ပရိသတ်တွေမသိသေးတဲ့ မိုးဟေကို ဆိုတာ …

သူမကို ၁၉၈၅ ခုနှစ် ဇွန်လ ၂၆ ရက်နေ့တွင် ဖေဖေဦးကျော်မင်း နှင့် မေမေဒေါ်နုနုစိန် တို့မှ စိန်ပန်းရပ် ၊ မဟာအောင်မြေမြို့နယ် ၊ မန္တလေးတိုင်းဒေသကြီးတွင် မွေးဖွားခဲ့ပါသည်။ အမည်ရင်းကတော့ အေးအေးခိုင် လို့ခေါ်ပါတယ်။ ၉တန်းကျောင်းသူ ဘဝမှစပြီး Talent & Model Agency တွင် သင်တန်းစတက်ခဲ့ပြီး ၁၉၉၉ခုနှစ်တွင် ဒွေး ၊ ထက်ထက်မိုးဦးနှင့်အတူ Okie ဆပ်ပြာမှုန့်ကြော်ငြာစတင်ရိုက်ကူးခဲ့ပြီး မော်ဒယ် နှင့် သရုပ်ဆောင် တစ်ယောက်အဖြစ် အနုပညာလောကထဲးသို့ အသက်က ၂၀ ကျော်ခန့်က စတင်ဝင်ရောက်လာခဲ့ပါတယ်။


ထိုခေတ်အခါက ကြော်ငြာတစ်ခုရိုက်ဖို့မပြောနဲ့ Magazine Cover ရိုက်ကူးဖို့ပင် မလွယ်ကူသော အချိန်မှာသူမက ကြော်ငြာများ Magazing Cover များကို စတင်ရိုက်ကူးနေခဲ့ရပါပြီ။ သူမရဲ့ ညို့အားပြင်းသောအလှ ဆွဲဆောင်မှု့ရှိသော Body တို့ကြောင့် ၂၀၀၀ခုနှစ်မှစတင်ပြီး Magazine Cover များ၊ ပြက္ခဒိန်များ ၊ ကြော်ငြာများအများဆုံးရိုက်ကူးရသော ကြော်ငြာမော်ဒယ်တစ်ဦးဖြစ်လာပြီး နာမည်ကြီး Photographers အများစုကအလှဓာတ်ပုံရိုက်ကူးမှုတွင် မိုးဟေကိုရဲ့ အိုက်တင်ကိုမီသူမရှိဟုပင် သတ်မှတ်ခဲ့ကြပါတယ်။ ထိုနှစ်ပိုင်းတွင် မြန်မာနိုင်ငံ အတွင်း အင်တာနက်သုံးစွဲမှုများ စတင်ခေတ်စားလာခဲ့ရာ မိုးဟေကိုသည် online စာမျက်နှာများထက်တွင် အလွန်ရေပန်းစားခဲ့ပြီး ပရိသတ်များ၏အထူးစိတ်ဝင်စားမှုရရှိခဲ့သောကြောင့် မီဒီယာအများစုက အင်တာနက် ခေတ်ဦးကိုဦးဆောင်ခဲ့သော အွန်လိုင်းဘုရင်မ ဟုပင်တင်စားခဲ့ကြသည်။


