အတိတ်က ၁၉ ဇူလိုင်သို့တစ်ခေါက်

ကျူပ်အများကြီးပြောပြချင်တယ် ..။ အများကြီးလုပ်ပေးချင်ပါသေးရဲ့ ..။ ကျုပ်ရဲ့ အန္တိမတာဝန်တွေပြီးတဲ့နောက် .. ကျန်နေသေးတဲ့ အချိန်တွေမှာ အေးအေးလူလူ စာလေးရေးပြီးပဲ အချိန်ကုန်ချင်ခဲ့တာပါ …။

ဒါပေမဲ့ ဆရာကြီးသခင်ကိုယ်တော်မှိုင်းရေးခဲ့တဲ့ လေးချိုးကြီးလိုမျိုး ..၊ ခါးတောင်းကျိုက်မှမဖြုတ်ရသေးခင် အသေဆိုးနဲ့ အာဇာနည်ဗိမာန်ကို သွားရလိမ့်မယ်လို့တော့ ကျုပ်တကယ်မထင်ခဲ့ဘူး။

၁၉၄၇ ဇူလိုင် ၁၉၊ စနေနေ့ ..။

ရယ်တော့ ရယ်စရာကောင်းသား …။

ခါတိုင်းစားနေကျ .. ပဲပြုတ်နဲ့ နံပြားနဲ့က အဲဒီနေ့ကျမှ ထူးထူးခြားခြားကို အရသာ ရှိလွန်းသဗျ ..။ ဖြစ်နိုင်ရင်တော့ အေးအေးလူလူလေး အိမ်ရှေ့မှာထိုင်ပြီး အရသာလေးခံလို့စားချင်တာပေါ့လေ ..။ ဒါပေမဲ့ ဘဝပေးကံရော ..၊ ခံယူချက်ရောက အဲဒီလိုဇိမ်ခံဖို့ကို အခြေအနေမပေးဘူးဗျ ..။ အဲဒီလို အားအားယားယား ဇိမ်ခံနေတတ်တဲ့ အနေအထားမျိုးကိုလည်း လွှတ်အမြင်ကတ်တာ ..။  အဲ့ဒီတော့လည်း ပါးစပ်ထဲ ထိုးသွတ်ထည့် ..၊ အစည်းအဝေးမှီအောင် ပြေးရတယ်ဗျို့ ..။ ခင်ဗျားတို့ သိကြမှာပေါ့ ..။

  အရေးထဲမှ ကားတံခါးကလည်း ဖွင့်မရဘူး ..။ အေးပေါ့လေ ..။ ဂရုတစိုက်ရှိနေတဲ့လူတောင် မှ နာဖျားမကျန်းရှိသေးတာ ..။ သက်မဲ့ပစ္စည်းတွေကတော့ ဘယ်ဆိုသာမလဲ။ ရှိစေတော့ ..။ ကျုပ်က နိမိတ်တွေ ..၊ တဘောင်တွေကို သိပ်တော့ မယုံတတ်ဘူး ..။ ဟိုကောင်တွေကို ချခါနီးတော့ ဗေဒင်ကိန်းခန်းတွေ .. ဘာညာဆိုတာ လုပ်လိုက်သေးတယ် ..။

တကယ်တော့ လူတိုင်းက ကိုယ့်ကံကြမ္မာနဲ့ ကိုယ်ရှိပြီးသားလေ ..။ အိမ်ရှင်မကတော့ မျက်နှာမသာယာဘူးဗျို့ ..။ မသွားစေချင်ဘူးတဲ့လေ ..။ မသွားလို့ မရဘူး ကြည်ရေ့ …။ ဟိုမှာ လူကြီးတွေစောင့်နေကြရော့မယ်။ ခင်ဗျားတို့လဲ ဒီအကြောင်း သိကြမှာပါ ..။

အစည်းအဝေးကတော့ စနေ နဲ့ တနင်္ဂနွေ တစ်ရက်ရက်မှာ ပုံမှန်ရှိနေတာပဲ ..။ ကားပေါ်မှာတောင် တွေးမိတယ်။ နောက်တစ်ပတ်လောက်ဆိုရင်တော့ လုပ်စရာလေးတွေများ ပါးကောင်းပါရဲ့ …။ အဲဒီကျမှ မိန်းမနဲ့ ကလေးတွေ ကန်တော်ကြီးတစ်ပတ် ကားမောင်းပို့ဖို့ ထွန်းလှကိုပြောရမယ် ..။

