အရသာရှိတဲ့ ထူးထူးဆန်းဆန်း Chicken Teriyaki

နည်းနည်းထူးထူးဆန်းဆန်းလေးဖြစ်သွားအောင် Chicken Teriyaki လုပ်နည်းလေးကို ပြောပြပေးချင်ပါတယ်...။ သေချာလိုက်လုပ်လို့ရအောင် ပုံလေးတွေနဲ့ တစ်ဆင့်ချင်းဆီပြောပြပေးပါမယ်...။

Chicken Teriyaki ပြုလုပ်ဖို့အတွက် လိုအပ်တဲ့ပစ္စည်းတွေကတော့...
အရိုးမပါတဲ့ ကြက်သား၊
ပဲငံပြာရည်ဆော့စ် စားပွဲတင်ဇွန်း (၄) ဇွန်း၊
ပျားရည် စားပွဲတင်ဇွန်း (၃) ဇွန်း၊
လတ်ဆတ်တဲ့ orange juice ဖန်ခွက် (၁) ခွက်၊
နှမ်းဆီ လက်ဖက်ရည်ဇွန်း (၂) ဇွန်း၊
ဂျင်း၊ ထောပတ်၊ နှမ်းစိလေးတွေနဲ့ ကြက်သွန်မြိတ်ပါ...။

အရင်ဆုံး ပန်းကန်ကြီးကြီးတစ်ခုထဲကို ကြက်သားတုံးလေးတွေတန်းစီထည့်ပါ။
ပြီးရင် ပဲငံပြာရည်ဆော့စ်ထည့်၊ ပျားရည်ထည့်၊ orange juice ထည့်၊ ဂျင်းကို နည်းနည်းခြစ်ပြီးထည့်၊ နှမ်းဆီလည်းထည့်ပါ။ အားလုံးထည့်ပြီးရင် နှံ့အောင်မွှေပြီး မိနစ် (၃၀) လောက် စိမ်ထားပေးပါ။

နောက်တစ်ဆင့်အနေနဲ့ ဒယ်ပြားကို မီးဖိုပေါ်တင်ပြီး အဲ့ထဲကို vegetable oil နည်းနည်းထည့်ပေးပါ။
ပြီးရင် ခုနကစိမ်ထားတဲ့ ကြက်သားတွေကို တန်းစီထည့်ပြီးကြော်ပါ။ ကြော်ပြီးရင်တော့ ပန်းကန်ပြားထဲထည့်ပေးပါ။

နှမ်းစိလေးတွေကို ဒယ်အိုးတစ်ခုထဲထည့်ပြီး လှော်ပေးပါ။ နောက်ဒယ်အိုးအသစ်တစ်လုံးကိုလည်း မီးဖိုပေါ်တင်ပြီး ထောပတ်ကို အရည်ပျော်သွားအောင်လုပ်ပေးရပါမယ်။ ထောပတ်အရည်ပျော်သွားပြီဆိုရင် ခုနက ကြက်သားစိမ်ထားတဲ့ အရည်တွေအကုန်ထည့်ပြီး ပွက်ပွက်ဆူအောင်တည်ပေးပါ။

ပွက်ပွက်ဆူပြီဆိုမှ ခုနကကြော်ထားတဲ့ ကြက်သားကိုထည့်ပြီးမွှေပါ။ အရည်တွေခမ်းခါနီးကျရင် ကြက်သွန်မြိတ်ထည့်ပြီး ထပ်မွှေပေးပါ။ နောက်ဆုံးအနေနဲ့ ခုနကလှော်ထားတဲ့ နှမ်းစိလေးတွေကို အပေါ်ကနေဖြူးပြီး နှံ့အောင်မွှေပေးပါ။

ဒါဆိုရင်တော့ အရသာရှိတဲ့ Chicken Teriyaki ကို ထမင်းလေးနဲ့တွဲပြီး စားသုံးလို့ရပါပြီ....။