ပြသနာတွေကို ကြိုတင်တွေးဆတတ်ကြပြီး သူတို့ရဲ့စကားအသွားအလာကို ထိန်းသိမ်းတတ်ကြတဲ့အတွက် ပွင့်လင်းမှုမရှိဘူးလို့တစ်ခါတစ်ရံမှာလည်းအပြောခံရတတ်တယ်။ နောက်ပြီးအလုပ်ထဲမှာစိတ်နှစ်ပြီး အလုပ်အပါ်တာဝန်ယူစိတ်အပြည့်ရှိတတ်ကြတဲ့အတွက် လူမှုရေးနဲ့တစ်ခြားကိစ္စတွေမှာလစ်ဟင်းတတ်ကြတယ်။ သူတို့လေးတွေဟာ အနေအေးတတ်ပေမယ့်တကယ်တမ်းတော့အရမ်းနူးညံ့တဲ့နှလုံးသားပိုင်ရှင်တွေပါ။ ဒါပေမယ့် သူတို့ရဲ့အေးတိအေးစက်နဲ့မှုန်တေတေအမူအရာလေးတွေကြောင့် ချစ်သူရဲ့အထင်လွဲခြင်းကိုမကြာခဏခံရတတ်တယ်။ အချစ်ရေးမှာ အဲဒီလောက်ကံမခေကြပေမယ့် ချစ်သူရဲ့အားမလိုအားမရ၊ နားပူနားဆာလုပ်တာကို အမြဲခံနေရတဲ့သူလေးတွေပေါ့ ..။

( ၂ ) B သွေးပိုင်ရှင်လေးများ


လက်တွေ့ကျတဲ့သွေးပိုင်ရှင်လေးတွေပါ။ သူတို့တွေနဲ့ချစ်သူဖြစ်ရတာ တစ်ခါတစ်လေကျရင် လက်တွေ့အရမ်းဆန်တတ်လို့ သူတို့တွေကို နှလုံးသားမရှိဘူးလို့တောင်ထင်ရတယ်။ သူတို့ရဲ့ အချစ်အပေါ်ထားတဲ့ခံယူချက်ဟာ အနုအရွတွေ၊ ရိုဆန်ဆန်အပြုအမူမျိုးတွေမဟုတ်ပဲ ဒီအတိုင်းရင်ထဲမှာရှိနေရင် အချစ်ဖြစ်တယ် ဆိုတဲ့အတွက်ကြောင့် ငါ့အပေါ်ကို ချစ်မှချစ်ရဲ့လား လို့ချစ်သူရဲ့ မယုံသင်္ကာမျက်လုံးနဲ့အကြည့်ခံရသူတွေလည်းဖြစ်တယ်။ သူတို့ရဲ့ရင်ထဲကခံစားမှုတွေထက်စာရင် ဦးနှောက်ရဲ့စေစားရာကိုပဲဦးစားပေးကြတဲ့အတွက် ချစ်ရတဲ့ချစ်သူနဲ့ လွဲချော်ရတဲ့အဖြစ်မျိုးတွေလည်းရှိတတ်တယ်။ အဲ့တော့ ဘီ သွေးလေးတွေနဲ့ချစ်သူဖြစ်ရင် သူတို့တွေရဲ့ စိတ်သဘောထားကို နားလည်ပေးဖို့လိုပါတယ်။

