မြန်မာနိုင်ငံက လူငယ်တွေအများဆုံးကြုံတွေ့နေရတဲ့အခက်အခဲများ

အဲဒီအခက်အခဲတွေဟာ အခုမှမဟုတ်ပါဘူး။ အရင်ကတည်းက ကြုံတွေ့လာကြတာပါ။ ဒါပေမယ့် အဲဒီအခက်အခဲတွေကို ပြေလည်အောင်ဖြေရှင်းပေးနိုင်မယ့် solution တစ်ခုခုရေရေရာရာမရှိသေးသရွေ့၊ ဒါမှမဟုတ် ကိုယ်ပိုင်အသိဉာဏ်နဲ့လမ်းကြောင်းမှန်တစ်ခုမရှာနိုင်သရွေ့ကတော့ အဲဒီအခက်အခဲတွေကြားထဲတဝဲလည်လည်ဖြစ်နေကြဦးမှာပါ။

ဒီနေ့ခေတ် မြန်မာနိုင်ငံရဲ့လူငယ်အများစုကြုံနေရတဲ့အခက်အခဲ ( ၅ ) မျိုးရှိတယ်။

( ၁ ) မိဘမစုံတာ၊ အဖေနဲ့အမေကွဲနေတာ၊ single parent မျိုးတွေကြုံရတာ

 နောက်ပိုင်းတော်တော်များများမြင်ရတာ ကလေးတွေဟာ မိဘမစုံလင်တဲ့ single parent ( အဖေသော်လည်းကောင်း၊ အမေသော်လည်းကောင်း ) ပတ်ဝန်းကျင်မှာကြီးပြင်းလာရတာပဲ။ အဲဒီအခြေအနေဟာ ကလေးငယ်အတွက်ရော၊ သူ့အတွက်လှုပ်ရှားရုန်းကန်နေရတဲ့သူအတွက်ပါ အခက်အခဲတစ်ခုကို ဖန်တီးသလိုဖြစ်စေနိုင်တယ်။ မိသားစုတွေစုံစုံညီညီထွက်လည်ကြတဲ့မြင်ကွင်းတွေ၊ မိသားစုလိုက်ခရီးထွက်ကြတာတွေ၊ မိသားစုဓာတ်ပုံတွေ မြင်တိုင်းကလေးရဲ့စိတ်ထဲမှာ တစ်သက်တာအညိုအမဲတစ်ခုဖြစ်သွားစေနိုင်သလို၊ အဲဒီစိတ်နဲ့ပဲ သူ့ရဲ့လက်ရှိအခြေအနေ၊ လက်ရှိဘဝဖြစ်တည်မှုကို အလိုမကျမှုတွေဖြစ်လာနိုင်ပါတယ်။ အဲ့ဒီနောက်မှာ မလုံခြုံမှုတွေ၊ မဝံ့မရဲဖြစ်တာတွေ၊ ကိုယ့်ကိုကိုယ်ယုံကြည်မှုလျော့နည်းလာတာ စတဲ့ စိတ်ပိုင်းဆိုင်ရာ မပြည့်စုံမှုတွေဖြစ်လာနိုင်တယ်။ ဒါဟာ လက်ရှိအချိန်မှာ ကလေးငယ်နဲ့မိသားစုအတော်များများမှာ ကြုံနေရတဲ့အခက်အခဲတစ်ခုပါ။

( ၂ ) အရက်၊ မူးယစ်ဆေး

ပြောစရာတောင်လိုမယ်မထင်ဘူး။ တစ်ချို့ဆိုရင် အသက် ၁၆ လောက်ကတည်းက ကွမ်း၊ ဆေးလိပ်၊ ဆေးခြောက်၊ အရက် စတဲ့အရာတွေနဲ့ရင်းနှီးတတ်နေပြီ။ ပညာတတ်လူတွေရဲ့ စိတ်ဓာတ်၊ ကိုယ်ကျင့်တရားတွေပျက်စီးအောင် ရည်ရွယ်ပြီးဖျက်ဆီးခဲ့တဲ့အရာတွေထဲမှာ မှိုလိုပေါက်နေတဲ့အရက်ဆိုင်၊ ဘီယာဆိုင် နဲ့ မူးယစ်ဆေးတွေအများကြီးပါဝင်သလို၊ အဲဒီအရာတွေရဲ့ဂယက်ကို အခုခေတ်ကလေးတွေအထိ ခံစားနေရတုန်းပါ။ ဒါပေမယ့် ကလေးတစ်ယောက်သည် ဒီလိုအရာတွေနဲ့ရင်းနှီးကျွမ်းဝင်မှုဆိုတာ သူကျင်လည်ရာပတ်ဝန်းကျင်၊ အုပ်ထိန်းသူနဲ့လည်းအများကြီးသက်ဆိုင်နေတာဖြစ်တယ်။

