ဆံသားတွေကအနံ့ဆိုးဖြစ်တာတွေကို လျော့နည်းပြီးပျောက်ကင်းစေမယ့်နည်းလမ်းများ

     မိန်းကလေးပဲဖြစ်ဖြစ် ယောက်ျားလေးပဲဖြစ်ဖြစ် တစ်ကိုယ်ရည်သန့်ရှင်းမှုရှိဖို့က အရေးကြီးတဲ့အရာတစ်ခုပါပဲ။ ဆံပင်ကနေအနံ့ဆိုးတွေထွက်တတ်တာက ပိုပြိးတော့တစ်ကိုယ်ရည်သန့်ရှင်းမှုမရှိဘူးလို့ အထင်ခံရစေနိုင်ပါတယ်။ ကိုယ်ကတော့ ပုံမှန်ခေါင်းလျှော်နေပေမယ့် ချွေးထွက်များတာတွေ အကြောင်းအမျိုးမျိုးတွေကြောင့် သင့်ဆံပင်ကနေပြီး အနံ့ဆိုးတွေထွက်လာနိုင်ပါတယ်။ ဒီတော့ဘယ်လိုတွေပြင်ဆင်ရမလဲ။

- ခေါင်းအုန်းစွပ်ကိုပုံမှန်လဲပေးပါ

သင်အသုံးပြုနေတဲ့ ခေါင်းအုန်းစွပ်ကလည်း အနံ့အသက်မကောင်းနေဘူးဆိုရင် သင့်ဆံသားတွေကိုလည်း မကောင်းတဲ့အနံ့သက်တွေ ထွက်လာစေနိုင်ပါတယ်။ ခေါင်းအုန်းစွပ်တွေ၊ အိပ်ယာခင်းတွေဆိုတာ နှစ်ပတ်တစ်ခါလောက်ပုံမှန်လဲပေးနေသင့်ပါတယ်။ အနံ့အသက်မကောင်းတော့တဲ့ ခေါင်းအုံးစွပ်ပေါ်မှာ သင့်ဆံသားတွေကတစ်ညလုံးပွတ်တိုက်ပြီး ရှိနေမှာဆိုတော့ သတိလေးထားပြီး ပုံမှန်လဲပေးသင့်တယ်နော်။

- ဘီးကိုလည်းသန့်ရှင်းရေးလုပ်ပေးပါ

သင်အသုံးပြုနေကျဖြစ်တဲ့ ဘီးကလည်း သန့်ရှင်းနေဖို့အရေးကြီးပါတယ်။ ဘယ်လောက်ပဲခေါင်းလျှော်နေပါစေ ညစ်ပတ်နေတဲ့ဘီးတွေ၊ ဆံညှပ်တွေနဲ့ ခေါင်းစီးကြိုးတွေကို သုံးမိမယ်ဆိုရင် ဆံပင်တွေကိုမကောင်းတဲ့ အနံ့အသက်တွေ ဖြစ်စေလာတတ်ပါတယ်။

- အမွှေးရနံ့ပြင်းတဲ့ခေါင်းလျှော်ရည်မျိုး

သင်ကခေါင်းမှာချွေးထွက်များလို့ပဲဖြစ်ဖြစ်၊ အကြောင်းတစ်ခုခုကြောင့် သင့်ဆံသားတွေက မကြာခဏဆိုသလို အနံ့တွေထွက်နေတယ်ဆိုရင် ခေါင်းလျှော်ရည်ကိုလည်း ရွေးချယ်တတ်ဖို့လိုပါပြီ။ ခေါင်းလျှော်တွေ၊ ဆံပင်ပျော့ဆေးတွေကိုရွေးချယ်တဲ့အခါမှာ အနံ့လေးကပြင်းပြင်းလေးနဲ့ မွှေးတဲ့အရာမျိုးကိုရွေးချယ်ဖို့ လိုအပ်ပါတယ်။ ခေါင်းလျှော်ရည်ကပါတဲ့ မွှေးရနံ့တွေကသင့်ဆံသားမှာ စွဲနေပြီးအမြဲမွှေးကြိုင်နေမှာပါ။

- တစ်ကိုယ်ရည်သန့်ရှင်းမှုကို အကျင့်ဖြစ်အောင်

တစ်ကိုယ်ရေသန့်ရှင်းမှုရှိဖို့ကို အကျင့်ဖြစ်အောင်လုပ်သင့်ပါတယ်။ ခေါင်းလျှော်မယ်ဆိုရင် တစ်ပတ်ကိုနှစ်ကြိမ်လောက် ပုံမှန်လျှော်တာမျိုးကိုလုပ်သင့်ပြီး ချွေးအရမ်းထွက်တဲ့နေ့တွေမှာဆိုရင်လည်း ခေါင်းလျှော်ပေးမှလည်း သန့်ရှင်းမှုရှိမှာပေါ့။

တကယ်တော့ ဆံသားလေးတွေကမွှေးကြိုင်ပြီး လှပနေမယ်ဆိုရင် စိတ်ကိုလည်းကြည်လင်လန်းဆန်းစေပြီး လှပတဲ့နေရက်လေးတွေကို ပိုင်ဆိုင်ရမှာပဲဖြစ်ပါတယ်။ ဒီအပေါ်မှာဖော်ပြခဲ့တဲ့အချက်လေးတွေကို လိုက်နာမယ်ဆိုရင် သင့်ဆံသားတွေကနေ မကောင်းတဲ့အနံ့ထွက်နေတာတွေကို လျော့နည်းသွားစေနိုင်မှာပဲဖြစ်ပါတယ်။

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။