EQ မြင့်တဲ့သူတွေဆီက သင်ယူရမယ့် သင်ခန်းစာ (၁၁)ခု

အောင်မြင်တဲ့လူ ၁၀ယောက်မှာ ၉ယောက်က Emotional Intelligence (EQ) မြင့်မားနေတာကို တွေ့ရပါတယ်။ EQ မြင့်တယ်ဆိုတာ မိမိစိတ်ခံစားချက်တွေနဲ့ အခြားလူတွေရဲ့  စိတ်ခံစားချက်တွေကို ကောင်းကောင်း သေချာနားလည်တတ်ပြီး ဖြစ်ပေါ်လာတဲ့ ကိစ္စအရပ်ရပ်ကို မှန်မှန်ကန်ကန် ဆုံးဖြတ်တတ်ပြီး အောင်မြင်မှုအတွက် စွမ်းဆောင်နိုင်တတ်မှုပဲ ဖြစ်ပါတယ်။ EQ အနိမ့်အမြင့်ကို သေချာလက်ဆုပ်လက်ကိုင်ပြလို့မရပါပေမယ့် ကျနော်တို့တတွေ ဘယ်လိုပြုမူဆက်ဆံသလဲ၊ လူမှုအသိုင်းအဝိုင်းမှာ ရှုပ်ထွေးမှုတွေကို ဘယ်လိုကိုင်တွယ်သလဲ။ ပြီးတော့ ကောင်းမွန်တဲ့ရလဒ်တွေကိုရရှိဖို့ ဘယ်လို ဆုံးဖြတ်ချက်တွေချမှတ်သလဲ.. စတာတွေနဲ့ EQ နိမ့်ခြင်း၊ မြင့်ခြင်းကို သတ်မှတ်နိုင်ပါတယ်။ 

အောက်က (၁၁)ချက်ထဲက အချက်တော်တော်များများ သင့်မှာရှိနေပြီဆိုရင် သင်ဟာ EQ မြင့်သူတစ်ဦးပဲ ဖြစ်ပါတယ်။ မရှိသေးတဲ့အချက်တွေကို ရှိလာအောင် ကျနော်တို့တတွေ ပြုမူလိုက်နာနိုင်မယ်ဆိုရင် ကျနော်တို့ဘ၀တွေ တိုးတက်ပြောင်းလဲလာမယ်ဆိုတာ ယုံကြည်ပါတယ်။

၁။ လူတွေကို အမြဲတမ်းစူးစမ်းလေ့လာနေတတ်တယ် 

EQ မြင့်တဲ့လူတွေဟာ သူတို့နားမှာရှိတဲ့ လူတွေအကြောင်းကို အမြဲလိုလို သိချင်နေကြပါတယ်။ အခြားသူတွေနဲ့အတူ မျှဝေခံစားတတ်ခြင်းနဲ့ စာနာနားလည်တတ်ခြင်းတို့ကြောင့် ဒီစူးစမ်းလေ့လာချင်စိတ်တွေပေါ်ပေါက်လာတာပဲဖြစ်ပါတယ်။ သူများတွေကို ပိုပြီးဂရုစိုက်တတ်ပြီး၊ သူတို့တွေရဲ့ဘဝမှာ ဘယ်လိုအခြေအနေတွေကို ရင်ဆိုင်ကျော်လွှားနေရလဲဆိုတာကို သိချင်နေပြီး ဒီလူတွေအပေါ်မှာ စူးစမ်းချင်စိတ်တွေနဲ့ ကူညီပံပိုးပေးချင်တဲ့စိတ်တွေရှိနေတတ်ကြတယ်။

၂။ ကောင်းတဲ့အပြောင်းအလဲကို ကြိုဆိုတယ်

EQ မြင့်တဲ့လူတွေက အပြောင်းအလဲတွေနဲ့ အဆင်ပြေပြီး၊ လိုအပ်သလို အလိုက်သင့် လိုက်လျောညီထွေမှုရှိအောင် ပြောင်းလဲနိုင်ကြပါတယ်။ ပိုကောင်းမယ့် ပြောင်းလဲမှုမရှိဘူးဆိုရင် တိုးတက်မှုမရှိပဲ ရပ်တန့်နေမယ်ဆိုတာကို သူတို့တွေ နားလည်တဲ့သူမျိုးဖြစ်တယ်။ သူတို့ရဲ့ အောင်မြင်မှုနဲ့ပျော်ရွှင်မှုအတွက် ကောင်းမွန်တဲ့အပြောင်းအလဲကို လက်ခံရမယ် ပြောင်းလဲနိုင်ရမယ်ဆိုတာ ကောင်းကောင်းသိထားသူတွေဖြစ်ပါတယ်။ 

