Crush နဲ့အပြင်မှာပထမဆုံးချိန်းတွေ့တဲ့အခါ ဘာတွေလုပ်ကြမလဲ?

မိန်းကလေးပဲဖြစ်ဖြစ်၊ ယောင်္ကျားလေးပဲဖြစ်ဖြစ် ကိုယ်ကြိတ်ကြွေနေရတဲ့ ကိုယ့်ရဲ့ Crush လေးနဲ့ ပထမဆုံးအကြိမ် အပြင်မှာ Date ပြီးတွေ့ကြတဲ့အခါ ဘာတွေကိုမလုပ်မိအောင်နေရမလဲဆိုတာနဲ့ ဘာတွေလုပ်ကြမလဲဆိုတာလေးကို ပြောပြပေးလိုက်ပါတယ်။

ပထမဆုံးအနေနဲ့ အပြင်မှာတွေ့ဖို့စချိန်းပြီဆိုထဲက လှပပြီးတိတ်ဆိတ်တဲ့ကော်ဖီဆိုင်လေးတွေမှာပဲ ချိန်းပါ။ ဘားတွေမှာချိန်းတာမျိုး၊ ပန်းခြံတွေမှာချိန်းတာမျိုးက တကယ်တမ်းကျတော့ စိတ်ရှုပ်ဖို့ကောင်းပါတယ်။ မုန့်ဆိုင်တွေမှာချိန်းမယ်ဆိုရင်လည်း သင်က Crush ရှေ့မှာမုန့်ပဲစားနေတော့မှာလား။ အခုနောက်ပိုင်းမှာ Decoration လှတဲ့ကော်ဖီဆိုင်လေးတွေ အများကြီးရှိပါတယ်။ အဲ့ဒီဆိုင်တွေထဲကမှ မိန်းကလေးတွေဆို ကိုယ်လာရတာအဆင်ပြေတဲ့ဆိုင်လေးမှာ ချိန်းတွေ့ပါ။ တခြားနေရာတွေမှာချိန်းပြီး အပြင်တွေလျှောက်သွားတာမျိုးက ပင်ပန်းတာပဲအဖတ်တင်မှာပါ။ စကားလည်း ကောင်းကောင်းပြောရမှာမဟုတ်ပါဘူး။ တကယ်လို့ အချိန်အကြာကြီးသူနဲ့ဒိတ်မယ်ဆိုရင်တော့ ကော်ဖီဆိုင်လေးမှာစကားတွေပြောပြီး ရုပ်ရှင်လည်းကြည့်ပေါ့။

စတွေ့ပြီဆိုရင် တစ်ယောက်နဲ့တစ်ယောက်ရှိန်ပြီးစကားမပြောတာမျိုးတွေ မလုပ်ကြနဲ့နော်။ ပွင့်ပွင့်လင်းလင်းနဲ့ Facebook မှာ၊ Messenger မှာ စကားပြောသလိုပဲ လွတ်လွတ်လပ်လပ်နဲ့ပြောပါ။ သူ့အနေနဲ့ ကိုယ့်ကိုပေါ့ပေါ့ပါးပါးနဲ့ ပွင့်လင်းပြီးသွက်လတ်တဲ့ပုံလေးအတိုင်းမြင်အောင်ပဲ နေပါ။ ဒီလိုနေတာမျိုးလေးကမှ ပိုချစ်စရာကောင်းတာဖြစ်ပြီး ယောင်္ကျားလေးတွေကလည်း ဒီလိုပုံစံလေးတွေကိုပဲ သဘောကျတာပါ။

စတွေ့ထဲကပွင့်ပွင့်လင်းလင်းနဲ့ ဖော်ရွေစွာစကားတွေပြောကြမယ်ဆိုရင် အဆင်ပြေသွားဖို့ကသေချာနေပါပြီ။ တစ်ခုသတိထားရမှာက သင်ကရည်းစားထားရင် ဘာတွေမကြိုက်ဘူး၊ ဘာတွေကြိုက်တယ်ဆိုတာတွေကို သွားမပြောပါနဲ့။ ကိုယ်နဲ့သူကရည်းစားတွေဟုတ်သေးတဲ့အတွက် ဒီစကားတွေက ပထမဆုံးစတွေ့တဲ့နေ့မှာ လုံးဝမပြောသင့်သေးပါဘူး။ စကားပြောနေတဲ့အချိန်တွေမှာလည်း တစ်ဖက်လူကိုအလေးထားပြီး သူပြောတာတွေကို စိတ်ဝင်စားတဲ့ပုံပေါ်ပါစေ။ တစ်ဖက်လူပြောနေတဲ့အချိန်မှာ တခြားနေရာတွေကို လျှောက်ကြည့်နေတာမျိုးမလုပ်မိပါစေနဲ့။ တစ်ဖက်လူကိုအရှေ့မှာထားပြီး ဖုန်းသုံးနေတာမျိုးလည်း ဘယ်တော့မှမလုပ်မိပါစေနဲ့။

ပြန်တော့မယ်ဆိုရင်လည်း တော်တော်များများက သွားပြီနော်တို့၊ တာ့တာတို့ပဲပြောကြတာများပါတယ်။ ဒီလိုပြောမယ့်အစား သေချာဂရုစိုက်ပြန်ဖို့မှာတာမျိုး၊ နှုတ်ဆက်တာမျိုးက သင့်ကိုပိုပြီးအမှတ်ရစေပါတယ်။ ပြန်ရောက်သင့်တဲ့အချိန်တွေဆိုလည်း ပြန်ရောက်ပြီလားဆိုတာလေးကို ဂရုစိုက်ပြီးမေးပေးပါ။ အဲ့နောက်ပိုင်းမှာတော့ သင်နဲ့ သင့် Crush နဲ့ရှေ့ဆက်ဖို့၊ အဆင်ပြေဖို့က 98% လောက်သေချာနေပါပြီနော်။

Hamny


we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။