မြန်မာ့ရိုးရာသင်္ကြန်အငွေ့အသက်တွေကို ပြန်လည်ခေါ်ဆောင်လာမယ့် လမ်းလျှောက်သင်္ကြန်

     Yangon Splash Walk ဆိုတာက နာမည်ရပြီးလူသိများလာတာ ဒီနှစ်နဲ့ဆိုရင် ၃ နှစ်ဆက်တိုက်ရှိပါပြီ…။ စပြီးလုပ်တဲ့ ၂၀၁၆ မှာထဲက လူသိများပြီး တော်တော်များများကလည်း စိတ်ဝင်စားကြပါတယ်…။ ဘာလို့လဲဆိုတော့ ရေကစားမဏ္ဍပ်တွေဘယ်လောက်ပဲ များလာများလာ ငယ်ငယ်တုန်းကရေကစားကြတဲ့ အလေ့အထလေးက ပိုပြီးပျော်စရာကောင်းတယ်ဆိုတာကို လူတော်တော်များများက လက်ခံထားကြလို့ပဲဖြစ်ပါတယ်…။ ငယ်ငယ်တုန်းကဖြတ်သန်းခဲ့ရတဲ့ သင်္ကြန်အမှတ်တရတွေကို ပြန်လည်အသက်ဝင်အောင်လုပ်ပေးနိုင်မယ့် အစီစဉ်လေးတစ်ခုဆိုလည်း မမှားဘူးပေါ့…။

     ဒီအစီစဉ်လေးက အရင်နှစ်တွေတုန်းကလည်း လူစည်ကားခဲ့သလိုမျိုး ဒီနှစ်မှာလည်းထပ်ပြီး စည်ကားလာအုန်းမှာပါ…။ မြန်မာရိုးရာသင်္ကြန်ပွဲကို လမ်းလေးလျှောက်ရင်း လမ်းမှာတွေ့တဲ့သူအချင်းချင်း ရေတွေအပြန်အလှန်ပက်ရင်းနဲ့ ပျော်ရွှင်စွာဖြတ်သန်းလို့ရမယ့် အခိုက်အတန့်လေးကို ပိုင်ဆိုင်ရမှာပေါ့…။ တစ်ယောက်နဲ့တစ်ယောက် ချစ်ချစ်ခင်ခင်နဲ့ ရေကစားနေကြတဲ့ ပုံရိပ်တွေကဘေးကမြင်ရတဲ့ သူတွေရဲ့ရင်ထဲမှာလည်း ပီတိဖြစ်စေပြီး တကယ်ကစားကြတဲ့သူတွေကလည်း အရမ်းကိုပျော်စရာကောင်းမှာပဲနော်…။ ဒီနှစ်မှာတော့ Yangon Splash Walk လမ်းကြောင်းက မဟာဗန္ဓုလပန်းခြံ၊ ကန်တော်ကြီးမြေပဒေသာကျွန်းနဲ့ သခင်မြပန်းခြံတို့တွေမှာ စတုဒီသာတွေကျွေးမွေးပြီး လမ်းလျှောက်သင်္ကြန်ကျင်းပမှာပဲဖြစ်ပါတယ်…။

     မနှစ်က မန္တလေးလမ်းလျှောက်သင်္ကြန်ကလည်း တော်တော်လေးကို စည်ကားခဲ့တယ်လို့လည်းသိရပါတယ်…။ လမ်းလျှောက်သင်္ကြန်တွေကျင်းပတာက ငယ်ငယ်တုန်းကလိုမျိုး ပြန်လည်ဆော့ကစားလို့ရပြီး တကယ်ရိုးရာသင်္ကြန်ကိုဖြတ်သန်းလို့ရတာကြောင့် ဂုဏ်ယူစရာတစ်ခုဖြစ်ပေမယ့် ပြည်သူတွေဘက်ကလည်း အပျော်ကနေ အပျက်မဖြစ်အောင် ဝိုင်းဝန်းထိန်းသိမ်းရမှာပဲဖြစ်ပါတယ်…။ သင်္ကြန်မှာ အရက်သေစာသောက်စားပြီး ခိုက်ရန်ဖြစ်တာတွေကလည်း သင်္ကြန်ရဲ့ပုံရိပ်တွေကို တော်တော်လေး အကျည်းတန်စေတဲ့ အမူအကျင့်တွေပါ…။ သူများတွေလည်းပျော်နေကြသလိုမျိုး ကိုယ်လည်းကိုယ့်စိတ်ကူးနဲ့ကိုယ်ပျော်နိုင်တယ်လေ…။ သင်္ကြန်မှာမသောက်ရဘူးဆိုတဲ့စည်းကမ်းလည်းချမှတ်ဖို့ မဖြစ်နိုင်တာကြောင့် သောက်တတ်တဲ့သူတွေကလည်း သူများတွေကိုအနှောက်မပေးဘူးဆိုရင်တော့ မြန်မာ့ရိုးရာသင်္ကြန်က အရင်လိုပဲချစ်စရာကောင်းပြီး ကြည်နူးပျော်ရွှင်စရာကောင်းလာမှာပေါ့…။

     မြစ်ကြီးနားမှာလည်း ပထမဦးဆုံးအကြိမ်လမ်းလျှောက်သင်္ကြန်ပွဲကို ယခု ၂၀၁၈ ခုနှစ်မှာစပြီးကျင်းပမယ်လို့လည်း သိရပါတယ်…။ ရေကစားကြတဲ့သူတွေ အပူဒဏ်သက်သာပြီး အေးအေးဆေးဆေးကစားလို့ရအောင် လမ်းတလျှောက်အပေါ်မှာ ပုသိမ်ထီးလေးတွေကို ချိတ်ဆွဲပေးထားမယ်လို့လည်း သိရပါတယ်…။

     ဒါကြောင့် မြန်မာလူမျိုးတစ်ယောက်အနေနဲ့ တစ်နှစ်မှာတစ်ခါကျင်းပတဲ့ မြန်မာ့ရိုးရာသင်္ကြန်ပွဲမှာ အရင်တုန်းကသင်္ကြန်အငွေ့အသက်တွေကို ပြန်လည်ခံစားချင်တယ်ဆိုရင် လမ်းလျှောက်သင်္ကြန်ကို ပါဝင်ဆင်နွှဲသင့်ပါတယ်…။ လူငယ်တွေအနေနဲ့ သင်္ကြန်မဏ္ဍပ်တွေမှာပဲ ပျော်ချင်ကြတာကိုနားလည်ပေမယ့် တစ်နှစ်မှာတစ်ခါပဲ ပါဝင်ဆင်နွှဲရတာကြောင့် သင်္ကြန်လေးရက်မှာတစ်ရက်လောက်တော့ ဒီလမ်းလျှောက်သင်္ကြန်ကိုပါဝင်ဆင်နွှဲကြည့်ဖို့ အကြံပေးချင်ပါတယ်နော်…။

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။