တောင်ယာထမင်းဝိုင်း

တောင်ယာဟင်း

 ပါဝင်ပစ္စည်းများ

ပုစွန်  Prawn ၇ / ၈ ကောင်
ပိန္နဲသီးနုနု  Jackfruit ၂ကွင်း
ဆူးပုတ်ရွက်  concinna leaves ၂စီး
ကြက်သွန်နီ Onion  ၁လုံး
ကြက်သွန်ဖြူ Garlic  ၂မွှာ
ခရမ်းချဉ်သီး Tomato  ၂လုံး
ချင်း Ginger  ၂ပြား
ခရမ်းသီး Eggplant  ၁လုံး
ခရမ်းကြွတ်သီး Thai Eggplant  ၅လုံး
ကောက်ရိုးမှို Straw Mushroom ၇ / ၈လုံး
ငရုပ်သီးစိမ်း/အနီ  Chilli ၁၀တောင့်
နနွင်းမှုန့် Tumeric Powder  ၁ဇွန်း(လဘက်ရည်ဇွန်း)

ပြုလုပ်ပုံ

၁ ။ ပိန္နဲသီးကိုအခွံခွာပြီးအသားများကို အနေတော်တုံးထားပါ။ ရေဆူနေသောအိုးထဲကို ပိန္နဲသီးထည့်၃မိနစ်ခန့်ပြုတ်ပြီးအအေးခံထားပါ(ပိန္နဲသီးကြိုပြုတ်ထားရခြင်းက အသီးရဲ့အစေးများထွက်စေရန်အတွက်ဖြစ်ပါတယ်)။ ပုစွန်ကို ဆား၊ အသားမှုန့်၊ တို့ဖြင့် နယ်ပါ။

၂ ။ ချင်းကိုဓားပြားရိုက်ပြီး ပုစွန်နှင့်အတူ ရေပါသည်ဆိုရုံလေးပြုတ်ပါ။ ရေနွေးပွတ်ပွတ်ဆူလာပါက(ပုစွန်အသားသည်နူးညံ့သောကြောင့် ကြာကြာပြုတ်စရာမလိုပါ) ပါးပါးလှီးထားသောကြက်သွန်နီ၊ ထောင်းထားသောကြက်သွန်ဖြူနှင့် ငရုတ်သီး ထည့်ကာအဖုံးအုပ်ထားပါ။ 

၃ ။ ဆား၊ ငံပြာရည်၊ ငါးအသားမှုန့်တို့ထည့်ပြီး မွှေပါ။ ခရမ်းသီး၊ ခရမ်းကြွတ်သီး၊ ရွှေဖရုံသီးထည့်ပါ။ အနည်းငယ်နူးလာပါက(အသီးနှံများ အရမ်းနူးစရာမလိုပါ။ အရမ်းနူးအိရင်စားလို့မကောင်းပါ။) လေးစိတ်ခွဲခရမ်းချဉ်သီးနှင့် ဆူးပုတ်ရွက်၊ ကောက်ရိုးမှို တွေထည့်ပြီး နှံ့အောင်မွှေလိုက်ပါ။ လှီးထားသောပိန္နဲသီးတွေထည့်ပြီး ရောမွှေပေးပါ။ အရသာမြည်းပြီး သုံးဆောင်နိုင်ပါပြီ။

တောင်ယာ ငါးခြောက်ခရမ်းချဉ်သီး

ပါဝင်ပစ္စည်းများ

ငါးခြောက်  Dried Fish ၅ကျပ်သား
ကိုင်းခရမ်းချဉ်သီး  Tomato ၅လုံး
ငရုပ်သီးစိမ်း Chilli  ၇ တောင့်
ဆီ Oil  ၄ဇွန်း(ထမင်းစားဇွန်း)
ငရုပ်သီးအစိမ်းမှုန့် Chilli Powder  ၂ဇွန်း(လဘက်ရည်ဇွန်း)
ဆား Salt  ၁ဇွန်း(လဘက်ရည်ဇွန်း)
အသားမှုန့်  Chicken Powder ၁ဇွန်း(လဘက်ရည်ဇွန်း)
ကြက်သွန်ဖြူ Garlic  ၂မွှာ
ကြက်သွန်နီ Onion  ၁လုံး
ပဲငံပြာရည် Soy Sauce  ၂ဇွန်း(လဘက်ရည်ဇွန်း)