၃။ မိမိအားသာချက်နဲ့ အားနည်းချက်ကို သိတယ်

EQ မြင့်တဲ့လူတွေက သူတို့ ဘယ်နေရာတွေမှာ အားသာသလဲ...၊ ဘယ်နေရာတွေမှာ အားနည်းနေလို့ ပိုကြိုးစားဖို့ လိုမလဲဆိုတာ ကောင်းကောင်း နားလည်ကြပါတယ်။ သူတို့ဘဝရဲ့ အောင်မြင်မှုပန်းတိုင်အတွက် ဘယ်သူတွေက ပံ့ပိုးပေးနေပြီး၊ ဘယ်လိုပတ်ဝန်းကျင်အခြေအနေတွေက အထောက်အကူပေးနေသလဲဆိုတာကို သိကြသူတွေဖြစ်ပါတယ်။ သူတို့အားနည်းချက်တွေကြောင့် သူတို့ဘဝရဲ့တိုးတက်မှုကို မတုံ့နှေးစေပဲ လိုအပ်တာတွေကို အမြဲလေ့လာသင်ယူနေတဲ့သူမျိုးလည်းဖြစ်တယ်။ သူတို့အားသာချက်တွေအပေါ်မှာ နားလည်ပြီး လိုသလို ပြုမူနေထိုင်တတ်သူတွေဖြစ်ပါတယ်။ 

၄။ မိမိစိတ်ခံစားမှူကို သေချာနားလည်တယ်

 လူတွေအားလုံး စိတ်ခံစားမှုတွေရှိကြပေမယ့် လူနည်းစုကသာ မိမိတို့ရဲ့စိတ်ခံစားချက်ကို သေသေချာချာ ခွဲခြားဖော်ထုတ်နိုင်ပါတယ်။ စိတ်ခံစားချက်တွေကို သေချာခွဲခြမ်းစိတ်ဖြာခြင်း မပြုလုပ်နိုင်တဲ့အခါ အထင်အမြင်လွဲမှားတာတွေ၊ ဆင်ခြေတုံတရားကင်းမဲ့တဲ့ ရွေးခြယ်မှုတွေ၊ အကျိုးနှင့်အကြောင်း ဆက်စပ်မှုမရှိတဲ့လုပ်ဆောင်မှုတွေ ဖြစ်လာနိုင်ပါတယ်။ EQ မြင့်တဲ့လူတွေက သူတို့တွေရဲ့ ကိုယ်ပိုင်စိတ်ခံစားမှုတွေကို သေချာနားလည်ထားသူတွေဖြစ်ပါတယ်။ 

၅။ ကောင်းကောင်း အကဲခတ်တတ်သူဖြစ်တယ်

EQ မြင့်တဲ့လူတွေက မိမိပတ်ဝန်းကျင်မှာ ရှိနေတဲ့ လူတွေနဲ့ သူတို့တွေရဲ့ ကောင်း၏ ဆိုး၏ အကျင့်စရိုက်တွေ လက္ခဏတွေကို ကောင်းကောင်း အကဲခတ် လေ့လာနိုင်သူတွေဖြစ်ပါတယ်။ ဘယ်လိုလူတွေက ဘယ်လိုအခြေအနေတွေကြောင့် ဘယ်လိုစရိုက်တွေ ရှိနိုင်သလဲဆိုတာကိုလဲ ကြိုတင်မှန်းဆနိုင်သူတွေ ဖြစ်ပါတယ်။ လူတွေက သူတို့အတွက်တော့ မထူးဆန်းနေတော့ပါဘူး။ ဘာလို့လဲဆိုတော့ လူတွေအတွက် ဘယ်လိုဟာတွေက စိတ်ခွန်အားတွေ ဖြစ်စေမလဲ၊ လူတွေအပေါ်ယံအောက်က ဘာတွေလဲဆိုတာ သိနေလို့ပဲဖြစ်ပါတယ်။ 

၆။ သူတို့ကို စော်ကားနိုင်ဖို့ သိပ်ခက်ခဲတယ်

EQ မြင့်တဲ့လူတွေက သူတို့အကြောင်းကို သူတို့ အကောင်းကောင်း နားလည်နေပြီး၊ အခြားလူတွေက သူတို့မကောင်းကြောင်းပြောဖို့အတွက် ခက်ခဲနေတတ်ပါတယ်။ သူတို့ကိုယ်ကို ယုံကြည်မှုအပြည့်ရှိနေပြီး စိတ်သဘောထားလည်း အရမ်းပွင့်လင်းသူတွေဖြစ်ကြပါတယ်။ သူများတွေ သူတို့အကြောင်း ဟာသလုပ်ပြီး ရယ်နေရင်တောင် သူတို့ဟာပျော်ရွှင်နေနိုင်ပြီး သူတို့ကိုယ်တိုင်ကတောင် ဟာသပြန်လုပ်တတ်သူတွေဖြစ်ပါတယ်။ 
၇။ အမှားတွေကို နားလည်ပြီးအမှန်ပြင်တယ်