သို့ပေမဲ့ ဗီဒီယို တစ်ချို့တွင် သရုပ်ဆောင်ခွင့်ရသော်လည်း သူမကိုယ်တိုင်က အရည်ချင်းမလုံလောက်သေးဟု ဆုံးဖြတ်ကာ သရုပ်ဆောင် အလုပ်ကို ဆက်လက် မလုပ်ကိုင်တော့ပဲ ရပ်နားခဲ့ပါသည်။ ၂၀၁၅ ခုနှစ်ရောက်မှသာ အနုပညာလောကသို့ တစ်ကျော့ပြန်လည်ဝင်ရောက်လာခဲ့ပြီး ပထမဆုံးခေါင်းဆောင်မင်းသမီးအဖြစ် ၂၀၀၇ ခုနှစ်တွင် ဒါရိုက်တာမောင်မျိူ းမင်း၏ ‘အိပ်မက်အလွန်’ ဗီဒီယိုဇာတ်ကားတွင် လူမင်း ၊အိန္ဒြာကျော်ဇင်တို့နှင့်တွဲဖက်သရုပ်ဆောင်ခဲ့သည်။ ဆက်တိုက်ဆိုသလိုပင် ဗီဒီယို နှင့် ရုပ်ရှင် ဇာတ်ကားများကို ဆက်လက်ရိုက်ကူးခဲ့ပါသည်။၂၀၀၈ ခုနှစ်အကုန်တွင် မိုးဟေကိုမှာ ရုပ်ရှင်၊ဗီဒီယိုနှင့်ကြော်ငြာ အများအပြားတွင်သရုပ်ဆောင်ခွင့်ရရှိသော ဈေးကွက်ဝင်မင်းသမီး တစ်ဦးဖြစ်လာခဲ့ပြီး မြန်မာနိုင်ငံ၌ ထိပ်တန်းမင်းသမီး ဘဝသို့ တက်လှမ်းနိုင်ခဲ့ပါသည်။


၂၀၀၉ ခုနှစ်တွင်ရုပ်ရှင်ကားကြီး လေးကား၌ ခေါင်းဆောင်မင်းသမီးအဖြစ်သရုပ်ဆောင်ခဲ့ပြီး ၎င်းတို့အနက် ကျော်ရဲအောင်၊လွင်မိုးတို့နှင့်သရုပ်ဆောင်သော ‘သူငယ်ချင်းယောက္ခမ’ ဟာသဇာတ်ကားမှာ ထိုနှစ်၏ဝင်ငွေအကောင်းဆုံးဇာတ်ကားဖြစ်သလို နေတိုးနှင့်သရုပ်ဆောင်သော ‘မိုး ညအိပ်မက်မြူ ‘ ဇာတ်ကားမှာ သူမအတွက် ပထမဆုံးအကြိမ် အမျိူ းသမီးဇာတ်ဆောင်ဆုအတွက် တစ်ကြို ပေးခြင်းခံခဲ့ရသော်လည်း လွဲချော်ခဲ့ရသည်။ ၂၀၁၄ခုနှစ်အတွင်း ဝင်ငွေအရရော အနုပညာအရပါအအောင်မြင်ဆုံးရုပ်ရှင်နှစ်ကားတွင် ခေါင်းဆောင်မင်းသမီးအဖြစ်သရုပ်ဆောင်ခဲ့သည်။ ပထမကားမှာ ဒါရိုက်တာမောင်မျိူ းမင်း၏ ‘တိုက်ဆိုင်မှုရှိလျှင်’ ဇာတ်ကားဖြစ်ပြီး ဒုတိယကားမှာဒါရိုက်တာဝိုင်း ရိုက်ကူးသော ‘နှလုံးသားဖြင့်ပြုလုပ်သည်’ ဖြစ်ပါသည်။ ဇာတ်ကားနှစ်ကားလုံးတွင် မတူညီသောဇာတ်ရုပ်နှစ်ခုကို အကွက်စေ့အောင် ပုံဖော်သရုပ်ဆောင်နိုင်ခဲ့သဖြင့် ၂၀၁၄ အမျိူးသမီး ဇာတ်ဆောင်ဆုကို ရရှိလိမ့်မည်ဟု ပရိသတ်ကော အနုပညာလောကသားများကပါ ထင်ကြေးပေးခံခဲ့ရသော်လည်း ဒုတိယအကြိမ်ထပ်မံလွဲချော်ခဲ့ရသည်။