 

ပြုလုပ်ပုံ

၁ ။ ကြက်သွန်ဖြူနှင့် ကြက်သွန်နီကို ငရုပ်သီးအစိမ်းမှုန့်နဲ့ ရောထာင်းထားပါ။ နှစ်သက်ရာငါးခြောက်ကို အနေတော်အတုံးလေးများတုံးထားပါ။ ခရမ်းချဉ်သီးကို အတုံးသေးများတုံးထားပါ။ 

၂ ။ မီးဖိုပေါ်ဆီပူအောင်ထားပါ။ ဆီပူလာရင် ထောင်းထားသော ငရုပ်သီးအနှစ်ထည့်ပြီး ဆီသပ်ပါ။ ငရုပ်သီးစိမ်းနံ့ပျောက်လာအောင်ဆီသပ်ပါ။ အနံ့လေးမွှေးလာရင် ခရမ်းချဉ်သီးထည့်ပြီး ကြေအောင်မွှေပေးပါ။ 

၃ ။ ခရမ်းချဉ်သီးများကြေလာရင် ငါးခြောက်အတုံးများထည့်ပါ။ ဆား၊ အသားမှုန့်၊ ပဲငံပြာရည်တို့ကို ထည့်ပြီးမွှေပါ။ ဆီပြန်ပြီး ငါးခြောက်များကျက်လာရင် ငရုပ်သီးစိမ်း ဓားပြားရိုက်ထားတာ ထည့်ပြီးမီးပိတ်လိုက်ပါ။

ကြက်သားရွှေဖရုံသီးဟင်း

ပါဝင်ပစ္စည်းများ

ကြက်သား  Chicken ၁၀သား
ရွှေဖရုံသီး Yellow Pumpkin   ၁စိပ်
ကြက်သွန်နီ  Onion ၁လုံး
ကြက်သွန်ဖြူ Garlic  ၂မွှာ
နနွင်းမှုန့် Tumeric Powder  ၁ဇွန်း(လဘက်ရည်ဇွန်း)
ဆား  Salt ၁ဇွန်း(လဘက်ရည်ဇွန်း)
ဆီ Oil  ၃ဇွန်း(ထမင်းစားဇွန်း)
အသားမှုန့် Chicken Powder  ၁ဇွန်း(လဘက်ရည်ဇွန်း)

 

ပြုလုပ်ပုံ

၁ ။ ကြက်သားကို အနေတော်အတုံးလေးများတုံးပြီး သန့်စင်ထားပါ။ ရွှေဖရုံသီးကို အနေတော်အတုံးများတုံးထားပါ။ ကြက်သွန်နီ၊ ကြက်သွန်ဖြူကို နုတ်နုတ်စဉ်းထားပါ။ 

၂ ။ မီးဖိုပေါ်တွင် ဆီပူလာအောင်ထားပါ။ ဆီပူလာပါက ကြက်သွန်ဖြူ၊ ကြက်သွန်နီတို့ထည့်ပြီး ဆီသပ်ပါ။ ကြက်သားထည့်ပါ။ နနွင်းမှုန့်ထည့်ပြီး နှံ့အောင်မွှေပါ။ 

၃ ။ ၁၀မိနစ်ခန့်ကြာရင် ကြက်သားများ အရောင်ပြောင်းလာပါကရွှေဖရုံသီးထည့်မွှေပါ။ ရေအနည်းငယ်ထည့်မွှေပါ။ အနည်းငယ်နူးလာပါက ဆား၊ အသားမှုန့်တို့ထည့်ပြီး အရသာမြည်းပါ။ ၁၀မိနစ်မှ ၁၅မိနစ်အတွင်းထားပါ။ အသားနှင့် အသီးနူးရန်အတွက်ပါ။ အရသာကို အပေါ့အငံမြည်းပါ။ အရသာအနေတော်ဖြစ်ပါက သုံးဆောင်နိုင်ပါပြီ။