EQ မြင့်တဲ့လူတွေဟာ သူတို့အမှားကို သေချာနားလည်နိုင်အောင်ကြိုးစားပြီး၊ ဒီအမှားတွေကိုအမှန်ပြင်နိုင်သူတွေဖြစ်တယ်။ အောင်မြင်မှုတစ်ခုကို ရရှိဖို့အတွက် ဒီအမှားတွေကို သေချာပြုပြင်ပြောင်းလဲနိုင်ရမယ်ဆိုတာ သိထားကြသူတွေဖြစ်တယ်။ အမှားတွေကို သိသိကြီးနဲ့ မသိချင်ယောင်ဆောင်ပြီး ဆက်မှားနေတာတွေက အောင်မြင်မှုပန်းတိုင်နဲ့ ဝေးကွာစေမယ်ဆိုတာကို သိထားကြတယ်။  သူတို့တွေဟာ အမှားတွေကို အမှန်ပြင် တိုးတက်ကောင်းမွန်လာအောင် လုပ်ဆောင်နိုင်သူတွေဖြစ်တယ်။ လဲကျသွားတိုင်း အမြဲတမ်း ပြန်ထနိုင်သူတွေဖြစ်တယ်။ 

၈။ အငြိုးအတေးမထားတတ်ဘူး

အကြောင်းအရာတစ်ခုကို အငြိုးအတေးထားတတ်ဖို့ဖြစ်လာတဲ့ မကောင်းစိတ်တစ်ခုက စိတ်ဖိစီးမှုကြောင့်ဖြစ်တယ်။ ပြီးသွားတဲ့ကိစ္စတစ်ခုက သူတို့ကို ဘယ်လိုမှထိခိုက်စေနိုင်မှု မရှိတော့ဘူးဆိုရင် EQ မြင့်တဲ့လူတွေဟာ အငြိုးအတေးကို မေ့ပစ်တတ်ကြတယ်။ သူတို့တွေဟာ ဒီအငြိုးအတေးကို စဉ်းစားလိုက်တာနဲ့ ဒေါသတွေ မထွက်လာတတ်ဘူး။ ဒေါသဆိုတာ ကျန်းမာရေးအရ မသင့်တော်ဘူးဆိုတာ သူတို့တွေသိတယ်။ အငြိုးအတေးထားလဲ ဘာမှကောင်းလာမှာ မဟုတ်ဘူးဆိုတာ နားလည်ထားကြလို့ပဲဖြစ်တယ်။

 ၉။ လူ့ဂွစာတွေကို ကိုင်တွယ်နိုင်သူတွေဖြစ်တယ်

လူ့ဂွစာတွေနဲ့ ပေါင်းသင်းဆက်ဆံဖို့ဆိုတာ စိတ်ရှုပ်စရာကောင်းပြီး ပင်ပန်းစေတဲ့ကိစ္စပဲဖြစ်တယ်။ EQ မြင့်တဲ့ လူတွေကတော့ သူတို့ရဲ့ စိတ်ခံစားမှုတွေကို အမြဲတမ်းသိရှိနေပြီး၊ မကောင်းတဲ့လူတွေနဲ့ဆက်ဆံတဲ့အခါ သူတို့ရဲ့ အပြုအမူတွေကို ကောင်းကောင်း ထိန်းချုပ်ထားနိုင်ကြတယ်။ ကိစ္စတစ်ခုကို အကျိုးအကြောင်းပေါ်မူတည်ပြီး စိတ်ဆိုးခြင်းမရှိ၊ စိတ်ရှုပ်ထွေးခြင်းမရှိပဲ ချင့်ချိန်စဉ်းစားနိုင်တယ်။ ဒီလူ့ဂွစာတွေနဲ့ အဆင်ပြေဖို့ ဘယ်လိုနည်းနဲ့ ကိုင်တွယ်ရမလဲဆိုတာ ကောင်းကောင်း သိထားကြလို့၊ ဒီလိုလူ့ဂွစာတွေကို အေးအေးဆေးဆေးရင်ဆိုင်နိုင်ရုံသာမက သူတို့ကိုပါ ပြောင်းလဲစေနိုင်တယ်။ 

