အိမ်မှာမွေးထားတဲ့ကြောင်လေး၊ ခွေးလေးတွေအဝလွန်နေတာကို ဘယ်လိုလျှော့ချနိုင်မလဲ ?

ကိုယ်တို့လူသားတွေမကောင်းတဲ့အကျင့်တစ်ခုရှိတယ်။ မကောင်းတာထက် တရားမျှတမှုမရှိတာ။

ကြောင်ကလေး၊ ခွေးကလေး .. ဘယ်တိရစ္ဆာန်ဖြစ်ဖြစ် ၀၀တုတ်တုတ်လေးတွေဆိုအားကြီးချစ်တတ်ကြတာ။ လူတွေကျတော့ ဝနေရင်၊ ထွားထွားကြီးဖြစ်နေရင် ရုပ်ဆိုးတယ်တို့၊ ဘာတို့ပြောတတ်ကြတာမျိုး။
အိမ်မှာမွေးထားတဲ့တိရစ္ဆာန်ဝတုတ်လေးတွေမြင်ဖူးမှာပါ။ တကယ်လည်းချစ်ဖို့ကောင်းတယ်။ ကိုယ်တို့တွေဟာ သူ့ကိုပိုပြီးချစ်ဖို့ကောင်းနေစေဖို့၊ fluffy လေးဖြစ်နေစေဖို့ဆိုပြီး အစားတွေမတရားကျွေး၊ အမွှေးသန်ဆေး၊ လှဆေးတွေလိမ်းပေးနဲ့ဆိုတော့ သူ့မှာတခြားတိရစ္ဆာန်လေးတွေထက် ပိုလှတယ်၊ ပိုဝတယ် ..။ ဒါပေမယ့် ကြာလာတဲ့အခါ သူ့ကျန်းမာရေးကိုတဖြည်းဖြည်းထိခိုက်လာတာပေါ့။

ကိုယ်တို့က သူသေရင်ငိုဖို့ပဲတတ်တာ၊ တကယ်တမ်း ခံစားရမှာက တိရစ္ဆာန်လေးတွေ။ အဲ့တော့ သူတို့တွေမတရားဝဖီးနေတာကို ဘယ်လိုမျိုး diet လုပ်ပေးလို့ရမလဲ။

( ၁ ) ဘယ်လိုအရာတွေက သူတို့တွေကို ဝစေတာလဲ

အဖြေကိုပြောရမယ်ဆိုရင်တော့ အသင့်စားအစာခြောက်တွေပါပဲ။ အစာခြောက်တွေဟာ ကလေးတွေရဲ့ကျန်းမာရေးအတွက် မကောင်းဘူးလို့ကိုယ်ကပြောရင် အစာခြောက်ရောင်းတဲ့သူတွေဘယ်ကျေနပ်ကြမလဲ။ တကယ်တမ်း အစာခြောက်ထဲမှာ သိုး၊ ဆိတ်၊ ဝက်၊ နွား စတဲ့သတ္တဝါတွေရဲ့ အသည်း၊ နှလုံး နဲ့ကိုယ်တွင်းအင်္ဂါတွေကို flavor လုပ်ပြီးထည့်ထားတာဖြစ်တယ်။ အဲဒီအရာတွေရဲ့ကယ်လိုရီပါဝင်မှုပမာဏဟာ တခြားအစားအသောက်တွေထက် ပိုများတဲ့အတွက် စားတာများလာလေလေ၊ အဆီပိုတွေဖြစ်လာလေလေပေါ့။ အစာခြောက်ရဲ့နောက်ထပ် side effect ကတော့ အမွှေးတွေကျွတ်တာပါ။ ဘာကြောင့်မှန်းတော့မသိပေမယ့် အစာခြောက်ကျွေးတဲ့ကလေးနဲ့ ပင်လယ်ငါးပဲစားတဲ့ကလေးနှစ်ကောင်ကိုယှဉ်ကြည့်ရင် အစာခြောက်စားတဲ့ကလေးကအမွှေးပိုကျွတ်တာကိုတွေ့ရတယ်။

( ၂ ) တစ်နေကုန်လှုပ်ရှားမှုနည်းနေတာ

ခွေးကလေးတွေမှာတော့ သိပ်မရှိပေမယ့် ကြောင်လေးတွေကတော့ အဝလွန်ကြတယ်။ တစ်နေကုန်သူတို့လုပ်သမျှ လေ့ကျင့်ခန်းဟာ အိပ်ယာ ကနေ အစာခွက်ဆီကို လှမ်းတဲ့သုံးလေးလှမ်းထက်မပိုတာကြောင့် လှုပ်ရှားမှုနည်းပြီး အဆီတွေခိုလာရာကနေ အဝလွန်ကြတာဖြစ်တယ်။

( ၃ ) အစားနဲ့ဘယ်လို diet လုပ်မလဲ

ပင်လယ်ငါးကို ပြုတ်ပြီးအရိုးနွှင်၊ ထမင်းနဲ့နယ်ပြီး ဆီပါတယ်ဆိုရုံလေးဆမ်းလို့ ကျွေးကြည့်ပါ။ ကိုယ်တို့ဒီကကြောင်လေးတွေဟာ vegetables နဲ့ပတ်သက်ရင် ငယ်ငယ်ကတည်းက အကျင့်လုပ်မထားတဲ့အတွက် အသီးအရွက်ဆိုမစားကြဘူး။ အရွယ်ရောက်ပြီးကြောင်တစ်ကောင်ရဲ့တစ်နေ့တာသတ်မှတ်ထားတဲ့ ကယ်လိုရီပမာဏဟာ ၁၅၀ ပဲရှိပါတယ်။ တကယ်လို့ သူ့အနေနဲ့ အစာခြောက်ကိုမစားရမနေနိုင်ဖြစ်နေတယ်ဆိုရင်တော့ ငါးနဲ့ထမင်းရောနယ်ထားတဲ့အထဲ အစာခြောက်လေးငါးခုလောက်ထည့်ပြီး အာသာပြေကျွေးနိုင်တယ်။

( ၄ ) လေ့ကျင့်ခန်းနဲ့ရော

ကြောင်လေးတွေဟာ ခွေးကလေးတွေလို လူနဲ့လမ်းလျှောက်ထွက်တဲ့အကျင့်မရှိကြဘူး။ အဲ့ဒါကြောင့် သူတို့ကို training exercise ပေးမယ်ဆိုရင်တော့ hand made လေးတွေကိုယ်တိုင်ဆင်တတ်ဖို့လိုပါတယ်။ သူတို့တွေလုပြီဆော့လို့ရတဲ့ ဘောလုံးလေးတွေ၊ အတက်အဆင်းလုပ်နိုင်မယ့် အရာလေးတွေ၊ လေထဲမှာမမှီ့တမှီနဲ့တွဲလောင်းလုပ်ထားလို့ရတဲ့ ကစားစရာလေးတွေ၊ လှုပ်လှုပ်ရှားရှားဖြစ်နေမယ့်ကစားစရာလေးတွေ ( ဥပမာ - ဗုံတီးတဲ့မျောက်ရုပ်ကလေးလိုမျိုး ) ထားပေးဖို့လိုပါတယ်။

Gabriel


we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။