မိုးလို မိန်းမမျိုး...

မိန်းမတွေဟာ ယောကျာ်းတွေလောက် မစွမ်းဆောင်နိုင်ဘူး။ လင်ကို ဘုရားတစ်ဆူလို ကိုးကွယ်ရမယ်။ ထိုသို့သော လိုရာဆွဲတွေးတဲ့ အတွေးအခေါ်တစ်ချို့ကို ကျွန်တော် မုန်းတီးရွံရှာမိပါတယ်။ ယောကျာ်းနဲ့ မိန်းမဟာ လူမျိုး၊ နိုင်ငံ၊ လောကကြီးရဲ့ အကျိုးတွေအတွက် ညီတူညီမျှစွာ ထမ်းရွက်နိုင်တယ်ဆိုတာကို ကျွန်တော့်နှလုံးသားထဲမှ လက်ခံထားပါတယ်။ စာအုပ်တွေကို ခင်မင်စ အချိန်မှာ ဆရာမဂျူးရဲ့  လရဲ့ အောက်ဘက်မိုင်အဝေးမှာ ဆိုတဲ့ ဝတ္တုကို စဖတ်ဖူးခဲ့တာပါ။ အဲ့အချိန်က ငါးတန်း ကျောင်းသားအရွယ်လောက်ပဲ ရှိအုံးမယ်ထင်တယ်။ ကျွန်တော်ကြိုက်လွန်းလို့ အခေါက်ခေါက်အခါခါ ပြန်ဖတ်မိတယ်။ ထိုထဲက ကျွန်တော့်ဝိညာဉ်မှာ စာဖတ်ခြင်းအလေ့အထ ကြီးစိုးသွားတာပါပဲ။

 

ကျွန်တော် ဆရာမဂျုးရဲ့ စာအုပ်အားလုံးလိုလိုကို မလွတ်တမ်းဖတ် ဖြစ်ခဲ့ပါတယ်။ ဂျူးရဲ့ ဝတ္တုတွေမှာ  အကြိုက်ဆုံးအချက်က ဝတ္တုနောက်ခံတောင့်တင်းအောင် ရေးသားထားခြင်းမျိုးပါ။ သာမန်လူထုအကြိုက် အချစ်ဝတ္တုမျိုးတွေမဟုတ်ဘဲ စာဖတ်သူကို ဝတ္တုနောက်ဆုံးစာမျက်နှာအထိ ဖတ်အပြီးမှာ အသိပညာ ဗဟုသုတစ်ခုခုရရှိသွားရန် ရည်ရွယ်ပြီး ရေးသားထားခြင်းမျိုးပါ။ ဆရာမဆီမှာ အတွေးအခါ်ရော အရေးအသားရော အဆင့်တန်းရှိတဲ့ စာပေဖန်တီးမှုမျိုးကို တွေ့ရပါတယ်။ ဆရာမကို ယောကျာ်းဝါဒီ မုန်းတီရေးသမားတစ်ယောက်ဟု တစ်ချို့တွေက ဝေဖန်ကြတယ်။ ကျွန်တော်ကတော့ ထိုဆိုလိုချက်ကို အပြင်းအထန်ငြင်းပယ်ပါရစေ။ ယောကျာ်းမကောင်းကြောင်းကို ပက်ပက်စက်စက်ရေးထားတာလည်း မတွေ့မိခဲ့ပါဘူး။ မိန်းကလေးတွေကို စိတ်ဓာတ်ရေးရာ motivate လုပ်ထားတာပဲ တွေ့မိပါတယ်။

ကျွန်တော်အနှစ်သက်ဆုံး ဂျုးရဲ့ ဇာတ်ကောင်နှစ်ကောင်ရှိပါတယ်။ ပင်လယ်နဲ့တူတဲ့ မိန်းမများမှ မမနဲ့ မရှိမဖြစ်မိုးမှ ခင်မိုးမြင့် တို့ဖြစ်ကြပါတယ်။ ပင်လယ်နဲ့တူသော မိန်းမများမှ မမက သတ္တိကောင်းလှပါတယ်။ ထိုဇာတ်ကောင်ဟာ တိုင်းပြည်ကို ချစ်တတ်သူ၊ ယုံကြည်ချက်မြင့်မားသူ၊ မိသားစုအရေးထက် တိုင်းပြည်အရေးကို ဦးတည်တဲ့ မိန်းမဟု မှတ်ချက်ချနိုင်ပါတယ်။ 

