တစ်ချိန်က အကယ်ဒမီပိုင်ရှင် ပရိသတ်အချစ်တော် မင်းသား ဒွေး(ကိုသားကြီး) ဆိုသည်မှာ

မနေ့က အကယ်ဒမီပေးပွဲကိုကြည့်ရင်း တစ်ချိန်က အကယ်ဒမီရရှိခဲ့ဖူးပြီး ယနေ့ထိတိုင် ပရိသတ်တွေရင်ထဲမှာ အစားထိုးမရနိုင်ခဲ့တဲ့ ကိုသားကြီး(ဒွေး) အကြောင်းလေးကို မျှဝေပေးပါရစေ။

 

ပရိတ်သတ်တွေရဲ့ အသည်းကျော် မင်းသားကြီး ဒွေးရဲ့ ငယ်နာမည်ကတော့ မောင်ထင်လင်းပါ။သူဟာ အနုပညာလောကကို မင်းသားအနေနဲ့စတင်ဝင်ရောက်ခဲ့တာ မဟုတ်ပါဘူး။ ကျော်ဟိန်း ရဲ့ ကားကြီးတွေမှာ နောက်ခံသီချင်းဆိုရင်း အဲ့ကမှတစ်ဆင့် ရှုတင်မန်နေဂျာ၊ရှုတင်မန်နေဂျာကနေ ကင်မရာမန်း၊အဲ့ကနေမှ တစ်ဆင့်အရံမင်းသား၊နောက်ဆုံး ဇာတ်ဆောင်မင်းသားဖြစ်တဲ့အထိထိ အဆင့်ဆင့် ကြိုးစားဖြတ်ကျော်ခဲ့ရတာပါ။

 

သူဟာ ထင်လင်းကနေ မင်းသားဖြစ်ခဲ့တဲ့အချိန်မှာတော့ ဒွေးဆိုတဲ့ နာမည်နဲ့ ဝင်ရောက်ခဲ့ပါတယ်။ ဒွေး ဆိုတဲ့နာမည်က ကောင်းကင်မှာနေရော ၊လရော ပြိုင်တူထွက်တဲ့အချိန်ကို ရည်ညွှန်းပြီး ပေးထားတာလိြ့ ဆိုပါတယ်။

 

မင်းသားစဖြစ်ခါစမှာ သူ့ဘဝဟာ အခက်အခဲတွေ၊ ခွဲခြားဆက်ဆံခံရမှုတွေ၊ ဒီရုပ်နဲ့မင်းသားမဖြစ်နိုင်ပါဘူးဆိုတဲ့ လူတွေရဲ့ နှိမ်တဲ့စကားသံတွေ၊အကြည့်တွေကြားမှာ ရုန်းကန်ကြိုးစားခဲ့ရသူပါ။

 

ဒီလိုသူ့ရဲ့ ကြိုးစားအားထုတ်မှုတွေကြောင့် ဒွေးဟာ ဗီဒီယိုကားပေါင်း ထောင်ကျော်ရိုက်ကူးနိုင်ခဲ့တဲ့ ၊ ကြော်ငြာပေါင်းများစွာရဲ့ဘုရင်ဖြစ်ခဲ့သူပါ။ သရုပ်ဆောင်ရာမှ အရေးကြီးဆုံးဖြစ်တဲ့ မျက်လုံးနဲ့စကားပြောခြင်းဆိုတာဟာ ဒွေးရဲ့ အပြောင်မြောက်ဆုံးသော အားသာချက်ပါပဲ။ဝမ်းနည်း၊ဝမ်းသာ၊ဒေါသထွက် စတဲ့ ခံစားချက်အမျိုးမျိုးကို စကားလုံးတွေနဲ့ ထုတ်ဖော်ပြောစရာမလိုပဲ မျက်လုံးအကြည့်တွေကနေ သိနိုင်စေတဲ့ မင်းသားကောင်းတစ်ယောက်ပါ။

 

ဒါကြောင့်လဲ သူဟာ သေဆုံးသွားပြီဖြစ်ပေမယ့် ပရိသတ်တွေရင်ထဲမှာ မပြောင်းမလဲ၊ အမြဲတမ်းချစ်နေ၊သတိရနေရတဲ့ မင်းသားတစ်ယောက်ပါ။သူ့ရဲ့ သေဆုံးမှုဟာ အနုပညာလောကအတွက်ရော၊ပရိသတ်တွေအတွက်ပါ ဝမ်းနည်းစရာကောင်းပြီး နှမြောတသဖြစ်ရလွန်းတဲ့ ဆုံးရှုံးမှုတစ်ခုပါပဲ။သေဆုံးသွားတဲ့ ဆယ်စုနှစ်ကျော်ခဲ့ပေမယ့် အခုချိန်ထိ ပရိသတ်တွေရင်ထဲမှာ နေရာယူထားဆဲဖြစ်တဲ့ ပရိသတ်အချစ်တော် အကယ်ဒမီဒွေး (ကိုသားကြီး)အား သတိရစွာနဲ့ ဒီစာလေးကို ရေးလိုက်ပါတယ်❤

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။