ဖောက်ပြန်ဖို့ကြံရွယ်နေသူတစ်ယောက်ရဲ့ ကွယ်ဝှက်မရတဲ့လက္ခဏာများ

Cheating ( ဖောက်ပြန်တယ် ) ဆိုတာ RS တစ်ခုမှာ အဆိုးဝါးဆုံးပြစ်မှုတစ်ခုလို့ဆိုနိုင်တယ်။ ပြောချင်တာ မုန့်သာဝေစားရင် စားမယ်၊ အချစ်ကိုတော့ ဝေမစားနိုင်ဘူး ဆိုတဲ့အမျိုးသမီးတွေရဲ့စကားအတိုင်းပဲ။ သူတို့အနေနဲ့ အမျိုးသားတွေ အရက်မူး၊ ဆေးချ၊ ဖဲရိုက်၊ အိမ်ပြန်နောက်ကျတာတွေကို သာသည်းခံရင်ခံမယ်။ အဲဒါမျိုးကိုတော့ ချစ်တတ်တဲ့ ဘယ်အမျိုးသမီးမှလက်မခံနိုင်ကြပါဘူး။
ကောင်းပြီလေ ..။ ကိုယ့်အပေါ်ဖောက်ပြန်နေတဲ့လူတစ်ယောက်မှာ တခြားအချက်တွေသာဖုံးထားလို့ရရင်ရမယ်။ ဒီအချက်တွေကတော့ ကြာလေ၊ ပေါ်လေဖြစ်လာမှာပါ။

( ၁ ) ဖုန်းပိုသုံးလာတယ်


နှစ်ယောက်အတူတူရှိနေချိန်မှာ အရင်ကလိုတစ်ယောက်မျက်နှာတစ်ယောက်ကြည့်၊ ချစ်စကားတွေပြောပြီး ကြည်နူးနေရမယ့်အစား ဖုန်းနဲ့မျက်နှာမခွာနိုင်ဘူးဆိုရင်တော့သတိထားဖို့လိုနေပြီ။

( ၂ ) Reply ပြန်တာကြာလာတယ်


အရင်က ငါ့ဆီက Reply ပြန်မလာရင် စိတ်ပူတတ်တဲ့သူ၊ အခုကျတော့ စိတ်ပူဖို့နေနေသာသာ၊ ကိုယ်ပို့လိုက်တဲ့ နေကောင်းလား ဆိုတဲ့ မက်ဆေ့ချ်ကိုတောင် Reply ပြန်မလာတော့ဘူး။ အလုပ်တွေလည်းများမနေဘူး။ ကားမောင်းနေတဲ့အချိန်လည်းမဟုတ်ပဲနဲ့ဘာလို့ပြန်မလာတာလဲ..။ မစဉ်းစားနဲ့ ..။ စောင့်ကြည့်ဖို့လိုနေပါပြီ။

( ၃ ) ပိုပြီးလှချင်လာတယ်


အရင်ကအလုပ်သွားရင်တောင် ဖိုသီဖတ်သီနဲ့တွေ့ကရာကောက်စွပ်၊ မှန်တစ်ချက်တောင်မကြည့်တဲ့သူက အခုဆို ဆံပင်ညှပ်ရတာနဲ့၊ အဝတ်အစားရွေးရတာနဲ့၊ ရေမွှေးဆွတ်ပြီး မှန်ရှေ့ကမခွာနိုင်ဖြစ်နေပြီလား ..။ အဲဒါဆိုရင် သံသယရှိစရာပဲ။

( ၄ ) အလုပ်နောက်ကျတယ်


ခါတိုင်းဆို မိန်းမကို လွမ်းလှပါချည်ရဲ့ ဆိုပြီး အလုပ်ကနေစောစောပြန်လာတတ်တဲ့သူက အလုပ်ထဲမှာ ညကိုးနာရီ၊ ၁၀ နာရီအထိ အိုဗာတိုင်တွေဆင်းပြီးကြိုးစားပြနေပြီဆိုရင် .. နှစ်မျိုးစဉ်းစားရမယ် ..။ တစ်ချက်က တကယ်အလုပ်လုပ်တာ .. နောက်တစ်ချက်ကတော့ အလုပ်လုပ်ချင်ယောင်ဆောင်တာပေါ့။

( ၅ ) ချစ်ရေးချစ်ရာကိစ္စတွေနည်းသွားတာ ( မရှိတော့တာ )


