ပိုမိုလှပတဲ့ လက်သည်းတွေကို အချိန်တိုအတွင်းမှာ ဒီအချက်တွေနဲ့ ဖန်တီးလိုက်ပါ

သင့်ရဲ့ လက်သည်းတွေ မလှမပ မသပ်မရပ်ဖြစ်လို့ စိတ်အလိုမကျဖြစ်နေပါသလား။ မိန်ကလေးတွေတော်တော်များများဟာ ဒီကိစ္စတွေကြုံလာပြီဆိုရင် စိတ်ညစ်တတ်ကြပါတယ်။ အထူးသဖြင့်အလှအပကြိုက်တဲ့ မိန်းကလေးတွေပေါ့။ စိတ်ပူစရာမလိုပါဘူး။ အဓိကကတော့ သပ်သပ်ရပ်ရပ်နေတတ်ဖို့လိုတာပေါ့။ ဒါပေမယ့် လက်သည်းအရှည်ထားချင်တဲ့ မိန်းကလေးတွေအတွက်တော့ သေချာ ဂရုစိုက်ဖို့တော့လိုတယ်နော်။ ဘာဖြစ်လို့လဲဆိုတော့ မမြင်နိုင်တဲ့ ဘက်တီးရီးယား ပိုးမွှားတွေဟာ လက်သည်းကြားမှာ ဝင်နိုင်သေးတဲ့အတွက်ကြောင့် ကျန်းမာရေးအတွက်လည်း ဂရုစိုက်သင့်ပါတယ်။
ဒါကြောင့်လက်သည်းတွေမပျက်စီးအောင် Nails Spa တွေမှာ သွားပြီး အလှမဆင်သူများအတွက် သဘာဝနည်းနဲ့ပြုလုပ်လို့ရတဲ့ အရာတွေအများကြီးရှိပါတယ်။ ထိုအထဲမှာမှ ဘယ်လိုအရာတွေနဲ့လဲဆိုတော့

သံလွင်ဆီ


သံလွင်ဆီရဲ့ အားသာချက်ကတော့ လက်သည်းတွေကို ပြောင်လက်တောက်ပနိုင်ဖို့အတွက် ကူညီပေးတဲ့အပြင် ပျော့ပျောင်းစေတယ်။ ပျက်စီခြင်းကိုလည်း ထိရောက်စွာကာကွယ်ပေးပါတယ်။ ဒါကြောင့်မို့လို သံလွင်ဆီဟာ ဆံပင်အတွက်သာမက ခြေသည်း၊ လက်သည်းတွေအတွက်လည်း အထူးကောင်းမွန်စေပါတယ်။
သင့်ဘက်ကလုပ်ရမှာကတော့ နွေးနွေးလေးရှိတဲ့ သံလွင်ဆီကို လက်ဖက်ရည်ဇွန်း ၂ ဇွန်း ဒါမှမဟုတ် ၃ ဇွန်း ယူပြီး သင့်ရဲ့ ခြေသည်းလက်သည်းပေါ်မှာအပြည့်လိမ်းလိုက်ပါ။ ၁၅ မိနစ်၊ မိနစ် ၂၀ လောက်ထားပြီးရင် ရေနဲ့ဆေးလိုက်ပါ။ အကောင်းဆုံးရလဒ်ကို ရရှိဖို့အတွက် တစ်နေ့ ၂ ကြိမ်၊ ဒါမှမဟုတ် ၃ကြိမ် လုပ်ပေးနိုင်ပါတယ်။

ရေနွေးကြမ်း

ခြေသည်းလက်သည်းတွေအတွက် ရေနွေးကြမ်းဟာ အထူးပင်ကောင်းမွန်စေပါတယ်။ Antioxidants တွေ များစွာပါဝင်နေခြင်းကြောင့်  သင့်ခြေသည်းလက်သည်း ကွဲခြင်းကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။
သင်လုပ်ရမှာက ပုံမှန်ရေနွေးကြမ်းတစ်ခွက်ကို အေးသွားအောင်ထားလိုက်ပါ။ အေးသွားရင်တော့ သင့်ခြေသည်းလက်သည်းထဲကို စိမ့်ဝင်သွားအောင် ၁၀ မိနစ် ၁၅ မိနစ်ခန့် သင့်ခြေသည်းလက်သည်းကို စိမ်ထားလိုက်ပါ။ ပြီးရင်တော့ ပုဝါနဲ့ ဖြည်းဖြည်း သုတ်ပေးပါ။ အကောင်းဆုံးရလဒ်အတွက် တစ်ပတ်မှာ ၂ကြိမ်၊ ၃ကြိမ်လောက်တော့ လုပ်ပေးရမယ်နော်။

ပန်းသီး ရှာလကာရည်


ခြေသည်းလက်သည်း အလွယ်တကူကွဲခြင်းကနေတဆင့် မှိုစွဲခြင်း အထိတောင်ဖြစ်စေနိုင်ပါတယ်။ ထိုလိုမျိုးမဖြစ်အောင် အကောင်းဆုံးအဖြေကတေ့ာ ပန်းသီးရှာလကာရည်ပဲဖြစ်ပါတယ်။ ပန်းသီးရှာလကာအရည်ဟာ အက်စစ်ဓာတ်သဘာဝရှိတဲ့အတွက် ခြေသည်းလက်သည်းမှိုစွဲခြင်းကို  တားဆီးပေးနိုင်ပါတယ်။ ဒါ့အပြင် ခြေသည်းလက်သည်းမှာလိုအပ်နေတဲ့ အာဟာရဓာတ်တွေကိုဖြည့်စွက်ပေးနိုင်တဲ့ ပိုတက်စီယမ်၊ ကယ်လ်စီယမ်၊ သံဓာတ် တွေပါဝင်နေတဲ့အတွက် အရမ်းကို ကောင်းမွန်စေနိုင်ပါတယ်။
သင်လုပ်ရမှာကတော့ ပန်းသီးရှာလကာရည် ရဲ့ ပမာဏကို တူညီတဲ့ရေပမာဏနဲ့ ရောစပ်လိုက်ပါ။ သင့်ရဲ့ ခြေသည်းလက်သည်းတွေကို ထိုရောစပ်ထားတဲ့ အရည်တွေထဲမှာ ၁၀ မိနစ် ကနေ ၁၅ မိနစ်ထိ စိမ်ထားလိုက်ပါ။  ပြီးရင် စင်အောင်သုတ်လိုက်ပါ။ တစ်နေ့တစ်ကြိမ်ပုံမှန်လုပ်ပေးခြင်းဖြင့် ပိုမိုကောင်းမွန်တဲ့ ရလဒ်တွေရရှိလာမှာပါ။