အညိုစင်လေးတွေနဲ့လိုက်ဖက်မှုရှိတဲ့ ဖက်ရှင်ကာလာ (၇) မျိုး

အသားဖြူတဲ့သူတွေနဲ့အသားညိုတဲ့သူတွေဆိုရင် အသားညိုတဲ့သူတွေက ပိုပြီးဆွဲဆောင်မှုရှိတာကို အားလုံးလည်းသိပြီးသားဖြစ်မှာပါ။ တချို့ကတော့ အသားညိုပေမယ့်လည်း ကာလာမရွေးဝတ်ဆင်ကြတယ်။ တချို့ကျတော့လည်း အသားညိုလို့ဆိုပြီး ဝတ်လိုက်ရင်မလိုက်မှာကို စိုးရိမ်နေကြတယ်။ ဒါကြောင့် အညိုစင်လေးတွေနဲ့ လိုက်ဖက်မှုရှိစေမယ့် ဖက်ရှင်ကာလာ (၇) မျိုးကို ရွေးချယ်ပေးလိုက်ပါတယ်။

အပြာရောင်

အသားညိုတဲ့သူတွေက ယောင်္ကျားပဲဖြစ်ဖြစ်၊ မိန်းကလေးပဲဖြစ်ဖြစ် အပြာရောင်နဲ့လိုက်ဖက်မှုရှိပါတယ်။ အပြာရောင်က ဝတ်လိုက်တာနဲ့ လင်းသွားတာဖြစ်လို့ အသားကိုလည်းလတ်သွားစေပါတယ်။ တချို့ကအသားမဲရင် အသားညိုရင် အပြာနဲ့မလိုက်ဘူး။ ပိုမဲသွားမယ်လို့ပြောကြတယ်။ တကယ်တော့ ဒါကလွဲမှားတဲ့အယူအဆပါ။

စစ်စိမ်းရောင်

အသားညိုတဲ့သူတွေက စစ်စိမ်းရောင်နဲ့လိုက်ဖက်မှုရှိစေပါတယ်။ အသားဖြူသယောင်ဖြစ်သွားတာမျိုးမဟုတ်ပေမယ့် အသားညိုတဲ့သူတွေ စစ်စိမ်းရောင်ဝတ်လိုက်ရင် ယောင်္ကျားလေးပဲဖြစ်ဖြစ်၊ မိန်းကလေးပဲဖြစ်ဖြစ် ဆွဲဆောင်မှုရှိစေပါတယ်။

ခဲရောင်

ခဲရောင်လေးကလည်း အသားညိုတဲ့သူတွေနဲ့ လိုက်ဖက်မှုရှိပါတယ်။ ခဲရောင်ကျတော့ ခဲအဖျော့ထက် ခဲအရင့်နဲ့ဆို ပိုလိုက်ဖက်မှုရှိပါတယ်။ ခဲရောင်လေးကျတော့ ထသွားထလာထုတ်ဝတ်လို့ရတော့ အဆင်လည်းပြေစေတယ်လေ။

အနီရောင်

အသားညိုတဲ့သူတွေဆိုရင် အနီရောင်လေးနဲ့လည်း လိုက်ဖက်မှုရှိပါတယ်။ အနီရောင်လေးက ဝတ်လိုက်တာနဲ့ တောက်ပြီးလင်းသွားစေတဲ့အတွက် အသားညိုတဲ့သူတွေအလိုက်ဖက်ဆုံးပါပဲ။ ဆွဲဆောင်မှုရှိစေတဲ့အရောင်လေးဆိုရင်လည်း မမှားပါဘူး။

ပန်းခရမ်းရောင်

အသားညိုတဲ့မိန်းကလေးတွေဆိုရင် ပန်းခရမ်းရောင်လေးကိုလည်း ဝတ်ဆင်သင့်ပါတယ်။ အသားညိုတဲ့သူတွေက သူများထက်ပိုပြီးဆွဲဆောင်မှုရှိစေတယ်လေ။ မြန်မာဝတ်စုံလေးတွေဝတ်မယ်ဆိုရင် ပန်းခရမ်းရောင်လေးကို ဝတ်ဖို့မမေ့နဲ့နော်။

အဝါနုရောင်

အဝါရောင်ထဲမှာမှ အဝါနုရောင်လေးတွေက အသားညိုတဲ့သူတွေနဲ့ လိုက်ဖက်မှုရှိပါတယ်။ ဒီအရောင်လေးတွေကျတော့ ဝတ်လိုက်ရင် အသားကိုလင်းသွားစေတဲ့အတွက် အသားညိုတဲ့သူတွေနဲ့ လိုက်ဖက်တာပါ။

ခရင်မ်အရောင်

အဖြူရောင်ထက်စာရင် ခရင်မ်အရောင်လေးတွေက အသားညိုတဲ့သူတွေနဲ့ ပိုလိုက်ဖက်မှုရှိစေပါတယ်။ တချို့က အသားညိုရင် ဒီလိုအရောင်တွေဝတ်လိုက်ရင် ပိုညိုသွားမယ်လို့ထင်ကြတယ်။ တကယ်တော့ အသားညိုတဲ့သူတွေ ခရင်မ်အရောင်ဝတ်ရင် ဆွဲဆောင်မှုရှိစေတာပါ။

 

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။