Adele ( သို့မဟုတ် ) ကမ္ဘာပေါ်က နှလုံးသားတွေကို သိမ်းပိုက်နိုင်ခဲ့သူ

အဒဲလ် ….

သူမရဲ့ အသက် ၂ နှစ်အရွယ်မှာ အဖေကသူနဲ့အမေနဲ့ကိုထားရစ်ခဲ့တယ်။ အသက် ၁၈ နှစ်အရွယ်တစ်ခုလပ်အမေဖြစ်တဲ့သူကပဲ အဒဲလ်ကို ကြီးပြင်းလာအောင်ပြုစုစောင့်ရှောက်ခဲ့ရတာပါ။ အိမ်ယာအတည်တကျမရှိ၊ အစိုးရအထောက်အပံ့ပေးထားတဲ့ လိုင်းခန်းတွေမှာ ကျပ်ကျပ်တည်းတည်းနေရင်း ရွှေ့ပြောင်းရတဲ့အကြိမ်တွေဆိုတာလည်း မနည်းမနောပါပဲ။ အဲဒီအိမ်ယာအတည်တကျမရှိခြင်းရဲ့အကျိုးဆက်က အဒဲလ်ရဲ့ ကျောင်းပညာရေးကိုအတော်လေးသက်ရောက်စေခဲ့တယ်။ ကျောင်းတွေ ၁၀ ခုလောက်အထိပြောင်းပြီး အတန်းပညာရေးကိုပြီးဆုံးအောင်တက်ခဲ့ရသူပေါ့။

အဒဲလ်ရဲ့ဘဝမှာ အောင်မြင်ကျော်ကြားဖို့ဆိုတာ တစ်ခါမှတောင် အိပ်မက်ထဲမမက်ဖူးခဲ့တဲ့အရာတစ်ခုပါ။ ဘွဲ့ရခဲ့တယ်။ ဘွဲ့ရပြီးတဲ့နောက်ပိုင်း ဝါသနာပါရာဂီတလိုင်းဘက်ကို ဝင်ရောက်ခဲ့တယ်။ သူမလုပ်ချင်ခဲ့တာက သူမကိုယ်သူမထက် တခြားအဆိုတော်တွေ၊ ဂီတပညာရှင်တွေရဲ့ အရည်အသွေးကိုလူသိအောင်နောက်ကွယ်ကနေ ပံ့ပိုးပေးချင်ခဲ့တာပါ။

တစ်ရက်မှာတော့ သူမ My Space မှာ အစမ်းဆိုထားတဲ့သီချင်း recording သုံးပုဒ်ကို သူငယ်ချင်းဖြစ်သူက အင်တာနက်ပေါ်မှာတင်လိုက်တယ်။ အဲဒီကနေ အဒဲလ်ရဲ့အောင်မြင်မှုလမ်းကြောင်းစတင်ခဲ့တာပါပဲ။ ပြောရရင်သူမအောင်မြင်မှုရရှိခဲ့တာ သူငယ်ချင်းကြောင့်လည်းပါတယ်လို့ပြောလို့ရတာပေါ့။

နှစ်နှစ်အကြာမှာတော့ အဒဲလ်ရဲ့သီချင်းသုံးပုဒ်ကို နာမည်ကြီးစတူဒီယိုတစ်ခုက အမှတ်မထင်ပဲအင်တာနက်ပေါ်မှာရှာတွေ့ခဲ့တယ်။ အဲဒီစတူဒီယိုရဲ့ဆက်သွယ်မှုနဲ့ အဒဲလ်ရဲ့ ပွဲဦးထွက်အယ်လ်ဘမ် ၁၉ ဟာ ကော်ပီချပ်ရေ ၁၀ သန်းရောင်းချရတဲ့အထိ ပေါက် သွားခဲ့ပါတယ်။ အောင်မြင်လာတဲ့အချိန်၊ သူမထက်အသက် ၁၀ နှစ်ကြီးတဲ့သူတစ်ယောက်နဲ့ ဇာတ်လမ်းလေးဖြစ်ခဲ့တယ်။ သူတို့ဇာတ်လမ်းဟာ အတော်လေးခိုင်မာခဲ့ပြီး အဒဲလ်ရဲ့ဘဝထဲမှာ အဲဒီလူဟာလည်း အရေးအပါဆုံးလူတစ်ယောက်အဖြစ်ရှိခဲ့တယ်။

၁၈ လအကြာမှာတော့ သူက အဒဲလ်ကိုလမ်းခွဲသွားခဲ့ပြီး သူမအတော့်ကိုကြေကြေကွဲကွဲခံစားခဲ့ရတယ်။ သိပ်မကြာခင်မှာတော့ အဲဒီသူက စေ့စပ်သွားခဲ့ပါတယ်။ အဲဒီလိုအရာတွေကပဲ အဒဲလ် ကိုရင့်ကျက်သူတစ်ယောက် ( Adult ) တစ်ယောက်ဖြစ်စေခဲ့တာပါ။ ခံစားရသမျှကို ချရေးလိုက်တဲ့အခါမှာတော့သူမရဲ့အကောင်းဆုံး၊ အထိရှဆုံး Someone Like You ဆိုတဲ့သီချင်းလေးဖြစ်လာပါတော့တယ်။

ဒီကြားထဲ ၂၀၁၁ မှာအသံခွဲစိတ်မှုတွေကြောင့်ခဏနားလိုက်ရပေမယ့် စင်ပေါ်ပြန်ရောက်လာတဲ့ ၂၀၁၂ အချိန်၊ ဂရမ်မီဆုပေးပွဲညမှာတော့ အဒဲလ်တစ်ယောက် ဆုပေါင်း ၆ ဆုတိတိကို တစ်ကိုယ်တော်သိမ်းပိုက်ခဲ့တယ်။ Rolling Stone, Skyfall, Hello, Someone Like you စတဲ့သီချင်းတွေနဲ့ သီချင်းချစ်သူတွေရဲ့ရင်ကို ထိမှန်စေခဲ့ပါတယ်။

အသက် ၂၉ မှာ ဂရမ်မီဆု ၁၂ ခု၊ ဓာတ်ပြားချပ်ရေမီလျံနဲ့ချီရောင်းချနိုင်ခဲ့သလို၊ အသက် ၂၉ နှစ်ထဲမှာပဲ ကမ္ဘာပေါ်က သြဇာအရှိဆုံး နဲ့ လွှမ်းမိုးမှုအရှိဆုံးလူစာရင်းထဲ နှစ်ကြိမ်တိတိပါဝင်ခဲ့ပြီးပြီ။ ရှေ့လျှောက်လည်း အောင်မြင်မှုတွေက သူမကို စောင့်ကြိုနေကြဦးမှာပါ။

လာမယ့် မေလ ၅ ရက်နေ့က အဒဲလ်ရဲ့မွေးနေ့လေးဖြစ်လို့ ကြိုတင်ဂုဏ်ပြုတဲ့အနေနဲ့ ဒီအာတီကယ်လေးကိုရေးသားလိုက်တာပါ။ အဒဲလ်ကို ချစ်တဲ့သူတွေ like and share သွားဖို့မမေ့ကြနဲ့နော်။

Gabriel

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။