မရှိမဖြစ်မိုးမှ ခင်မိုးမြင့်ကတော့ မိမိက ယောကျာ်းတွေတန်းတူ လုပ်နိုင်တယ်၊ ငါ့ဘဝမှာ ယောကျာ်းမလိုအပ်ဘူး အစရှိတဲ့ အတွေးအခေါ်တွေကို လက်ကိုင်ထားသူတစ်ယောက်ပါ။ ကျွန်တော်ဟာ ယနေ့ခေတ်ဘဝနဲ့ အနီးစပ်ဆုံးတူတဲ့ မိုးကို ပိုသဘောကျ၊ စွဲလန်းမိပါတယ်။ ဆရာမဟာ စိမ်းပြာရောင်ရေညှိတောမှ ခင်မိုးမြင့်ကို အတတ်နိုင်ဆုံး ပီပြင်ပေါ်လွင်အောင် ရေးသားထားပါတယ်။ ယောကျာ်းတစ်ယောက်ဟာ မိန်းမတစ်ယောက်ကို တကယ်ချစ်လာပြီဆိုရင် မရရအောင် ပိုးပန်းတတ်ပါတယ်။ မည်မျှပင်ခက်ခဲပါစေ ပိုးပန်းတတ်တဲ့ ယောကျာ်းတစ်ယောက်ဇာတ်ရုပ်မှာတော့ မင်းထင်ကျော်ကို ဆေးစက်ချ အရုပ်ထင်ထားပါတယ်။ မင်းထင်ရဲ့ လိပ်မှုချက်တွေကို မိုးက “ကျွန်မကို လက်ထပ်မယ်ပြောရအောင် လက်ထပ်ပြီးရင် ဘယ်မှာထားမှာလဲ?” “ရှင်ကယောကျာ်းဖြစ်ပြီး ခဏခဏစိတ်ကောက်တတ်တယ်နော်။” အစရှိတဲ့ယောကျာ်းမာနကို ခနဲ့တဲ့ စကားတွေဟာ မိုးရဲ့ ရပ်တည်မှုကို ပိုမိုမြင်ယောင်မိစေပါတေယ်။  မိန်းမတစ်ယောက်ကို ပိုင်ဆိုင်ရဖို့ဆိုတာထက် သူ့လိုအပ်ချက်တွေကို ဘေးကအကဲခတ်ပြီး တတ်နိုင်သမျှ ဖြည့်ဆည်းပေးချင်တဲ့ မင်းထင်၊ ရည်မှန်းချက်ကြီးပြီး ကိုယ့်ပတ်ဝန်းကျင်မှာ အလိုအပ်ဆုံးလူသားဖြစ်အောင် ကြိုးစားချင်တဲ့ ခင်မိုးမြင့်၊ သူတို့နှစ်ယောက် အားပြိုင်သွားတဲ့ဇာတ်လမ်းက စာဖတ်သူကို ရသတစ်ခုပေးစွမ်းနိုင်မယ်ဆိုတာတော့ ယုံကြည်ပါတယ်။

“မိန်းမဖြစ်စေ ယောကျ်ားဖြစ်စေ ကိုယ့်ပတ်ဝန်းကျင်မှာ ကိုယ်ဟာအလိုအပ်ဆုံးလူသားဖြစ်အောင် ကြိုးစားခွင့်တော့ရှိတယ်လေ။ ကျွန်မဟာအမြဲတမ်း essential ဖြစ်နေရမယ် မိန်းမတစ်ယောက်ဆိုတာကို မေ့သွားရတဲ့အထိလိုအပ်နေစေရမယ်။” ကျွန်တော်အဲ့စာသားလေးကို အရမ်းသဘောကျမိတယ်။  "မရှိမဖြစ်မိုး"ထဲမှာ ဇာတ်ဆောင်တစ်ယောက်ဖြစ်တဲ့ "မင်းထင်ကျော်" ရဲ့ နေရာကနေ ရေးထားတာ တကယ့်ကို ယောကျ်ားစရိုက် တွေးခေါ်ပုံ သဘာဝ ပီပြင်လှပါတယ်။ အဓိကဇာတ်လိုက် "ခင်မိုးမြင့်" ကို r၀le မြှင့်ပြီး ရေးထားပေမယ့် "မင်းထင်ကျော်" ရဲ့ ဇာတ်ရုပ်ကို ပီပီပြင်ပြင် ခြယ်မှုန်းထားတာတွေ့ရတယ်။ကျွန်တော်တို့ လူမှုအသိုင်းအဝိုင်းမှ မိန်းမများသည ်စိတ်ဓာတ်နှုညံလေ့ရှိပါတယ်။ မရှိမဖြစ်မိုးစာအုပ်ထဲမှ မိုးဟာ သူတို့ နှုညံမှုတွေကို ကြိုစားလိုစိတ်ဖြစ်လာအောင် လှုံဆော်ပေးနိုင်လိမ့်မယ်ဆိုတာကို ယုံကြည်မိပါတယ်။

ဆရာမက အင်တာဗျုးတစ်ခုဖြေကြားရာတွင် “ကျွန်မရေးသမျှဇာတ်ကောင်တွေထဲမှာ အကြိုက်ဆုံးကတော့ ခင်မိုးမြင်ပါပဲ။ သူအတိုင်း ကျွန်မလိုက်မလုပ်နိုင်ခဲ့ဘူးလေ” ဟုုဆရာမက ဖြေကြားခဲ့ပါတယ်။ ဆရာမသည် သူ မဖြစ်တည်ခဲ့ရသော ခင်မိုးမြင့်ကို မရှိမဖြစ်မိုးဝတ္တုတွင် အကောင်းဆုံးသရုပ်ဖော်ရေးသားခဲ့ပါတယ်။ 

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။







X