ပုံမှန်ဆိုရင် ချစ်ရေးချစ်ရာကိစ္စတွေကို တစ်ပတ်မှာ သုံးခါလောက်လုပ်လေ့ရှိတယ်။ နောက်ပိုင်းမှာ တစ်ပတ်ကိုတစ်ခါမပြောနဲ့ မျက်နှာချင်းတောင်မဆိုင်လာတော့တဲ့အခါမျိုးကတော့ အသိသာဆုံးပါပဲ။

( ၆ ) လူမှုကွန်ယက်ပေါ်က ခပ်လှလှကောင်မလေးတွေကို follow လုပ်တတ်လာတယ်


အိမ်ထောင်ကျပြီးမှ မဟုတ်ပါဘူး။ ရည်းစားဘဝမှာလည်းအဲလိုမျိုးတွေရှိတတ်တယ်။ ကိုယ်က အဲဒီလို follow လုပ်တာမကြိုက်ဘူးဆိုပြီးပိတ်ပင်ထားတယ်။ သူကလည်း မလုပ်ဘူး။ ဒါပေမယ့် နောက်ပိုင်းမှာ အဲ့ဒီလိုတွေ့ကရာမိန်းကလေးကို follow လုပ်၊ see first ထားတာမျိုးလုပ်နေပြီဆိုရင်သေချာပါတယ်။ ခြံခုန်ချင်နေပြီဆိုတာ …..။

( ၇ ) Relationship status ကို Update မလုပ်ဘူး


ဒါကတော့ သွားပြီးစွပ်စွဲလို့မရပေမယ့် ဖြစ်နိုင်တဲ့အကြောင်းအရာတွေထဲကတစ်ခုပါ။ တစ်ချို့တွေကတော့ အလုပ်များလို့၊ မေ့နေလို့ RS မတင်ဖြစ်တာမျိုးတွေရှိပေမယ့် .. တစ်ချို့ကတော့ တင်ပြီးသား RS ကိုတောင်ပြန်ဖြုတ်ချလိုက်တာမျိုးတွေရှိတတ်တယ်။

( ၈ ) ဘောင်တွေ၊ စည်းတွေခြားလာတယ်


သူ့ရဲ့အလုပ်ကိစ္စ၊ မိသားစုကိစ္စ၊ ကိုယ်ရေးကိုယ်တာတွေကို အရင်ကလိုမပြောပြတော့ဘူး။ နောက်ပြီးသွားမေးရင်တောင် ဖြေချင်မှဖြေတာ၊ ဖြေချင်သလိုလို၊ မဖြေချင်သလိုလိုလုပ်နေတာမျိုးတွေကလည်း ဖောက်ပြန်မှုရဲ့လက္ခဏာတစ်ရပ်လို့ပြောနိုင်တယ်။

( ၉ ) အလေးမပေးတော့ဘူး


ပုံမှန်ဆို ချစ် .. ထမင်းစားတော့မလား .. ကော်ဖီသောက်ဦမလား မေးတာမျိုး .. မျက်နှာမကောင်းတဲ့အခါ ဘာဖြစ်နေလဲ၊ နေမကောင်းဘူးလားဆိုပြီးမေးတာမျိုး၊ အပြင်မှာစားရင်လည်း ဇွန်းနဲ့ခွံ့ကျွေးတာမျိုး၊ ရေသန့်ဗူးဖောက်ပေးတာမျိုး၊ တစ်ရှူးစက္ကူယူပေးတာမျိုး …. အဲဒါတွေတစ်ခုမှမရှိတော့ပဲ ခပ်အေးအေးဖြစ်သွားတဲ့အချိန်ဟာ သင့်အနေနဲ့သတိထားရတော့မယ့်အချိန်ပါပဲ။

( ၁၀ ) ချစ်တယ် ဆိုတဲ့စကားကို မကြားရတော့ဘူး


အဆိုးဆုံးအချိန်ပါပဲ။ အဲဒီအချိန်မှာတော့ သူ့ရဲ့ဖောက်ပြန်မှုကို သင့်အနေနဲထင်ထင်ရှားရှားတွေ့ရင်တွေ့ရမယ်။ ဒါမှမဟုတ် သူကိုယ်တိုင် စတင်ဝန်ခံပြီး RS တစ်ခုကိုပြတ်စဲဖို့ပြောလာနိုင်တယ်။ နောက်ပြီး သူ့ဘက်က သင့်ကိုပြောနေကျ ချစ်တယ် ဆိုတဲ့စကားလုံးလေးကို ဘယ်တော့မှကြားရတော့မှာမဟုတ်တော့လို့ပဲ …။

Gabriel


we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။