ဓာတ်လှေကားထဲမှာ ရုတ်တရက်ပိတ်မိသွားတဲ့အခါ ဘယ်လိုလုပ်ကြမလဲ

ဓာတ်လှေကားထဲပိတ်မိတယ်ဆိုတာ ကိုယ်တို့နိုင်ငံမှာတော့ ဖြစ်တောင့်ဖြစ်ခဲကိစ္စတစ်ခုပါ။ ဒါပေမယ့် အိမ်နီးချင်းတရုတ်၊ ထိုင်း နဲ့ ကိုရီးယားနိုင်ငံတွေမှာ ဓာတ်လှေကားထဲပိတ်မိတဲ့ဖြစ်ရပ်တွေနေ့စဉ်နဲ့အမျှရှိနေတယ်ဆိုပဲ။ ( လျှပ်စစ်မီးမကြာခဏပျက်တဲ့နိုင်ငံမှာ အဲ့လိုအဖြစ်မျိုးသိပ်မရှိပဲ တိုးတက်တဲ့နိုင်ငံကြီးတွေမှာပဲဖြစ်နေတာဆိုတော့ ကိုယ့်နိုင်ငံက elevator တွေကောင်းလှချည်လားဟ လို့တောင် ကြံဖန်ပြီး ဂုဏ်ယူမိသေး ….. )

တကယ်တော့ ဓာတ်လှေကားထဲပိတ်မိတာဟာ သာမန်လူတွေအတွက်တောင် ကြောက်စရာကောင်းနေသေးတာ၊ အမှောင်နဲ့လှောင်ပိတ်ခံရတာကြောက်တဲ့သူတွေဆိုရင် နှလုံးပါရပ်ပြီးသေလောက်တဲ့အထိ ဖြစ်တတ်ပါတယ်။
အဲဒီလိုများ ကြုံခဲ့ရင်၊ ပိတ်မိခဲ့ရင် ဘာတွေလုပ်ရမလဲ၊ ဘယ်လိုနေရမလဲ ဆိုတာ ဗဟုသုတအနေနဲ့ကိုယ်တို့ we.com.mm ကနေမျှဝေပေးလိုက်ပါတယ်။

( ၁ ) အေးဆေးပဲနေ

ကိုယ်ကအထဲမှာ၊ ဒါပေမယ့် ရုတ်တရက်အရေးပေါ်အခြေအနေတစ်ခုဘွားကနဲကြုံလာရပြီဆိုရင် အရေးအကြီးဆုံးအချက်က … စိတ်အေးအေးထားဖို့ပဲ ..။ ဘာဖြစ်လို့လဲဆိုတော့ ကြောက်ရွံ့လာ၊ အကြောက်လွန်လာတဲ့အချိန်မှာ ကိုယ်တို့နှလုံးထဲကို အောက်ဆီဂျင်ရောက်ဖို့ပိုပြီးခက်ခဲလာတတ်တယ်။ အသက်ရှုရခက်ခဲလာပြီး သတိလစ်သွားတတ်တယ်။ ဓာတ်လှေကားကြောင့် မဟုတ်ပဲ အောက်ဆီဂျင်ပြတ်ပြီး မာလကီးယားတတ်တာကို သတိပြုပါ။ အဲ့ဒီလိုအခြေအနေနဲ့ကြုံရပြီဆိုရင် စိတ်ကိုအေးအေးလေးပဲထားဖို့လိုတယ်။

( ၂ ) အကူအညီတောင်း

စိတ်အေးသွားပြီဆိုရင် ကမူးရှူးထိုးမဖြစ်တော့ဘူး။ ခေါင်းအေးအေးနဲ့စဉ်းစားတတ်လာမယ်။ အဲဒီအချိန်ကျရင် တခြားဟာတွေထက် အကူအညီတောင်းဖို့ကို အရင်ဆုံးစဉ်းစားပါ။ ဓာတ်လှေကားတွေမှာ အရေးပေါ်အခြေအနေမှာအသုံးပြုဖို့အတွက် အရေးပေါ်အချက်ပေးခလုတ်တွေတပ်ဆင်ထားတတ်တယ်။ တကယ်လို့များ လျှပ်စစ်ဓာတ်အားပြတ်တောက်သွားတာ၊ ခလုတ်ပျက်နေတာမျိုးတွေ ဆိုရင်တော့ အထဲကနေအသံကျယ်ကျယ်နဲ့အော်ပြီးအကူအညီတောင်းတာ၊ တံခါးကိုထုတာ၊ အတတ်နိုင်ဆုံးဆူဆူညံညံလုပ်ပြီး အပြင်ကလူတွေသတိထားမိအောင်လုပ်ပါ။ ရှက်နေဖို့မလိုဘူး။

