ဆံကေသာအတွက်အုန်းဆီကိုသေချာသုံးပေးမယ်ဆိုရင် ရရှိလာမယ့်အကျိုးကျေးဇူးများ

အုန်းဆီဆိုတာ ဟိုးအရင်ထဲက ဆံကေသာအတွက်အဓိကထားပြီး အသုံးပြုတဲ့အရာတစ်ခုလို့လည်း ဆိုလို့ရပါတယ်။ အခုနောက်ပိုင်းမှာတော့ အုန်းဆီကိုဆံသားမှာ လိမ်းထားပေးတယ်ဆိုတာမျိုးက တော်တော်လေးကိုရှားပါးလို့လာပါပြီ။ အကျိုးကျေးဇူးတွေ အများကြီးရှိနိုင်တဲ့ အုန်းဆီက ဆံကေသာအတွက်နည်းလမ်းအမျိုးမျိုးနဲ့ အကျိုးပြုနေတဲ့အကြောင်းအရာတွေကို ဖော်ပြပေးလိုက်မယ်နော်။

ဆံပင်ကျွတ်တာတွေကိုသက်သာစေဖို့အတွက်ဆိုရင်လည်း အုန်းဆီကိုအသုံးပြုပေးလို့ရပါတယ်။ အရင်ဆုံးခေါင်းကိုအရင်လျှော်ပေးလိုက်ပါ။ ဆံပင်တွေကိုရေခြောက်အောင်ပြန်လုပ်ပြီး ဦးရေပြားပေါ်မှာ အပူပေးထားတဲ့ အုန်းဆီနွေးနွေးလေးကိုလိမ်းပြီး ၁၀ မိနစ်လောက် နှိပ်နယ်ပေးလိုက်ပါ။ နှိပ်ပြီးသွားရင် ၃ နာရီလောက်ထားပြီး နောက်တစ်ခေါက်ခေါင်းလျှော်ပေးလိုက်ပါ။ တစ်ပတ်တစ်ခါလောက် ပုံမှန်လုပ်ပေးမယ်ဆိုရင်တော့ ဆံပင်ကျွတ်တာတွေကို သိသိသာသာလျော့နည်းလာစေမှာပဲဖြစ်ပါတယ်။ 

ပျက်စီးနေတဲ့ဆံသားတွေကို ပြန်လည်ကောင်းမွန်လာစေဖို့အတွက်ဆိုရင် ဆံသားနဲ့ ဦးရေပြားတွေမှာ အုန်းဆီကိုနှံ့စပ်အောင်လိမ်းထားပေးပြီး တစ်ညလုံးထားထားပေးလိုက်ပါ။ နောက်တစ်နေ့မနက်မှာ ခေါင်းကိုလျှော်နေကျခေါင်းလျှော်ရည်နဲ့ပဲ သေချာလျှော်ပေးလိုက်မယ်ဆိုရင် ဆံသားပျက်စီးတာတွေကို သက်သာလာစေမှာပါ။ တစ်ပတ်မှာ နှစ်ခါလောက် ခေါင်းလျှော်မယ့်အချိန်တိုင်းမှာ လုပ်ပေးလို့ရပါတယ်နော်။

ဗောက်ထတဲ့ပြဿနာတွေကို ကြုံတွေ့နေရပြီဆိုရင်လည်း အုန်းဆီကိုရှောက်သီးအရည်နဲ့ရောပြီး ဦးရေပြားပေါ်မှာလိမ်းထားပေးလိုက်ပါ။ လိမ်းထားပြီးသွားတဲ့အချိန်မှာလည်း ဦးရေပြားကိုညင်သာစွာနှိပ်နယ်ပေးလိုက်ပါ။ မိနစ် ၂၀ လောက်အချိန်ထားထားပြီးသွားတဲ့အချိန်မှာ ပြန်ပြီးတော့ခေါင်းလျှော်ပေးလိုက်ပါ။ တစ်ပတ်မှာ နှစ်ကြိမ်လောက်လုံးပေးမယ်ဆိုရင်တော့ ဆိုးရွားတဲ့ဗောက်ထတဲ့ပြဿနာကို ပြေလည်သွားစေမှာပဲဖြစ်ပါတယ်။

အုန်းဆီကို ခေါင်းလျှော်ခါနီးအချိန်တိုင်းမှာ လိမ်းထားပေးပြီးမှာ ခေါင်းကိုသေချာလျှော်ပေးမယ်ဆိုရင် ဆံသားပျက်စီးတာတွေ ခြောက်သွေ့တာတွေကိုလျော့နည်းသွားစေတာကြောင့် ခေါင်းလျှော်ခါနီးအချိန်တိုင်းမှာ လုပ်ပေးသင့်တယ်လို့ အကြံပေးချင်ပါတယ်နော်။ 






we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။