၂၀၁၂ခုနှစ်တွင်ဂျာမနီနိုင်ငံထုတ် PORSCHIST မဂ္ဂဇင်း၏ မျက်နှာဖုံးရှင်အဖြစ် ရိုက်ကူးခဲ့ရသည်။ ၂၀၁၁တွင် People မဂ္ဂဇင်းကရွေးချယ်သော Best Beauty Award ကိုရရှိခဲ့သည်။၂၀၁၅ခုနှစ်တွင် တောင်ကိုးရီးယားနိုင်ငံ၌ကျင်းပသော Asian Model Festival တွင် Asian Model Award ကိုရရှိခဲ့သည်။၂၀၁၁ ခုနှစ်မှ ၂၀၁၄ခုနှစ်အထိ Google Website ၏ထုတ်ပြန်ချက်အရ မိုးဟေကိုမှာမြန်မာပြည်၏ ရှာဖွေမှုအများဆုံးအနုပညာရှင်အဖြစ် သတ်မှတ်ခံရသည်။၂၀၁၇ခုနှစ်၌ L’oreal မှချီးမြှင့်သော Best Red Carpet Fashion ဆုကိုရရှိခဲ့ပြီး အလှအပမဂ္ဂဇင်းအသီးသီးမှ ရွေးချယ်သော ဖက်ရှင်အကျဆုံး ဆွဲဆောင်မှုအရှိဆုံး အနုပညာရှင်စာရင်းတွင် အကြိမ်ကြိမ်ပါဝင်ခဲ့သည်။ သူမ၏အောင်မြင်မှုအမြင့်ဆုံးအချိန်တွင် မြန်မာပြည်၏အောင်မြင်မှုအရှိဆုံးမင်းသမီးစာရင်း၌ အမြဲလိုလိုပါဝင်တတ်ပြီး စီးပွားရေးကုန်ပစ္စည်း အများပြား၏ Brand Ambassador တစ်ဦးလည်းဖြစ်သည်။


၂၀၁၀-၂၀၁၄ ကာလမှာ မိုးဟေကို၏ အအောင်မြင်ဆုံးကာလဖြစ်သည်။ လေးနှစ်အတွင်းရုပ်ရှင်ဗီဒီယိုစုစုပေါင်း ၂၀၀ နီးပါး (တစ်နှစ်လျှင် ဇာတ်ကား ၅၀နီးပါး ) ရိုက်ကူးခဲ့ပြီး ထိုကာလ၏ ဇာတ်ကား အများဆုံး ရိုက်ကူးခွင့်ရသော အမျိူးသမီးသရုပ်ဆောင်ဖြစ်သည်။ ၂၀၁၄ နောက်ပိုင်းမှစတင်ပြီး မိုးဟေကိုမှာ မိခင်၏ကျန်းမာရေးကြောင့်တစ်ကြောင်း၊အခြားတစ်ဖက်တွင် စီးပွားရေးလုပ်ငန်းအများအပြားကို လုပ်ကိုင်နေခြင်းကြောင့်တစ်ကြောင်း အနုပညာလှုပ်ရှားမှုမျာကိုသိသိသာသာလျှော့ချလာခဲ့သည်။၂၀၁၄ ခုနှစ်၌မိုးရုပ်ရှင်ထုတ်လုပ်ရေးကိုတည်ထောင်ခဲ့ပြီး ပွဲဦးထွက်ဇာတ်ကားအဖြစ ် ‘ရုံးပတီသီးလေးများ’ ဟာသရုပ်ရှင်ကိုဒါရိုက်တာကိုဇော်(အရုဏ်ဦး)ကရိုက်ကူးပြီးသူမကိုယ်တိုင် ပါဝင်သရုပ်ဆောင်ခဲ့ရာ ကုန်ကျငွေ၏နှစ်ဆနီးပါးအမြတ်ရရှိခဲ့သည်။