( ၃ ) အလင်းရောင်ရှိဖို့လို

လျှပ်စစ်ဓာတ်အားပြတ်တောက်သွားတဲ့အခါကျရင် ဓာတ်လှေကားထဲမှာပါ အမှောင်ကျသွားတတ်တယ်။ အဲဒီအခါသတိထားရမှာက အလင်းရောင်ရှိနေဖို့လိုတယ်ဆိုတာပါပဲ။ အမှောင်ထုဟာ လူကိုချောက်ခြားစေသလို၊ ပိုပြီးလည်းမွန်းကျပ်သလိုခံစားရစေတယ်။ ကိုယ့်အိတ်ထဲမှာပါတဲ့ ဖုန်း၊ ဓာတ်မီး စတာတွေနဲ့အလင်းရောင်ရှိနေဖို့လိုအပ်ပါတယ်။ တစ်ခုရှိတာက မီးခြစ်ပါရင် မီးမထွန်းပါနဲ့။ မီးခြစ်က ထွက်လာတဲ့မီးပွားဟာ အောက်ဆီဂျင်နဲ့ဓာတ်ပြုပြီးမှ မီးတောက်ဖြစ်တာပါ။ ဆိုလိုတာက မီးများများခြစ်ရင် အောက်ဆီဂျင်မြန်မြန်ပြတ်တယ်လို့ပြောတာ ..။

( ၄ ) စိတ်ရှည်သည်းခံလမ်းကြောင်းမှန်

တကယ်လို့ အထဲမှာပိတ်မိနေတာကို အပြင်ကသိသွားပြီ၊ အကူအညီလည်းလာနေပြီ။ ဒါပေမယ့် လူတွေရဲ့စိတ်ကလည်းခက်သား၊ လာနေပါပြီဆိုမှ ပိုပြီးမျှော်တတ်ကြတယ်။ ကယ်မယ့်သူကို မျှော်ရင်းစိတ်ပင်ပန်းလာ၊ အကြောက်ပိုလာတဲ့အခါကျရင် ပိုပြီးစိတ်တွေချောက်ခြားလာတတ်တယ်။ အဲလိုအခါမျိုးကျရင် ကိုယ့်အနေနဲ့ စိတ်အေးအေးထား၊ စိတ်ရှည်ရှည်ထားဖို့လိုပါတယ်။ ဖုန်းခေါ်တာ၊ ဂိမ်းဆော့တာ၊ chat တာတွေလုပ်ပြီး စိတ်လေးကို relax ပေးထားဖို့လိုတယ်နော်။

( ၅ ) အကြောက်လွန်ပြီး ခလုတ်တွေလျှောက်မနှိပ်ဖို့

အထပ်တစ်ခုခုမှာ ဓာတ်လှေကားပျက်သွားတယ်ထား။ တံခါးလည်းမပွင့်ဘူး။ ဒါဆို ဘာလုပ်မလဲ .. ။ ထူပူပြီးကိုယ်သွားမယ့် အထပ်ရဲ့ခလုတ်ကို ထပ်ကာထပ်ကာနှိပ်နေတာပိုပြီးဆိုးသွားနိုင်တယ်။ အဲဒီအခါမျိုးကျရင် ကိုယ်ရောက်နေတဲ့အထပ်ရဲ့ခလုတ်ကို နှိပ်ပါ။ အဲ့ဒီလိုမှတံခါးပွင့်မလာရင် Open Door ဆိုတဲ့ခလုတ်ကိုနှိပ်ပြီးစမ်းကြည့်ပါ။.

( ၆ ) Stop ခလုပ်ကို နှိပ်

အရေးပေါ်အခြေအနေ ( ဥပမာ ) ထိခိုက်ဒဏ်ရာရထားတာမျိုး၊ သေရေးရှင်ရေးကိစ္စတွေဖြစ်လာတာမျိုးဆိုမှ သုံးပါ။ နို့မို့ဆို တစ်နေရာတည်းမှာ ဓာတ်လှေကားက ရပ်နေပါလိမ့်မယ်။ ဓာတ်လှေကားတိုင်းမှာ Stop ဆိုတဲ့အနီရောင်ခလုတ်လေးတစ်ခုစီပါတတ်ကြတယ်။ ကိုယ့်အနေနဲ့ ကယ်မယ့်သူရောက်လာတာဖြစ်ဖြစ်၊ ကိုယ့်ဟာကိုယ် ကြိုးစားပြီးထွက်မှာပဲဖြစ်ဖြစ်၊ ဘယ်လိုပဲဖြစ်ဖြစ်ထွက်ဖို့လိုလာပြီဆိုရင် အဲဒီ Stop ခလုတ်အနီရောင်လေးကို နှိပ်ဖို့လိုပါတယ်။ ဒါဆို ကိုယ့်အနေနဲ့လွတ်မြောက်ရာလွတ်မြောက်ကြောင်းလေး ကြံဖန်လို့ရတာပေါ့ ..။

အားလုံးပဲ ကျဉ်းထဲကျပ်ထဲရောက်တဲ့ဒုက္ခမှကင်းဝေးကြပါစေ …။

Gabriel

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။