နေ့စဉ်ကွန်ပျူတာအသုံးပြုနေရသူများနဲ့ မျက်စိကျန်းမာရေး…

သင့်တစ်နေ့တာအချိန်တွေမှာ  အချိန်တော်တော်များများက ကွန်ပျူတာရှေ့မှာပဲအချိန်ကုန်နေပြီလား…။ သင်က လုပ်ငန်းခွင်ဝင်နေရတဲ့သူတစ်ယောက်ဆိုရင် သင့်အလုပ်ချိန်အကုန်လုံးကို ကွန်ပျူတာရှေ့မှာပဲ ကုန်ဆုံးရတာပါ…။ လူငယ်တွေဆိုလည်း ကွန်ပျူတာဂိမ်းတွေကို စွဲစွဲလမ်းလမ်းဖြစ်နေပြီး တစ်နေ့လုံးကွန်ပျူတာရှေ့မှာပဲ အချိန်ကုန်နေကြပါတယ်…။

ဒီလိုမျိုးနေ့စဉ်ရက်ဆက် အချိန်ကြာလာတဲ့အခါမှာ သင့်မျက်လုံးကျန်းမာရေးကိုထိခိုက်လာစေနိုင်ပါတယ်နော်…။

- သင့်တစ်နေ့တာရဲ့တစ်ဝက်လောက်က ကွန်ပျူတာရှေ့မှာပဲ ကုန်ဆုံးနေတယ်ဆိုရင် သင့်အနေနဲ့ တစ်နှစ်မှာတစ်ခါလောက်တော့ မျက်စိဆရာဝန်နဲ့သွားတွေ့ သင့်ပါတယ်…။ မျက်စိဆရာဝန်ဆီသွားတဲ့အခါ သင့်အနေနဲ့ မျက်စိစစ်ဆေးမှုတွေပြုလုပ်ပြီး ဆရာဝန်ကိုလည်း သင်ကွန်ပျူတာကို တစ်နေ့ဘယ်နှစ်နာရီလောက် အသုံးပြုရတယ်ဆိုတာမျိုးကို ပြောပြပေးသင့်ပါတယ်…။ ထိုအခါ ဆရာဝန်နဲ့ ဆွေးနွေးမှုပြုလုပ်ပြီး ကွန်ပျူတာကို ဘယ်လောက်အကွာအဝေးကနေ သုံးသင့်တယ်ဆိုတာမျိူးတွေကို ဆရာဝန်က ပြောပြပါလိမ့်မယ်…။

- နေရောင်ခြည်က သင့်မျက်လုံးကို ကွန်ပျူတာအသုံးပြုနေတဲ့အခါမှာ ဆိုးကျိုးဖြစ်စေပါတယ်…။ ဒါကြောင့် သင်ကွန်ပျူတာအသုံးပြုတဲ့နေရာကို နေရောင်ခြည်မရောက်စေဖို့ သတိပြုပါ…။ သင့်ကွန်ပျူတာ အလင်းရောင်ကိုလည်း လျော့ချထားတာက အကောင်းဆုံးပါပဲ…။ 

- ကွန်ပျူတာရဲ့ အလင်းအမှောင်ကိုချိန်ညှိပါ…။ သင်ဝက်ဘ်ဆိုဒ်တွေကြည့်တဲ့အခါမှာ အရောင်ကအဖြူရောင်ဖြစ်နေတဲ့အတွက်ကြောင့် သင့်မျက်လုံးအနေနဲ့ကြည့်ရတာ အရမ်းတောက်နေတာတွေ့ရမှာပါ…။ ဒီလိုအရာတွေကြောင့် သင့်မျက်စိကိုပိုထိခိုက်စေပါတယ်…။

- ကွန်ပျူတာကြည့်တဲ့အခါမှာ မျက်စိကို အကာအကွယ်ဖြစ်အောင် စာကြည့်မျက်မှန်သဘောမျိုး တပ်ပေးသင့်ပါတယ်…။

- ကွန်ပျူတာကိုအချိန်ကြာကြာ အသုံးပြုပြီးသွားရင်တော့ သင့်မျက်လုံးကိုနာရီဝက်လောက် အနားပေးထားသင့်ပါတယ်…။ ကိုယ့်အနီးအနားမှာရှိတဲ့ အရာဝတ္တုတစ်ခုခုကို ၁၀ စက္ကန့် ၁၅စက္ကန့် ကြည့်ပေးပြီး၊ အဝေးက အရာဝတ္တုကို ၁၀ စက္ကန့် ၁၅စက္ကန့်ကြည့်ပေးတာမျိုး...(၁၀)ကြိမ်လောက်လုပ်ပေးပါ။ ကွန်ပျူတာကို အသုံးမပြုတော့ပဲ စိမ်းစိုနေတဲ့သစ်ပင်ကိုကြည့်ပေးတာ စတာမျိုးလုပ်ပေးသင့်ပါတယ်…။