ရိုးရှင်းလွယ်ကူတဲ့ထောပတ်သီးရေခဲမုန့်

Ice cream ချစ်သူတွေအတွက် homemade avocado ice cream (ထောပတ်သီးရေခဲမုန့်) လုပ်နည်းလေးလာပါပြီ...။
အရမ်းကိုရိုးရှင်းလွယ်ကူတဲ့နည်းလမ်းလေးပါနော်။ ဒီတော့ ဘယ်လိုလုပ်ရမလဲဆိုတာလေးကို ပုံလေးတွေနဲ့ တစ်ဆင့်ချင်းစီ ကြည့်လိုက်ရအောင်....။

ပထမဆုံးအနေနဲ့ ထောပတ်သီးအမှည့်နှစ်လုံးကို တစ်ခြမ်းခြမ်းပြီး ပန်းကန်လုံးထဲထည့်ထားပါ။ ပြီးရင် အဲ့ပေါ်ကို သံပုရာသီးတစ်ခြမ်း ညှစ်ချပါ။ ဆားကို လက်နဲ့နည်းနည်းယူပြီး ဖြူးပေးပါ။ ပြီးရင်တော့ ထောပတ်သီးကို ကြေသွားအောင်ချေပြီး မွှေပေးရမှာပါ။

နောက်တစ်ဆင့်အနေနဲ့ ပန်းကန်လုံးတစ်လုံးထဲကို မုန့်လုပ်တဲ့ခရင်မ် (heavy cream) တစ်ခွက်ထည့်ပေးပါ။ ပြီးရင် ခရင်မ်တွေပျစ်သွားတဲ့အထိ မွှေစက်လေးနဲ့မွှေပေးပါ။

ပျစ်သွားပြီဆိုရင် နို့ဆီကို ခွက်ရဲ့တစ်ဝက်စာထည့်ပြီး မွှေပေးပါ။ ခုနကလုပ်ထားတဲ့ ထောပတ်သီးကိုလည်း အဲ့ထဲထည့်ပြီး မွှေပေးပါ။

နောက်ဆုံးအဆင့်အနေနဲ့ မွှေပြီးသွားရင် ဘူးတစ်ဘူးထဲကို ညီညီညာညာလေးလောင်းထည့်ပြီး  အဖုံးနဲ့ပဲဖြစ်ဖြစ်၊ ပလတ်စတစ်အဖတ်လေးနဲ့ပဲဖြစ်ဖြစ် လုံအောင်ဖုံးဖိထားပေးပါ။ ပြီးရင်တော့ ရေခဲသေတ္တာထဲမှာ (၄ - ၅) နာရီလောက် ထည့်ထားပေးရမှာပါ။

ဒါဆိုရင်တော့ ကိုယ်တိုင်ပြုလုပ်ထားတဲ့ ထောပတ်သီးရေခဲမုန့်လေးရပါပြီ။  ဒါကို ဇွန်းလေးနဲ့ခြစ်၊ ပန်းကန်ထဲထည့်ပြီး အပေါ်ကနေ အခွံမာသီးအကြေလေးတွေ ဖြူးပြီးစားလို့လည်းရတယ်နော်။