( ၃ ) အရွယ်ရောက်တာစောလာတယ်

အမှန်ပါပဲ။ ကျွန်တော်တို့ ငယ်ရွယ်စဉ်ကာလတွေနဲ့ အခု ၂၀၁၈ နဲ့အများကြီးကွာသွားပြီဆိုတာငြင်းမရဘူး။ ၂၀၀၁ လောက်ရဲ့ကလေးဘဝဆိုတာ သေနတ်ပစ်တမ်းဆော့၊ မိန်းကလေးတွေနဲ့အတူတူကြိုးခုန်၊ တူတူပုန်းတမ်းဆော့ရတာကိုပြောတာဖြစ်ပြီး ၂၀၁၈ ရဲ့ကလေးဘဝဆိုတာကတော့ လူမှုကွန်ယက်တွေပေါ်မှာအချိန်ပြည့်မျက်နှာအပ်ထားရင်း ပြင်ပကမ္ဘာနဲ့၊ လူစိမ်းတွေကို အွန်လိုင်းပေါ်ကနေထိတွေ့ဆက်ဆံနေရတာကို ပြောတာဖြစ်တယ်။ မီဒီယာတွေရဲ့လွှမ်းမိုးမှုအောက်မှာ ကလေးတွေရဲ့ငယ်ဘဝအားလပ်ချိန်တွေပါ ပျောက်ဆုံးသွားတာကို သတိထားမိကြမယ်ထင်ပါရဲ့ ..။

( ၄ ) အဝလွန်လာတယ်

အပေါ်တစ်ခုနဲ့စပ်ဆက်ပြီးပြောရရင်တော့ အမြဲတမ်းလိုလို လူမှုကွန်ယက်၊ ဂိမ်းတွေပေါ်မှာ အချိန်ဖြုန်းရင်း ကိုယ်လက်လှုပ်ရှားမှုတွေနည်းလာတဲ့အခါ ခန္ဓာကိုယ်ဟာ လိုတာထက်ပိုပြီးဝလာတဲ့အခြေအနေတွေဖြစ်လာတတ်ပါတယ်။ အမေရိကန်နိုင်ငံက ကလေးငယ် ၁၀၀ မှာ ၂၀ ဟာ အဝလွန်နေကြတယ်။ ကျွန်တော်တို့နိုင်ငံမှာ အဲ့လိုမျိုးအဝလွန်တဲ့သူမရှိဘူးဆိုပေမယ့် ကွန်ပျုတာရှေ့တစ်ချိန်လုံးထိုင်၊ ဖုန်းနဲတစ်ချိန်လုံးမျက်နှာအပ်ထားတာ ကြာရင်မကောင်းတဲ့အကျိုးဆက်တွေဆီဦးတည်သွားနိုင်တယ်။

( ၅ ) ဆင်းရဲမွဲတေမှု

ကျွန်တော်တို့မြန်မာနိုင်ငံဟာ အရှေ့တောင်အာရှနိုင်ငံတွေထဲမှာ ဒုတိယအဆင်းရဲဆုံးနိုင်ငံတစ်ခုပါ။ ပြည့်စုံတဲ့သူတွေက ဒါတွေကို သိချင်မှသိနိုင်မှာဖြစ်ပေမယ့် လမ်းဘေးတဲထိုးပြီး တစ်နေ့လုပ်မှတစ်နေ့စားရတဲ့သူတွေ၊ တစ်နေ့တာဝမ်းရေးကို ခက်ခက်ခဲခဲဖြေရှင်းနေရတဲ့သူတွေ ကသက်သေပါပဲ။ အဲဒါရဲ့ အကျိုးဆက်အနေနဲ့ သူတို့သားသမီးတွေရဲ့ ပညာရေး၊ လူမှုဆက်ဆံရေး၊ နောက်ပိုင်း စိတ်ဓာတ်ပိုင်းဆိုင်ရာတွေအထိ ကြီးမားတဲ့အကျိုးသက်ရောက်မှုတွေပါရှိလာစေတယ်။

Gabriel

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။