စိတ်ချမ်းမြေ့စေသော ဓမ္မစကူးမှတေးသံများ

ဧပြီလရဲ့ မနက်ခင်းတစ်ခုသည် နေမင်းရဲ့ အငွေ့အသက်နဲ့အတူ လှပလို့နေပါတယ်။ ပူပြင်းလှသော နေရောင်ခြည်ဒဏ်ကို အံတုလို့ အလုပ်ရှိရာဆီသို့ ကျနော်အားပြု၍ ချီတတ်လာခဲ့ပါတယ်။ နေမင်းရဲ့ ထိန်လင်းအားကြောင့် နှလုံးသားမှ မောပန်းနေသော်လည်း တစ်စုံတစ်နေရာမှလာသော အသံတစ်ခုသည် ကျနော်စိတ်ကို အေးချမ်းစေခဲ့ပါတယ်။ ထိုအသံလေးတွေကတော့ ကလေးတွေရဲ့ ဓမ္မတေးသံရွတ်ဆိုသံတွေဖြစ်ပြီး ဓမ္မစကူးဖွင့်လှစ်ထားရာ ဘုန်ကြီးကျောင်းမှ ပျံ့လွင့်လာခြင်းဖြစ်ပါတယ်။ အင်မတန်ကျက်သရေရှိလှတဲ့ တေးသံလို့ နှလုံးတွင်းမှ ချီးမွမ်းမိပါတယ်။

ဓမ္မစကူးကျောင်းတွေဟာ ဧပြီလ ကလေးများကျောင်းပိတ်ချိန်မှာ စတင်၍ဖွင့်လှစ်လေ့ရှိပါတယ်။ စတင်တည်ထောင်ခဲ့တာတော့ သုံးနှစ်ကျော်လေးနှစ်နီးပါးလောက် ရှိပြီထင်ပါတယ်။ စတင်တည်ထောင်ခဲ့တဲ့သူကိုတော့ မချီးကျုးပဲမနေနိုင်တော့ပါဘူး။ အဆိုပါလုပ်ရပ်က အရမ်းကိုမွန်မြတ်လှပါတယ်။ ယခုအချိန်မှာတော့ မြန်မာနိုင်ငံအနှံအပြားမှာ ဓမ္မစကူးကျောင်းခွဲပေါင်းများစွာရှိနေပါပြီ။ ကလေးတွေကို ယဉ်ကျေးလိမ်မာစေရန်နဲ့ ဗုဒ္ဓအဆုံးမတွေနဲ့ နီးစပ်လာအောင်သင်ကြားပေးနေတာလည်းဖြစ်ပါတယ်။ ကလေးတွေအတွက်လည်း နွေရာသီကျောင်းပိတ်ရက်မှာ အတွေ့အကြုံအမြင်သစ်တွေနဲ့ ပျော်ရွင်မှုတွေကိုရှာဖွေနိုင်မှာပါ။ စာတွေချည်းပဲသင်ကြားနေခြင်းမျိုးမဟုတ်ဘဲ ကလေးတွေကို ကဗျာရွတ်ဆိုပေးခြင်း၊ ကစားပွဲလေးတွေကျင်းပခြင်းကိုလည်း ဓမ္မစကူးကျောင်းတွေမှာ ပြုလုပ်ပေးလေ့ရှိပါတယ်။ ဒါကြောင့် ကလေးတွေအတွက်လည်း ကောင်းလှပါတယ်။

နိုင်ငံတစ်နိုင်ငံဖွံဖြိုးတိုးတတ်ဖို့ဆိုတာ ခဏတာအတွင်း ပြုပြင်ယူလို့မရပါဘူး။ တစ်တိုင်းပြည်လုံးစည်းကမ်းရှိဖို့ကိုလည်း တိုတောင်းလှတဲ့အချိန်ကာလနဲ့ပြုပြင်လို့မရပါဘူး။ ဒါကြောင့် နိုင်ငံကြီးဖွံဖြိုးတိုးတတ်ဖို့အတွက် အချိန်ယူရပါမယ်။ ကလေးတွေကို ယဉ်ကျေးလိမ်မာစေရန်နဲ့ ကိုယ်ချင်းစာတရား၊ တာဝန်ယူစိတ်ရှိရန ်ငယ်စဉ်ကတည်းက သင်ကြားပေရမှာဖြစ်ပါတယ်။ ထိုကဲ့သို့သော အထောက်အကူမျိုးကိုလည်း ဓမ္မစကူးကျောင်းတွေက ပေးစွမ်းနိင်မယ်လို့ ယုံကြည်မိပါတယ်။

အတွေးများစွာရဲ့ ချည်နှောင်ခြင်းခံရပြီး ကျနော်လည်း ကားဂိတ်သို့ရောက်ခဲ့ပါပြီ။ ဘဝစာမျက်နှာလှပဖို့အတွက် အလုပ်သို့ချီတတ်လိုက်ပါဦးမယ်။ ဦးနှောက်တွင်တော့ ဓမ္မစကူးအကြောင်းအတွေးတွေက ပျံနှံလျက်…။

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။