အေးပေါ့လေ ..။ ကျုပ်ရဲ့ အရေးတွေက များသားဆိုတော့ သူတို့တွေ ဟိုနား ဒီနားတောင် ကားမသုံးရရှာဘူး။ ခင်ဗျားတို့ သိကြမှာပေါ့။

ကိုးနာရီတောင်ရှိပြီ ။ ရုံးဝင်းထဲရောက်တော့ ပျော်ဘွယ်ဦးမြတို့၊ ဦးကျော်ငြိမ်းတို့ စိုးရိမ်တကြီး ပြောတဲ့ စကားတစ်ခွန်း ပြန်ကြားမိပြီး ပြုံးမိသေးတယ် ..။ လုပ်ကြံမဲ့သူတွေရှိတယ်တဲ့ ..။ အသက်အန္တရာယ်စိုးရိမ်ရတဲ့ အနေအထားမို့လို့ လုံခြုံရေးကို တိုးလို့ချထားသင့်တယ် ဆိုပဲ ..။

ဟုတ်ကောင်းဟုတ်မှာပေါ့ ..။ ဒါပေမဲ့ နိုင်ငံရေးဆိုတာမျိုးဟာ ကိုယ့်ဘက်က ကကြီး ဆိုရင် သူ့ဘက်က ယပက်လက်လည်း မြင်နိုင်တာပဲလေ ..။ ခုနကတောင်မှ ရုံးရှေ့မှာ ဝိုင်ယာလက်ရဲကားတစ်စီးတွေ့လို့ နှင်လွှတ်ရသေးတယ်။ သူတို့စိုးရိမ်တာ ကျုပ်လက်ခံတယ်။ ဒါပေမဲ့ဗျာ .. သင်းတို့ဒီလောက်အတင့်ရဲ ဗြောင်ကျတဲ့ အလုပ်မျိုးကို လုပ်ရဲမယ်မထင်ဘူး။ ဘယ်သူမှလည်း အလုပ်ရှုပ်ခံပြီး လုပ်ချင်မှာမဟုတ်ဘူး။ အင်္ဂလိပ်ကလည်း လက်ခံမှာမဟုတ်ဘူးဗျ ..။ သင်းတို့ ညစ်ချင်တယ်ဆိုရင်တောင် ပါလီမန်ကို အခြေခံဥပဒေမူကြမ်းရောက်မှ ညစ်လိမ့်မပေါ့ ..။

ဒါနိုင်ငံရေးရဲ့ လှည့်ကွက်တွေထဲက တစ်ခုပေါ့လေ။ အင်း... ကျုပ်လည်း တကယ်မသိခဲ့တာပါ။ မသိခဲ့တာထက်ကို အဲဒီလောက် လုပ်ရက်မယ်ရယ် လို့ကိုမထင်ခဲ့တာ။ ခင်ဗျားတို့လဲမသိခဲ့ကြဘူးထင်ပါရဲ့…။

တကယ်တမ်း ကျုပ်မသိတဲ့ အရာတွေ အများကြီး ရှိတယ် ..။ အဲ .. မသိသေးတဲ့ အရာတွေထဲကမှ အကြောင်းအရာတစ်ခုခု ကို ဖော်ထုတ်မိတာ ..၊ သိသွားတာဆိုရင် အမြတ်တစ်ခုပဲ လို့ ကျုပ်ယူဆတယ် ..။

ဘာလဲ သိလား ..။ ခန္ဒာကိုယ်နေရာအနှံ့ကို ကျည်ကတ်တစ်ကတ်စာလောက် ကျည်ဆံထိပ်ဖူးတွေ ဝင်သွားတဲ့ ခံစားမှုမျိုး။

ရုံးအောက်ကနေ အပေါ်ထပ်ကိုတက်လာတဲ့ .. လျှောက်လမ်းမက ခြေသံပြင်းပြင်းတွေကို ကြားမိတယ် ..။ ဒါပေမဲ့ ဂရုမစိုက်မိဘူး ..။ ပြောစရာတွေ တိုင်ပင်ဆွေးနွေးစရာတွေက အများသား ..။

