စာမေးပွဲကြောင့် စိတ်ဖိစီးမှုရနေတဲ့အခါ…။

စာမေးပွဲဆိုတာက ကျောင်းသားတော်တော်များများကို စိတ်ဖိစီးမှုဖြစ်စေတဲ့အရာတစ်ခုပါ…။ စာမေးပွဲကြောင့် စိတ်ဖိစီးမှုမဖြစ်တဲ့သူဆိုတာ မရှိလောက်ဘူးလို့ထင်ပါတယ်နော်…။ ဒါကြောင့် စာမေးပွဲအတွက်ကြောင့် စိတ်ဖိစီးမှုမဖြစ်အောင် ဘယ်လိုတွေပြင်ဆင်ရမယ်ဆိုတာကို ဖော်ပြပေးလိုက်ပါတယ်…။

- စာကျက်ရမယ့်အချိန်တွေကိုသေချာစီစဉ်ပါ…။ ဘယ်အချိန်မှာ ဘယ်ဘာသာကိုအပြီးလုပ်မယ်ဆိုတာကို အချိန်တစ်ခါထဲသတ်မှတ်ထားသင့်ပါတယ်…။ စာကျက်ရမယ့်အခါမှာလည်း စာကိုပဲသေချာအာရုံစိုက်ပြီး လုပ်သင့်ပါတယ်…။

- စာကျက်တဲ့အခါမှာလည်း စာတွေကိုပဲအော်ဆိုနေပြီးမကျက်သင့်ပါဘူး…။ စာထဲမှာပါတဲ့ အချက်တွေကို သေချာနားလည်အောင်လုုပ်ပြီး အချက်လေးတွေထုတ်ပြီး ကျက်သင့်ပါတယ်နော်…။

- စာကျက်တဲ့နေရာကိုလည်းတိတ်ဆိတ်ပြီး သက်တောင့်သက်သာရှိစေမယ့်နေရာမျိုးကိုရွေးပါ…။ သင်စာကျက်မယ့်နေရာက သင့်ဆီကိုတခြားအသံတွေမလာတဲ့နေရာမျိုး စာမှာပဲအာရုံစူးစိုက်လို့ရတဲ့နေရာမျိုး၊ သင့်စိတ်လွတ်လွတ်လပ်လပ်ဖြစ်စေမယ့် နေရာမျိုးဆိုပိုကောင်းပါတယ်…။

- ခဏလောက်ဖြစ်ဖြစ်အနားပါ…။ လေ့လာစမ်းသပ်ချက်တွေအရ လူတစ်ယောက်ရဲ့ဦးနှောက်က တစ်နေ့ကို၄၅မိနစ်လောက်ပဲ ဆက်တိုက်ကောင်းစွာမှတ်နိုင်ပါတယ်…။ ၄၅မိနစ်ထက်ကျော်သွားပြီး စာတွေထိုင်မှတ်နေလည်း ကောင်းစွာမမှတ်မိနိုင်ပါဘူး…။ ဒါကြောင့်၄၅မိနစ်လောက် စာတွေကျက်ပြီးသွားရင် ခဏနားသင့်ပါတယ်…။

- ခဏလောက်နားတဲ့အခါမှာ ရုပ်ရှင်ကြည့်တာမျိုး သီချင်းနားထောင်တာမျိုးလုပ်သင့်ပါတယ်…။ ဒါမှမဟုတ်လဲ သင်ကြိုက်နှစ်သက်တဲ့ အစားစာတွေကိုစားတာမျိုးလုပ်သင့်ပါတယ်နော်…။

- သင်နားမလည်နေတဲ့စာတွေကိုလည်း စိတ်ဖိစီးမှုခံပြီးစဉ်းစားမနေပါနဲ့…။ ကျောင်းကသင့်ဆရာ၊ ဆရာမကို သေချာနားလည်အောင်ထိရှင်းပြပေးဖို့ အကူအညီတောင်းပါ…။

- စာတွေကိုနေ့မအိပ် ညမအိပ်ကျက်ဖို့မလိုပါဘူး…။ ညဘက်မှကောင်းမွန်စွာ အိပ်ရေးဝအောင်အိပ်ပါ…။ ဒါမှနောက်တစ်နေ့မနက်မှာ ဦးနှောက်ကလန်းဆန်းပြီး စာတွေကိုကောင်းစွာ ကျက်နိုင်မှတ်နိုင်မှာဖြစ်ပါတယ်…။

- စာမေးပွဲဖြေနေတဲ့အခါမှာလည်း စိတ်ကိုလျော့ထားပါ…။ ကိုယ်ကျက်ပြီးသားတွေဖြစ်လို့ မရဘူးလား၊ အခန်းထဲရောက်ရင်မေ့သွားမှာလား စသည်ဖြင့် Negative အနေနဲ့မတွေးမိပါစေနဲ့…။ အဲလိုတွေးတာက သင်ကိုပိုပြီးစိတ်ဖိစီးစေပြီး စာတွေကိုမေ့စေပါတယ်…။ ဒါကြောင့် စာမေးပွဲဖြေခါနီးအချိန်ရောက်နေပြီဆိုရင် စိတ်ကိုပေါ့ပေါ့ပါးပါးပဲထားပြီး စာကိုပဲအာရုံစိုက်ပြီးဖြေစေချင်ပါတယ်…။