မျှစ်ဝါနုနုသုပ်

ပါဝင်ပစ္စည်းများ

မျှစ်ဝါနုနု  Bamboo Shoot ၅ကျပ်သား
ကြက်သွန်နီ  Onion ၂လုံး
အသားမှုန့် Chicken Powder  ၁ဇွန်း(လဘက်ရည်ဇွန်း)
ဆီ Oil  ၂ဇွန်း
ဆား Salt  ၁ဇွန်း(လဘက်ရည်ဇွန်း)
ငရုပ်သီးအနီတောင့် Red Chilli  ၅တောင့်

 

ပြုလုပ်ပုံ

၁ ။ ကြက်သွန်နီ၁လုံးကို ဆီချက်ချက်ထားပြီး ၁လုံးကို ပါးပါးလှီးထားပါ။ ဆီစိမ်းမသုံးပါနှင့်။ ဆီစိမ်းသုံးရင် အသုပ်၏အရသာပျက်သွားပါလိမ့်မယ်။ မျှစ်ဝါနုနုကို ရေနွေးဆူဆူထဲကို ၅မိနစ်ခန့်ပြုတ်လိုက်ပါ(မျှစ်ကိုအစိမ်းသုံးပါက အရသာပူပါတယ်။ ဗိုက်လဲနာစေသောကြောင့် ပြုတ်ခိုင်းခြင်းဖြစ်ပါတယ်)။  မျှစ်ကို အအေးခံပြီး အမျှင်မျှင်ထားပါ။  ငရုပ်သီးအနီတောင့်ကိုပါးပါးလှီးထားပါ။

၂ ။ ပန်းကန်၁လုံးထဲ မျှစ်ဝါ၊ ဆား၊ အသားမှုန့်၊ ဆီချက်၊ ငရုပ်သီးအနီ၊ ကြက်သွန်နီနှင့် သံပုရာသီးအနည်းငယ်ထည့်ပြီး နယ်လိုက်ပါ။ အပေါ်ကနှမ်းနက်လေးဖြူးပြီး သုံးဆောင်ပါက အရသာရှိသော မျှစ်ဝါသုပ်ကိုရရှိပါပြီ။

ငပိအစပ်ထောင်း

ပါဝင်ပစ္စည်းများ

ပုစွန်ငပိ  Shrimp Paste ၂ဇွန်း(ထမင်းစားဇွန်း)
ငရုပ်သီးစိမ်း  Chilli ၁၀တောင့်
ကြက်သွန်ဖြူ  Garlic ၂မွှာ
ပုစွန်ခြောက်မှုန့် Dried Prawn Powder  ၁ဇွန်း(ထမင်းစားဇွန်း)
အသားမှုန့်  Chicken Powder ၁ဇွန်း(လဘက်ရည်ဇွန်း)
သံပုရာသီး Lime  ၁လုံး

ပြုလုပ်ပုံ

၁ ။ ပုစွန်ငပိကို မီးကင်ပြီး ငရုပ်သီးစိမ်းကို လှော်ထားပါ။

၂ ။ ကြက်သွန်ဖြူနှင့် ငရုပ်သီးစိမ်းကို ညက်အောင်ထာင်းပါ။ ညက်လာပါက ပုစွန်ခြောက်မှုန့်၊ ကင်ထားသောငပိ၊ အသားမှုန့်တို့ကိုထည့်ပြီး သမအောင်အနည်းငယ်ထောင်းပေးပါ။

၃ ။ စားသုံးပါက သံပုရာသီးလေး အရည်ညှစ်ပြီး သုံးဆောင်နိုင်ပါပြီ။

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။