ထုတ်လုပ်ရေး၏အကြီးမားဆုံးအောင်မြင်မှုမှာ ၂၀၁၆ တွင် ဒါရိုက်တာစတီးရိုက်ကူးသော ‘ခိုးဆိုးလုနှိုက်’ ဇာတ်ကားဖြစ်ပြီး စူပါစတားမြင့်မြတ် ၊ထွန်းထွန်းနှင့် သင်ဇာဝင့်ကျော်တို့ ပါဝင်သရုပ်ဆောင်ထားသည်။ လမ်းပေါ်ကလူငယ်များ၏ဘဝကို ပုံဖော်ရိုက်ကူးထားခြင်းဖြစ်ပြီး ဘောလိဝုဒ်ဇာတ်ကားကိုမီငြမ်းမှုကြောင့် အကယ်ဒမီဆန်ခါတင်စာရင်း၌ပင် ပါဝင်ခြင်းမရှိသော်လည်း ၂၀၁၆ ခုနှစ်၏ ဝင်ငွေအကောင်းဆုံး ရုပ်ရှင်များအနက် တစ်ကားအပါအဝင်ဖြစ်ခဲ့သည်။ ၂၀၁၆ ခုနှစ်အတွင်း သူမ၏အနုပညာ မှတ်တိုင်းတစ်ခုအဖြစ် ‘ကျွန်မချစ်သော’ ခရီးသွားစာအုပ်ကိုကျပ်ငွေ ငါးသောင်းဖြင့် ထုတ်လုပ်ရောင်းချခဲ့ပြီးစာအုပ်၏ဈေးမြင့်မားမှု၊ အုပ်ရေကန့်သတ်ထုတ်ဝေမှုတို့ကြောင့် ပရိသတ်များ၏ ဝေဖန်မှုကိုခံ ခဲ့ရသော်လည်းဝယ်ယူအား ကောင်းလွန်းသဖြင့် ဒုတိယအကြိမ်ထပ်မံထုတ်ဝေခဲ့ရသည်။


ရုပ်ရှင် ၁၁ ကားတွင် ခေါင်းဆောင်မင်းသမီးအဖြစ် သရုပ်ဆောင်ထားပြီး သူမ၏ထုတ်လုပ်ရေးမှ ရိုက်ကူးထားသော ‘တောကျီးကန်း’ ဇာတ်ကားမှာ ၂၀၁၈တွင်ရုံတင်ပြသမည်ဖြစ်ပြီး မိုးဟေကိုအတွက် တတိယအကြိမ်အကယ်ဒမီဆုကိုရင်ခုန်နိုင်မည့်ဇာတ်ကားလည်းဖြစ်သည်။ လက်ပံ ၊ ဟန်းနီးမွန်း ၊ နက္ခတ်မှားတဲ့တိုက်ပွဲ ၊ ဝိညာဉ်ကကြိုး ၊ မှော်ကျောက်စာ ၊နောင်တွင်ဥဒါန်းတည်စေသတည်း ၊ Reflection နှင့် ရာဇဝင်ရိုင်းသူများ အပါအဝင်ရုပ်ရှင်ကားအမြောက်အမြားကိုငြင်းပယ်ခဲ့သည့် မိုးဟေကိုမှာ မြန်မာ့ရုပ်ရှင်လောက၏ဇာတ်ဂျီး အများဆုံးမင်းသမီးတစ်လက်ဖြစ်သလို ယနေ့အချိန်အထိ ဇာတ်ပို့နေရာကသရုပ်ဆောင်မှု မရှိသလောက်ပင်ရှားပါးလှသည်။  ခု့ဆိုရင်တော့ သရုပ်ဆောင် အလုပ်ကို သိပ်မလုပ်တော့ဘဲ ကိုယ်ပိုင် ရုပ်ရှင် ထုတ်လုပ်ရေး ၊ ပိုးထည်ဆိုင် နှင့် ကော်ဖီဆိုင်ကို  ဦးစီးလုပ်ကိုင်နေပြီး အဖတ်ဖတ်မှ ပြည့်စုံနေသူတစ်ယောက်ဖြစ်ပါတယ်။

မူရင်းဓာတ်ပုံများအားလုံး Credit ပါ။

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။