ဂျပန်နိုင်ငံက ကမ္ဘာ့ကြောက်စရာအကောင်းဆုံး သရဲအိမ်

ကျွန်တော်တို့မြန်မာနိုင်ငံမှာရှိတဲ့ သရဲအိမ်တွေမှာတောင် အသံပြဲနဲ့အော်ကြတာဆိုတော့... ဒီလို ကမ္ဘာ့ကြောက်စရာအကောင်းဆုံးဆိုရင်တော့ မတွေးရဲစရာပါပဲ…။ အခုပြောပြပေးမှာကတော့ ဂျပန်နိုင်ငံဖူဂျီတောင်ခြေရင်းနားက Fuji-Q Highland ဆိုတဲ့ ကစားကွင်းအတွင်းမှာရှိတဲ့ နာမည်ကြီး Labyrinth of Fear လို့ခေါ်တဲ့သရဲအိမ်ပါ…။

အကွာအဝေး တစ်ကီလိုမီတာခန့်ကို ခြေလျင်ဖြင့်ဝင်ရောက်ရမှာဖြစ်ပြီး မိနစ် ၅၀ မှ တစ်နာရီခန့်ကြာမြင့်မှာပါ…။ ခြောက်ခြားစရာအပြင်အဆင်နဲ့ တကယ့်သရဲလားမှတ်ရတဲ့ ခြောက်လှန့်မှုများကြောင့် အပြင်ပြန်ထွက်လာတဲ့အခါ ငိုကြယိုကြနဲ့ အမှတ်တရဖြစ်နေမယ့် နေရာတစ်ခုဖြစ်ပါတယ်…။

ကြောက်စရာဆေးရုံပုံသဏ္ဌာန်ဖန်တီးထားခြင်းကြောင့် ဆရာဝန်များ၊ သူနာပြုသရဲများ၊ သေဆုံးနေတဲ့ လူနာပြကွက်များက ပီပြင်လှပြီး တကယ်လားထင်မှတ်ရလောက်အောင် သင့်ကိုခြောက်ခြားစေမှာပါ…။ တစ်ယောက်ကို ဂျပန်ငွေ ယန်း ၁၀၀၀  (ဆိုတော့ကာ မြန်မာငွေ ၁သောင်းကျော်လောက်) ပေးရမည်ဖြစ်ပြီး မနက် ၉:၀၀ နာရီကနေ ညနေ ၆:၀၀ ထိဖွင့်ပါတယ်…။ တစ်နေ့ကို လူ ၁၀၀၀ မှ အများဆုံး ၁၅၀၀ အထိသာလက်ခံတယ်လို့သိရပါတယ်။ သွားတဲ့လူများပြားတဲ့အတွက် လက်မှတ်တန်းစီတဲ့အဆင့်မှာတင် ၂နာရီနီးပါးကြာတယ်လို့ဆိုပါတယ်။

အရမ်းကြောက်ဖို့ကောင်းတဲ့အတွက် ဝင်ရောက်လာကြတဲ့သူတွေဟာ ကြောက်လန့်ပြီး သူရဲအိမ်ထဲက သူရဲအဖြစ်သွားလာနေတဲ့ ဝန်ထမ်းတွေကို တိုက်ခိုက်ပြီးထွက်ပြေးကြတဲ့အထိဖြစ်ကြပါတယ်။ ဒါကြောင့်မို့လို့ ဝန်ထမ်းများကို ရန်မပြုဘဲ ထွက်ချင်ပါက emergency exit အပေါက်များထားပေးထားကြောင်း ထိုအပေါက်များမှတစ်ဆင့် အပြင်သို့ထွက်နိုင်ကြောင်း အသိပေးထားပါတယ်။ 

ဒီသရဲအိမ်ကို သွားရောက်ချင်သူများ https://www.fujiq.jp/special/senritsu/ မှာ စုံစမ်းပြီး သွားရောက်လေ့လာနိုင်ပါတယ်နော်…။