ပိတ်ရက်မှာအပြင်မသွားပဲအပျင်းပြေအောင် အိမ်မှာဘာတွေလုပ်ကြမလဲ....?

စနေ၊ တနင်္ဂနွေပိတ်ရက်တွေမှာဆို တစ်ချို့ကအပြင်သွားကြတယ်။ တချို့ကျတော့လည်း ရာသီဥတုကလည်းအရမ်းပူတော့ အပြင်တစ်ခါထွက်ဖို့ဆို ပျင်းနေကြတယ်.... မထွက်ချင်ကြတော့ဘူး...။ ဒီလိုလူတွေအတွက် ပိတ်ရက်မှာအပြင်မသွားပဲ ကိုယ့်အိမ်မှာနေပြီး တစ်နေကုန်မပျင်းအောင် ဘာတွေလုပ်လို့ရမလဲဆိုတာလေးတွေကို ပြောပြပေးချင်ပါတယ်။ တစ်နေကုန် အခုပြောပြပေးမှာလေးတွေ လုပ်မယ်ဆိုရင်တော့ ပျင်းဖို့အချိန်တောင်ရှိမှာမဟုတ်ဘူးနော်....။

မနက်ပိုင်း....

- ပထမဆုံးအနေနဲ့ ပိတ်ရက်မနက်ပိုင်းလေးမှာ အိပ်ရေးဝအောင်အိပ်ပြီးမှထပါ။ ပြီးရင်တော့ မနက်စာစား၊ ခဏနားပြီးတာနဲ့ တစ်အိမ်လုံး (သို့) ကိုယ့်ရဲ့အခန်းလေးကို သန့်ရှင်းရေးလုပ်ပါ။ ဒါမျိုးက ကိုယ်အားတဲ့ရက်လေးပဲ လုပ်ရတာလေ။ မပျင်းနဲ့နော်...။

- သန့်ရှင်းရေးတွေလည်း လုပ်ပြီးသွားပြီဆိုရင်တော့ အလှအပရေးရာအတွက် ကိုယ့်အိမ်မှာပဲ တစ်ကိုယ်လုံးကို ပေါင်းတင် scrub လုပ်ပါ...။ တစ်ကိုယ်လုံးဆိုမှတော့ မျက်နှာလေးလည်း ပေါင်းတင်ဖို့ မမေ့နဲ့နော်...။ ဆံပင်လေးတွေကိုလည်း အိမ်တွင်းဖြစ်သဘာဝနည်းလမ်းလေးတွေနဲ့ ပေါင်းတင်ပါ။ ဒီလိုတွေလုပ်ဖို့ဆိုတာလည်း အားတဲ့ရက်လေးပဲ အချိန်ပေးပြီးလုပ်နိုင်တာလေ။ ကိုယ်လှဖို့အတွက်တော့ ပျင်းနေလို့မဖြစ်ဘူးနော်...။ ပြီးရင်တော့ ရေချိုး၊ ခေါင်းလျှော်လိုက်ရုံပါပဲ။

နေ့လည်ပိုင်း....

- နေ့လည်ပိုင်းမှာတော့ ကိုယ်စားချင်တဲ့မုန့်တွေဝယ်ထားပြီး ကိုယ်ကြည့်ချင်တဲ့ရုပ်ရှင်တွေကို မုန့်စားရင်းထိုင်ကြည့်ပါ...။ ပျင်းဖို့အချိန်တောင်မရှိဘူးနော်...။ နောက်တစ်ခုက မုန့်လုပ်စားလို့လည်းရပါသေးတယ်။ ကိုယ်တိုင်မုန့်လုပ်စားတာက အရမ်းစိတ်ဝင်စားဖို့ကောင်းပြီး ပျော်စရာလည်းကောင်းပါတယ်။

- နေ့လည်ပိုင်းမှာ ဂိမ်းလည်းကစားပါ....။ ဂိမ်းပဲတစ်နေကုန်တော့ မကစားလိုက်နဲ့နော်...။ ပြီးရင်တော့ ကိုယ့်အခန်းထဲမှာ ကိုယ်ကြိုက်တဲ့သီချင်းလေးတွေဖွင့်ပြီး ကခုန်ပါ...။ သီချင်းလည်းဆိုပါ....။ ဗိုက်ဆာလာပြီဆို သရေစာမုန့်တွေထပ်စားပါ...။ ကော်ဖီလေးတစ်ခွက်သောက်ပြီး ကိုယ်နှစ်သက်ရာစာအုပ်လေးတွေ ထိုင်ဖတ်ပါ...။ သင့်စိတ်ကိုပျော်ရွှင်စေမှာပါ...။ တစ်နေကုန်ဒါလေးတွေလုပ်သွားမယ်ဆိုရင် နေ့လည်ပိုင်းကုန်သွားတဲ့ထိ ပျင်းစရာကောင်းတော့မှာ မဟုတ်ဘူးနော်...။

ညနေပိုင်း....

- ညနေပိုင်းရောက်ပြီဆိုရင်တော့ ခွေးလေးရှိရင် ခွေးလေးနဲ့လမ်းလျှောက်ထွက်ပါ..။ ခွေးမရှိတဲ့သူတွေကျတော့ အပျင်းပြေလမ်းထွက်လျှောက်လို့လည်းရသလို၊ ရေကူးလို့လည်း ရပါသေးတယ်..။ တချို့ gym ဆော့ချင်တဲ့သူတွေကျတော့လည်း ညနေပိုင်းရောက်မှ gym ဆော့ပြီး ရေချိုးလိုက်ရုံပါပဲ...။ ဒီလိုနဲ့ ညနေပိုင်းမှာ ရေချိုးပြီးပြီဆိုရင်တော့ ညစာလေးစားပြီး ဖုန်းသုံးပေါ့...။

- ညဘက်ရောက်တော့လည်း ရုပ်ရှင်လေးကြည့်လိုက်၊ ဖုန်းလေးသုံးလိုက်နဲ့ တစ်နေ့တာအားလပ်ရက်လေး ကုန်ဆုံးသွားပါလိမ့်မယ်။ အိမ်ပိုင်တဲ့သူလေးတွေကတော့ ညမှ သူငယ်ချင်းတွေနဲ့ချိန်းပြီး အေးအေးဆေးဆေး မုန့်သွားစားလို့လည်းရသေးတယ်နော်...။

ကဲ တစ်နေ့တာအားလပ်ရက်လေးကို အပြင်မသွားပဲ အိမ်မှာဒီလိုလေးတွေလုပ်ပြီး ဖြတ်သန်းမယ်ဆိုရင်တော့ ပျင်းဖို့အချိန်တောင်ရှိမှာ မဟုတ်ဘူးနော်...။ ရာသီဥတုပူပြင်းတဲ့အချိန်မှာ အပြင်သွားပြီး အသားအရေပျက်စီခံမယ့်အစား အိမ်မှာပဲဒီလိုလေးနေတာက ပိုမကောင်းဘူးလား....?

Hamny

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။