အစည်းအဝေးခန်း တံခါးကို ဝုန်းကနဲ ကန်ဖွင့်တာတော့ တယ်သဘောမကျဘူးဗျို့ ..။ ဘယ့်နှယ် .. ရိုင်းလွန်းသဗျာ ..။ ပြီးတော့ ဦးထုပ်ငိုက်ငိုက်နဲ့ တစ်ယောက်က ခုန်ဝင်လာပြီး ဘာမပြောညာမပြောနဲ့ စပစ်တာဗျ ..။ အော် ..၊ မဖြစ်သင့်တာတွေ မဖြစ်အောင်ဆိုပြီး ကျုပ်ကမတ်တပ်ရပ် ..၊ လက်ကာပြလိုက်တယ် .။

မရတော့ပါဘူးလေ ..။ အချိန်ကနှောင်းသွားပြီပဲ ..။

ခံရတဲ့ ဝေဒနာ ကတော့ ဘယ်ပြောကောင်းမလဲ ..။

အခုတောင် ပြန်သတိရပြီး နံရိုးတွေ .. ဗိုက်ထဲ ကလီစာတွေထဲကနေ စူးအောင့်ပြီး မလူးသာမလွန့်သာ ဖြစ်နေသလိုမျိုး။ သူတို့ စုစုပေါင်း ၅ ယောက်ဗျ ..။  တော်မီဂန်းတို့ ..၊ စတင်း တို့လိုမျိုး စက်ကလေး တွေ နဲ့ ကျည်ကုန်အောင် ပစ်သွားကြတာ ..။

ကျုပ် အမြင်တွေ တော်တော်ဝါးနေတယ် ..။

အဆိုးဆုံးကတော့ ရေဆာတာပဲ ..။ သကောင့်သားတွေက စားပွဲအပေါ်ရော အောက်ပါ နေရာလပ်မကျန်အောင် ပစ်သွားတော့ ဘာမှကိုရစရာမရှိတော့ဘူး ..။ ဘေးဘီကို ရှိသမျှ အားနဲ့ ခေါင်းလေးစောင်းပြီးကြည့်ကြည့် လိုက်တော့ အကုန်လုံးက သွေးအိုင်ထဲမယ် တုံးလုံးပက်လက်တွေချည်းပဲ ..။ မိုင်းပွန်စော်ဘွားကြီးကတော့ နံရံကိုမှီပြီးထိုင်နေတယ်။ လက်တစ်ဖက်ကလည်း ပါးစပ် နဲ့ ရင်ဘတ်ကို ဖိထားသေးရဲ့ ..။ သူ့ခမျာ အိုကြီးအိုမ နဲ့ ကျုပ်လုပ်လို့ အချောင် ဒုက္ခခံရရှာတယ် ..။

နောက်ဆုံးတွေ့လိုက်တာကတော့ အဲကောင်တွေပြန်အထွက် တံခါးပေါက်က ရဲဘော်လေးကို စတင်းနဲ့ သုံး လေး ချက်လောက် ဆွဲသွားတာ …။

အဲဒီနောက်တော့ ကျုပ်လဲ ဘာကိုမှမသိတော့ဘူး ..။

ဖြစ်ပျက်ခဲ့ သမျှအရာရာ တိုင်းကို အမှန်အတိုင်းမြင်နိုင်ဖို့ ကြိုးစားခဲ့ပါတယ် ..။ ခက်တာက ...........

အဲဒီနေ့မှာပဲ ကျုပ်သေဆုံးသွားခဲ့တာ …. ။

"ဗမာတွေ စိတ်ထက်သလေး ဘာလေးနဲ့ တလွဲဆံပင်ကောင်းနေကြတယ်။
ဗမာတွေ လွတ်လပ်ရေးရအောင်လုပ်ရတဲ့ တိုက်ပွဲမျိုးမှာ အသုံးမချဘူး။

ဗမာပြည်ပြန်လည်ထူထောင်ရေးမှာ အသုံးမချဘူး ..။
ဗမာ ဗမာ ချင်းချဖို့မှာ လုပ်ချင်ကြတယ် ..။
ဒါမျိုးတွေလုပ်လို့ ဘယ်တော့မှအကျိုးမရှိဘူး ..။" 

ဇူလိုင် ၁၃ ရက် မြို့တော်ခန်းမတွင်နောက်ဆုံးပြောကြားခဲ့သောနောက်ဆုံးမိန့်ခွန်းမှ ကောက်နုတ်ချက်။