( ၃ ) AB သွေးပိုင်ရှင်လေးများ


ပျော်ပျော်နေတတ်ကြတဲ့သွေးအုပ်စုလေးတွေပါ။ သူတို့တွေရဲ့ အချစ်အပေါ်မှာထားတဲ့ခံယူချက်က အတော်လေးပေါ့ပေါ့ပါးပါးဆန်ပါတယ်။ ကမ္ဘာပေါ်မှာ အချစ်ဆိုတဲ့အရာလောက် အရေးကြီးတာမရှိတော့ဘူးဆိုရလောက်အောင် အချစ်ကိုနောက်ဆုံးမှာထားတတ်ကြတယ်။ တကယ်လို့ သူတို့မှာ ချစ်သူရှိနေရင်လည်း အဲဒီအချစ်ရေးဟာ ကြာရှည်မတည်မြဲတတ်ဘူး။ အချစ်ထက်စာရင် အပျော်အပါး၊ အပေါင်းအသင်း နဲ့ မိသားစုကို ပဲကြည့်တတ်ကြလို့ ချစ်သူကအမြဲတမ်းနောက်ကို ရောက်နေတတ်တယ်။ အဲဒီလိုပြောလို့ သူတို့တွေကို မချစ်တတ်ဘူးလို့တော့မထင်ပါနဲ့။ သူတို့တွေရဲ့ အနွံအတာ၊ ဆိုးနွဲ့မှုတွေကို သည်းခံနိုင်တဲ့သူကိုရှာရင်းနဲ့ပဲရည်းစားများတဲ့သူ၊ အသဲခွဲတဲ့သူ စတဲ့နာမည်တွေရသွားတတ်တယ်။ တကယ်လို့ ယူတို့ရဲ့ချစ်သူဟာ AB သွေးလေးဖြစ်ခဲ့မယ်ဆိုရင် သူတို့ရဲ့အပျော်အပါးမက်တဲ့စိတ်၊ လွတ်လွတ်လပ်လပ်နေချင်တဲ့စိတ်လေးတွေကို လက်ခံပေးဖို့လိုပါတယ်။

( ၄ ) O သွေးပိုင်ရှင်လေးများ


အို သွေးလေးတွေကတော့ အချစ်ရေးနဲ့ပတ်သက်လာရင် နှလုံးလမ်းကြောင်းမှာ ကျွန်းခံနေတယ်လို့ပဲပြောရမယ်ထင်ပါရဲ့။ သူတို့လေးတွေဟာ နှလုံးသားနုနယ်သလောက်၊ အရမ်းလည်းအချစ်ကြီးကြတယ်။ သူတို့ရဲ့အချစ်ဆိုတာက ဘယ်သူတွေဘယ်လိုမျိုးပဲလာလာ၊ ဒီတစ်ယောက်တည်းကိုပဲ သူတို့ရဲ့ဘဝတစ်လျှောက်သစ္စာရှိရှိနဲ့ချစ်သွားမယ့်သူမျိုးတွေပါ။ တစ်ယောက်ဆိုရင် ဆိုသလောက် ချစ်တတ်ကြတဲ့သူတွေဖြစ်ပေမယ့် သူတို့ရဲ့ ချစ်သူက သစ္စာဖောက်တာခံလိုက်ရတဲ့အခါမျိုးမှာအရမ်းကိုခံစားရမယ့်သူမျိုးတွေဖြစ်ပါတယ်။ ပြတ်သွားခဲ့ရင်တောင် အဲဒီချစ်သူကို ရင်ထဲမှာထားပြီးတမ်းတနေတတ်ကြတဲ့သူမျိုးလေးတွေပါ။ နောက်ပြီးချစ်သူအပေါ်မှာ အရမ်းအနွံတာခံ၊ အောက်ကျို့ခံပြီးချစ်တတ်ကြတာမို့ ချစ်သူရဲ့အနိုင်ယူခြင်းကို မကြာခဏခံရတဲ့သူတွေလည်းဖြစ်ပါတယ်။ အဲ့တော့ အို သွေးလေးတွေနဲ့သာချစ်သူဖြစ်ခဲ့မယ်ဆိုရင် သင်ဟာ ကံကောင်းတဲ့သူတစ်ယောက်ပါ။ သူတို့ကိုအတတ်နိုင်ဆုံးဖေးမပြီး ချစ်ပါလို့ …။

ကဲ .. ဘယ်သူကတော့ ကံအခေဆုံးလည်းသိကြပြီနော် ..။
Gabriel



we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။