၁၀။ ပြီးပြည့်စုံခြင်းကို မရှာဖွေဘူး

ပြီးပြည့်စုံခြင်းက သူတို့အတွက် ပစ်မှတ်တစ်ခုမဟုတ်ဘူး။ ဘာလို့လဲဆိုတော့ သူတို့ဟာ လောကကြီးမှာ ဘယ်အရာကမှ ပြီးပြည့်စုံတယ်ဆိုတာ မရှိဘူးလို့ ကောင်းကောင်း သိထားကြလို့ပဲ။ လူ့သဘာဝအတိုင်း တစ်ခါတစ်လေ အမှားအယွင်းရှိမယ်ဆိုတာ သိထားကြတယ်။ ပြီးပြည့်စုံခြင်းကိုပဲ ပစ်မှတ်ထားမယ်ဆိုရင် အမြဲတမ်း ကိုယ့်ကိုယ်ကို ကျဆုံးနေတယ်လို့ပဲထင်မယ်ဆိုတာကို သိကြတယ်။ တကယ်အရေးကြီးပြီး လိုအပ်နေတဲ့ကိစ္စတွေကို မလုပ်လိုက်နိုင်ပဲ အချိန်တွေ အလကားကုန်သွားပြီး နောင်အချိန်မှာ အောင်မြင်မှုမရရှိနိုင်ဘူးဆိုတာကို ကောင်းကောင်း သိရှိနားလည်ထားသူတွေဖြစ်တယ်။

၁၁။ ပျော်ရွှင်ဖို့အတွက် စိတ်ဖိစီးမှူတွေကို ဖြေရှင်းတတ်တယ်

စိတ်ဖိစီးမှုကို ကိုင်တွယ်ဖို့အတွက် EQ မြင့်တဲ့လူတွေက  အိပ်ရမယ့်အချိန်တွေမှာ အိပ်တယ်။ အနားယူရမယ့်အချိန်တွေမှာ သေချာအနားယူတယ်။ မကောင်းတာတွေကိုပဲ အမြဲလိုလိုလိုတွေးတတ်သူတွေမဟုတ်ဘဲ အကောင်းဘက်ကနေ တွေးတောစဉ်းစားတတ်သူတွေဖြစ်တယ်။ သူတို့ရဲ့ စိတ်ကျေနပ်မှု၊ ပျော်ရွှင်မှုအတွက် ဘာကိုလုပ်ရင် ပျော်မလဲဆိုတာ သိထားကြပြီး အခြားသူတွေ  သူတို့ကို ဘယ်လိုထင်သွားမလဲဆိုတာကို သိပ်အလေးမထားဘူး။ သူများတွေနဲ့ မိမိကိုယ်ကိုယ် အမြဲနှိုင်းယှဉ်ယှဉ်ပြီး သဝန်တိုတတ်သူတွေ မဟုတ်ကြဘူး။ လူတွေရဲ့ထင်မြင်ချက်တွေကို အေးအေးဆေးဆေးလက်ခံနိုင်ပြီး မိမိရဲ့ ပျော်ရွှင်မှုကို မိမိဘာသာ ရှာဖွေနိုင်သူတွေဖြစ်တယ်။ 

ဒီလောက်ဆိုရင် လင်းခန့်တို့ we စာဖတ်ပရိသတ်ကြီး EQ ကဘာလဲ.. EQ နိမ့်တယ် EQ မြင့်တယ်ဆိုတာ ဘာလဲဆိုတာ သိလောက်ပြီထင်ပါတယ်။ ကျနော်ကိုယ်တိုင်လည်း နေ့စဉ်နဲ့အမျှ ကိုယ့်ခံစားချက်ကို ပိုနားလည်နိုင်အောင်၊ သူများတွေရဲ့ ခံစားချက်ကို ပိုနားလည်နိုင်အောင် ကြိုးစားနေသူတစ်ဦးပါ။

ကောင်းသော နေ့လေးဖြစ်ပါစေ...

လင်းခန့် (we.com.mm)

REF: ကမ္ဘာကျော် EQ အကြောင်းရေးထားတဲ့ Emotional Intelligence 2.0 စာရေးဆရာ Dr. Travis Bradberry ရေးထားတဲ့ မိမိကိုယ်ကို တိုးတက်အောင်ပြုပြင်ပြောင်းလဲဖို့ အင်မတန်အသုံးဝင်လှတဲ့ ဆောင်းပါးလေးကို လင်းခန့်တို့ weforum.org မှာ ဖတ်လိုက်ရလို့ we.com.mm ရဲ့ စာဖတ်သူတွေ အကျိုးရှိအောင် မြန်မာမှုပြုပြီး ပြန်ရေးထားတာဖြစ်ပါတယ်။ 

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။